DVB Logo
Home
မြန်မာသတင်း
ယူနတီသတင်းထောက် မိသားစုဝင်အချို့ ခရီးမထွက်ရန် တားဆီးခံရ
DVB
·
February 4, 2014
ယူနတီသတင်းထောက် မိသားစုဝင်အချို့ ခရီးမထွက်ရန် တားဆီးခံရ
Donate to DVB

နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ ပေါက်မြို့နယ် သတင်းထောက် ဦးလူမော်နိုင်နဲ့ အမျိုးတော်စပ်သူ မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်နေသူ ဦးအောင်ကျော်ကျော်ကို ခရီးမထွက်ဖို့ အာဏာပိုင်တွေက တားဆီးထားပါတယ်။

Unity copyမကွေးတိုင်း ပေါက်မြို့နယ်အနီး တည်ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်း ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ်ရဲ့ ပေါက်မြို့နယ် သတင်းထောက်ကို မြို့နယ်တရားရုံးက နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ပခုက္ကူထောင်မှာ အမှုဖွင့်စစ်ဆေးနေပြီ ရပ်နီးရပ်ဝေးမှာရှိတဲ့ အမျိုးတော်စပ်သူတွေကိုလည်း ခရီးမသွားကြဖို့ အာဏာပိုင်တွေ တားဆီးလိုက်တာ ဖြစ်ပါတယ်။

ခရီးမသွားဖို့ တားမြစ်ထားပေမယ့် အကူအညီလိုအပ်ရင် သွားပေးရမှာပဲလို့ မကွေးမြို့ ရန်မျိုးအောင်ရပ်ကွက်နေ အစ်ကိုဖြစ်သူ ဦးအောင်ကျော်ကျော်က အခုလို ပြောပါတယ်။

“ကျနော့်ကို မကွေးတိုင်း အက်စ်ဘီရုံးက လာပြီးတော့ ပခုက္ကူထောင်ကို လိုက်မသွားဖို့၊ ပေါက်မြို့နယ်ကို မသွားဖို့ လာတားတယ်။ ကျနော်ကတော့ ဒီလို ပြောလိုက်တယ်။ ကျနော်ဟာ အစ်ကိုအကြီးဆုံး ဖြစ်တဲ့အတွက် မိသားစုထဲမှာ တာဝန်ရှိတယ်။ လိုအပ်ရင် ကျနော် သွားရလိမ့်မယ်။ အခုကိစ္စနဲ့ ပတ်သက်လို့ သူတို့ အကူအညီတောင်းရင် ကျနော် သွားကို သွားရမယ်။ အဲလိုသွားတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းမယ်ဆိုရင်လည်း ဖမ်းနိုင်တယ်လို့ ကျနော်ပြောလိုက်တယ်။”

ရန်ကုန်အခြေစိုက် ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၃ ဦးကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက စစ်ဆေးမေးမြန်ဖို့ ခေါ်သွားတာ ၄ ရက်နေ့မြောက်မှ တွေ့ခွင့်ရတယ်လို့ ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းရဲ့ တူဖြစ်သူ ရုံးတာဝန်ခံ ဦးအောင်ဝင်းထွန်းက အခုလိုပြောပါတယ်။

“ ည ၉ နာရီ ၁၀ နာရီလောက်က မိဘအိမ်တွေကို သတင်းကြားတယ်။ ဒီနေ့ တွေ့လို့ရပြီ။ ရှေ့နေငှားပြီး အမှုရင်ဆိုင်ဖို့ အဲ ၂ ချက်တော့ ပြောသွားပါတယ်။ ပုဒ်မ သေသေချာချာ အတိအကျတော့ မပြောသွားဘူး။ လက်ရှိ သူတို့အတွက် လိုအပ်တဲ့ ရှေ့နေတို့ဘာတို့ကို ကျနော် စုံစမ်းပေးထားပါတယ်။ ”

ယူနတီသတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး နယ်ကိုယ်စားလှယ်ယူ ရောင်းတဲ့ဆိုင်တွေကို လိုက်လံ ရှာဖွေသိမ်းဆည်းပြီး လက်မှတ်ရေးထိုးခိုင်းမှုတွေ ရှိနေတဲ့အတွက် အချို့မြိုနယ်တွေမှာ ကြောက်လန့်မှုတွေ ရှိတယ်လို့ ကြို့ပင်ကောက် ကိုယ်စားလှယ် ဦးတွတ်က အခုလို ပြောပါတယ်။

“ရဲစခန်းက လာပြီးတော့ သိမ်းတယ်။ သိမ်းတဲ့အချိန် ကျနော့်ဆီမှာ လက်ကျန် ၂ စောင် တွေ့သွားတယ်။ အကုန်လုံးရှာပြီးတော့ ကျနော့်ဆီက ၅ စောင် သိမ်းဆည်းရမိတယ်။ ရှာဖွေပုံစံနဲ့ သိမ်းတာခင်ဗျ။ ကျနော့်ရဲ့ ကိုယ်ရေးရာဇ၀င် မေးတယ်။ ကျနော်ပို့ထားတဲ့ ဆိုင်တဆိုင်ဆိုရင် ရဲက ကိုယ်တိုင်မလာဘဲနဲ့ အရပ်ဘက်လူကြီးကို လွှတ်လိုက်တယ်။ အရပ်ဘက်လူကြီးက ဆိုင်က ကူရောင်းတဲ့ ကလေးမလေးကို ခေါ်သွားတယ်၊ အဲကလေးမလေးက ငိုတယ်။”

ပေါက်မြို့နယ် ဓာတုစက်ရုံ သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး နယ်ခံသတင်းထောက်ကို ပခုက္ကူထောင်မှာ ချုပ်နှောင်စစ်ဆေးနေပြီး ရန်ကုန်ရှိ အမှုဆောင်အယ်ဒီတာချုပ်၊ အကြီးတန်းသတင်းထောက် ၂ ဦးနဲ့ သတင်းထောက် ၁ ဦးကို အင်းစိန်ထောင်မှာ ချုပ်နှောင် ထားပါတယ်။

မနေ့က ဦးလူမော်နိုင်ရဲ့ ဇနီးဖြစ်သူ ထောင်ဝင်စာသွားတွေ့နေစဉ် နေအိမ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ၀င်ရောက်ရှာဖွေခဲ့ပြီး ထောင်ဝင်စာ တွေ့ဖို့သွားတဲ့ ဒေါ်လွင်လွင်မြင့်၊ ကျောင်းဆရာ ဦးဝင်းမင်းအောင်နဲ့ ၂ နှစ်သား ကလေးတယောက်တို့ ဒီနေ့အထိ အိမ်ပြန်မရောက်သေးဘူးလို့ ဒေါ်လွင်လွင်မြင့်ရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013