DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် ရာဘ ၁ သန်းကျော် သယ်ဆောင်သူကို အသေပစ်ခတ် ဖမ်းမိ
DVB
·
February 4, 2014
ထိုင်း-မြန်မာနယ်စပ်တွင် ရာဘ ၁ သန်းကျော် သယ်ဆောင်သူကို အသေပစ်ခတ် ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ကနေ ရာဘ ခေါ် မြင်းဆေး အလုံးရေ ၁ သန်းနဲ့ ၂ သိန်းကို သယ်ဆောင်လာတဲ့ လူရွယ်တဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းမူးယစ် ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

အဲဒီ မူးယစ်ဆေးတွေကို ဖေဖော်ဝါရီ ၃ ရက် ည ၁၁ နာရီအချိန်က ထိုင်းနိုင်ငံ မြောက်ပိုင်း လမ်ပွန်းခရိုင် မဲ့ထားမြို့နယ် ထာ့ဆုပ်ဆောက် စစ်ဆေးရေးဂိတ်အလွန်မှာ ဖမ်းမိခဲ့တာလို့ အမှတ် ၅ ခရိုင် မူးယစ်ရဲတပ်ဖွဲ့က ဒု ရဲမှူးကြီး ချမ်းနန်လုတ်လျိုးက ထိုင်းသတင်း ထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင်က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ရိုင် ဖုတ်ဖရမြို့နယ်မှာ နေထိုင်သူ အသက် ၂၆ နှစ်ရှိ ထိုင်းနိုင်ငံသား နိုင်းနုတ်ဖွန်း ဖစ်ခ်ျခီရိဆိုသူဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တယ်လို့ ကြိုတင် သတင်းရထားတဲ့အတွက် ထိုင်းရဲတွေက သူနောက်ကို ခြေရာခံလိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေ့က ချင်းရိုင်းခရိုင်ကနေ ထွက်ခွာလာတဲ့ အဲဒီ ငွေရောင်တိုယိုတာ ကားနောက်ကို မလှမ်းမကမ်းကနေ လိုက်လာခဲ့ရာမှာ စစ်ဆေးရေးဂိတ်မှာ ရဲတွေက တားဆီးတာကို ဖြတ်ပြေးခဲ့တယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးတဲ့အတွက် ၁ ကီလိုမီတာအကွာမှာ သူက ကားကို ရပ်ပြီး ထွက်ပြေးသလို သေနတ် ၁ ချက် ခုခံ ပစ်ခတ်တဲ့အတွက် ရဲဘက်ကလည်း ပြန်ပစ်ခဲ့ကြောင်း၊ ရဲဘက်က ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ကားမောင်းသူကတော့ နောက်ကျောကနေ ရှေ့ရင်ဘတ်ထိ ကျည်ဖောက်ထွက်ပြီး နေရမှာတင် သေဆုံးသွားတယ်လို့ အမှတ် ၅ ခရိုင် ဒုရဲမှူးကြီးက ပြောပါတယ်။

ကားကို စစ်ဆေးရာမှာ ပလစ်စတစ်အိတ်ခြင်းထဲ ထည့်ထားတဲ့ အိတ်ပေါင်း ၁၂ လုံးကို တွေ့ရှိရပြီး အိတ် ၁ လုံးစီမှာ ရာဘအလုံးရေ ၁ သိန်းစီ ရှိကြောင်း၊ ကာလတန်ဖိုး ဘတ်သန်းပေါင်း ၁၀၀ ခန့်ရှိကြောင်း၊ ရာဘရဲ့ အမှတ်တံဆိပ်ကို ကြည့်ခြင်း အားဖြင့် ထိုင်းဘက်က အလိုရှိနေတဲ့ တဘက်နိုင်ငံက ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူး ယီ့ဆေးအဖွဲ့က လာတာ ဖြစ်နိုင်ကြောင်း ရဲမှူးကြီးက ခန့်မှန်း ပြောဆိုပြီး နောက်ထပ် ကွင်းဆက်တွေ ဖမ်းမိအောင် ကြိုးစားသွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013