DVB Logo
Home
မြန်မာသတင်း
သဘောထားကွဲနေသည့် သတင်းမီဒီယာ ဥပဒေကြမ်း လွှတ်တော်တွင် အဆုံးအဖြတ်ယူမည်
DVB
·
February 4, 2014
သဘောထားကွဲနေသည့် သတင်းမီဒီယာ ဥပဒေကြမ်း လွှတ်တော်တွင် အဆုံးအဖြတ်ယူမည်
Donate to DVB

သတင်းမီဒီယာ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်နှစ်ရပ် အကြား သဘောထားကွဲလွဲနေတဲ့ အချက်ကို   ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဖို့ အမျိုးသားလွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

DSC02538 copyဒီကနေ့ မနက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် က ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့ထားတဲ့  သတင်းမီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်တို့ အကြား သဘောထား ကွဲလွဲနေတဲ့ အချက်ကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဖို့ ဆုံးဖြတ်လိုက်တာပါ။

မီဒီယာဥပဒေကြမ်း အခန်း ၁၀၊ ပုဒ်မ ၃၂ ပါ ဥပဒေအရ တားမြစ်ပိတ်ပင်ထားတဲ့ ပြစ်မှုအတွက် အရေးယူခံရသည့် သတင်းစာ ဂျာနယ်စာစောင် စတဲ့ မီဒီယာ ဆိုင်ရာပစ္စည်းများကို ရှာဖွေသိမ်းဆည်းရာမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့ အညီ ဆောင်ရွက်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ပတ်သက်ပြီး  လွှတ်တော်နှစ်ရပ်အကြား သဘောမတူနိုင်ဖြစ်နေတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က  ခုလို ပြောပါတယ်။

“ကျနော်တို့က မီဒီယာဥပဒေမှာ မူလတုန်းက မီဒီယာအမှုအခင်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းတဲ့အခါမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ ဥပဒေများနဲ့အညီ ဆောင်ရွက်ရမယ်ဆိုတဲ့ အပုဒ် တပိုဒ်ပါတယ်လေ။ အဲဒါမလိုအပ်ဘူးဆိုပြီး ပြည်သူ့လွှတ်တော်က သဘောထားမှတ်ချက်မှာ ဖြုတ်လိုက်တယ်။ ကျနော်တို့ အမျိုးသားလွှတ်တော်ကတော့ အဲဒါဟာ ပါဖို့သင့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေမှာဖော်ပြထားတဲ့ အမှုတွေက ရဲအရေး မပိုင်တဲ့အမှုတွေ ဖြစ်နေတဲ့အတွက် ရှာဖွေသိမ်းဆည်းတဲ့အခါမှာ တခြားနည်းနဲ့မဟုတ်ဘဲနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ရှာဖွေ သိမ်းဆည်းရမယ်လို့ ထည့်ထားလိုက်ခြင်းဟာ ပိုအဆင်ပြေတယ်ဆိုပြီး အဲဒါကို မူလပြဋ္ဌာန်းချက်အတိုင်း ထားလိုက်တယ်။”

ဒီပြဋ္ဌာန်းချက်ကလွဲပြီး ဥပဒေမူကြမ်းပါ  တခြားပြဋ္ဌာန်းချက်တွေကိုတော့ လွှတ်တော် နှစ်ရပ်အကြား သဘောတူညီမှုရထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကတော့ ဒီပြဋ္ဌာန်းချက်ဟာ သတင်းနဲ့ မီဒီယာတွေအတွက် အရေးကြီးလို့ ထည့်သွင်းပြဋ္ဌာန်းဖို့ လိုတယ်လို့ ပြောပါတယ်။

“သတင်းမီဒီယာမှ မဟုတ်ဘူး၊ ဘယ်စီးပွားရေးလုပ်ငန်းပဲ ဖြစ်ဖြစ် လုပ်လုပ်၊ ဘယ်မှုခင်း ကိစ္စနဲ့ သိမ်းသိမ်း ရှာဖွေစစ်ဆေးပုံစံနဲ့ပဲ သိမ်းရတယ်။ သတင်းမီဒီယာလုပ်ငန်း လုပ်နေတဲ့သူတွေက ပုံနှိပ်စက်တွေ၊ လုပ်ငန်းတွေ ရှိတယ်။ ပုံနှိပ်လုပ်ငန်းတွေကို အရင်အစိုးရလက်ထက်က တခုခုဖြစ်လို့ ချိပ်ပိတ်သိမ်းတယ်ဆိုရင် ရှာဖွေပုံစံမပါဘဲ သိမ်းသွားပြီး အဲဒါတွေက စာရင်းပျောက်ဖြစ်ပြီး ရောင်းစားလိုက်တာတွေ ရှိတယ်။ ဒါက ကျနော်တို့ ဥပဒေမှမဟုတ်ဘူး၊ ကျန်တဲ့ ဥပဒေတွေမှာလည်း ဒီအတိုင်းပဲ။ ဘယ်ပစ္စည်းသိမ်းသိမ်း သူ့ရဲ့ ရှာဖွေသိမ်းဆည်းပုံစံနဲ့ သိမ်းရမှာပဲ။ အဲဒါကို ကန့်ကွက်တယ်ဆိုရင် ပြည်သူ့လွှတ်တော်က ဥပဒေမဲ့ လုပ်ချင်တဲ့သဘောမျိုး ဆန်သွားနိုင်တယ်။ စွပ်စွဲတာမဟုတ်ဘူး။ ဥပဒေကြောင်းကိုက ရှာဖွေသိမ်းဆည်းပုံစံနဲ့ လုပ်ရတာ။ ဒါမှမဟုတ်ရင် ၀င်ပြီး အနုကြမ်းစီးသလို သိမ်းသွားတာမျိုး ဖြစ်သွားနိုင်တယ်။ သတင်းသမားတွေနဲ့ သတင်းလုပ်ငန်းတွေအားလုံးက ချိတ်ဆက်နေတာ။ ပုံနှိပ်စက်တွေ၊ ရုံးထဲမှာရှိတဲ့ ကွန်ပျူတာတွေ အားလုံးကို ဘာမှမပြောဘဲ ၀င်သိမ်းသွားရင် ဘယ်လိုလုပ်မှာလဲ။”

သတင်းမီဒီယာ ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက  ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက်တွေနဲ့ အတည်ပြုလိုက်ပြီးနောက် အမျိုးသားလွှတ်တော်ကို ပြန်လည်ပေးပို့ထားတာဖြစ်ပါတယ်။

မီဒီယာ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာဆက်လက် ဆွေးနွေးမဲခွဲဆုံးဖြတ်ဖို့ရှိနေပြီး လက်ရှိ ကျင်းပနေတဲ့ လွှတ်တော် သက်တမ်းအတွင်း အတည်ပြုနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက မျှော်မှန်းထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013