DVB Logo
Home
Lead Story
အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှု တရုတ်တွေ မက်မက်မောမော လုပ်ဆောင်လာကြ
DVB
·
February 3, 2014
အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှု တရုတ်တွေ မက်မက်မောမော လုပ်ဆောင်လာကြ
Donate to DVB

တရုတ်နိုင်ငံမှာတော့ အလုပ်အကိုင်နဲ့ အိမ်ထောင်ဘက်တွေအတွက် အပြိုင်အဆိုင် ရှာဖွေကြတဲ့ ကိစ္စတွေဟာ တရုတ်လူမျိုးတွေကို ခွဲစိတ်ဓားအောက် အရောက်ပို့ပေးနေပါတယ်။

တရုတ်နိုင်ငံဟာ အလှအပအတွက် ခွဲစိတ်ပြုပြင်မှုကိစ္စတွေမှာ ၁ နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံ သုံးစွဲနေကြပြီး၊ အဲဒီလုပ်ငန်းကလည်း ၁ နှစ်ကို ၂၀ ရာခိုင်နှုန်းလောက်အထိ အံ့သြစရာ တိုးပွားလာတယ်လို့ ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

China_Plastic_Surgery_web_140201_672 copyနောက် အခုချိန်မှာလည်း နိုင်ငံတ၀ှမ်းမှာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်တဲ့ ဆေးခန်းတွေ ဖွင့်လာကြတာဟာ လှိုင်းလုံးတွေ တက်လာသလိုပါပဲ။

အသက် ၂၃ နှစ်အရွယ် ဒွန်ရှင်းရီဟာ ပေကျင်းမြို့လယ်က ပုဂ္ဂလိကဆေးရုံတရုံဖြစ်တဲ့ Evercare ဆေးရုံရဲ့ ဧည့်ခန်းထဲမှာ ထိုင်နေပါတယ်။ ငွေကြေးချမ်းသာပြီး၊ ငယ်ရွယ်တဲ့ ပညာရှင်တွေဟာ သူတို့ရုပ်ရည် ကြည့်ကောင်းစေဖို့အတွက် evercare ဆေးရုံကို လာရောက်ပြုပြင် ခွဲစိတ်မှု ခံယူကြတာ များပြားလာပါတယ်။ ဒွန်ရှင်းရီဟာ သူ့မျက်လုံးမှာ မျက်ခွံကို မျက်ရစ်ဖော်ဖို့ ဆေးရုံကို ရောက်နေတာ ဖြစ်ပြီး၊ မျက်ရစ်ဖော်တာကို ခေတ်မီ တရုတ်မိန်းကလေးတွေက အလှအပဆိုင်ရာ ထူးခြားမှုတခုလို့ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ဒွန်ရှင်းရီက “ဒီအကြောင်း ကျမ သူငယ်ချင်း ပြောပြလို့ ကျမ ဒီကို လာခဲ့တာပါ။ ကျမ မျက်လုံးတွေ ကိုတော့ ခွဲစိတ်ပြီးပါပြီ။ အဲဒါ မလုပ်ခင်တုန်းကတော့ ကြည့်လို့ မလှဘူးလေ။ ကျမ ခွဲစိတ်မှုလုပ်ဖို့ ခဏခဏ လာရပါတယ်။ ဒီနေ့ကတော့ ခွဲစိတ်ပြီးသားကို စစ်ဆေးဖို့ေ၇ာက်နေတာပါ။ ဒါပေမယ့် ကျမ အရမ်း ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

မျက်ခွံမှာ မျက်ရစ်ဖော်တာဟာ အမေရိကန်ဒေါ်လာ ၁၅၀၀ အထိ ငွေကြေးကုန်ကျပါတယ်။ နှာခေါင်း ပြန်ပြင်မယ်ဆိုရင်လည်း ကုန်ကျစရိတ်က အတူတူပါပဲ။ မစ္စ ဒွန် ရဲ့ ဆရာဝန်ဖြစ်သူ ဒေါက်တာ လင်ယိုချန်ဟာ တရုတ်နိုင်ငံရဲ့ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင် ထိပ်သီးဆရာဝန်တွေထဲက တစ်ယောက်ပါ။ သူဟာ သီတင်းပတ်တိုင်းမှာ လူနာတွေ ဒါဇင်နဲ့ချီပြီး ကြည့်ရှုပေးရပါတယ်။

လင်ယိုချန်က “ဒီ Evercare ဆေးရုံမှာတော့ ထူးထူးကဲကဲကို များလာတာ တွေ့ရပါတယ်။ ကျနော်တို့ ဆေးရုံက တရုတ်နိုင်ငံတခုလုံးမှာ ၁၅ ရုံ ရှိပါတယ်။ ၁ နှစ်ကို အမျိုးသမီး ၃ သိန်းလောက် ကြည့်ပေးရပါတယ်။ ခုဆို ကျနော်တို့က တရုတ်နိုင်ငံမှာ အကြီးဆုံး အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ရေး ဆေးရုံတွေ ဖြစ်လာပါပြီ။ ကျနော်တို့လုပ်ငန်းကလည်း ၁ နှစ်ကို ရာခိုင်နှုန်း ၁၃၀ လောက် များပြားလာပါတယ်” လို့ ပြောပါတယ်။

Evercare ဆေးရုံရဲ့ လူနာတွေထဲမှာတော့ ဘ၀ရည်မှန်းချက် ကြီးတဲ့ ကျောင်းသူတွေနဲ့ မစ္စ ဒွန်လို လူငယ်ပညာတတ်တွေကနေ အသက်ကြီးကြီး အမျိုးသမီး နိုင်ငံတော်အကြီးအကဲတွေလို ပုဂ္ဂိုလ်မျိုးတွေအထိ ပါဝင်ပါတယ်။ ဒါပေမယ့် အမျိုးသားအရေအတွက်ကတော့ နည်းနေသေးပြီး တဖြည်းဖြည်းနဲ့ အရေအတွက် တိုးလာနေပါတယ်။

လင်ယိုချန်က “ကျနော်တို့ဆီလာတဲ့ အမျိုးသမီးတွေမှာ အများစုက မျက်ရစ် ဖော်ကြတာနဲ့ နှာခေါင်းပြုပြင်ဖို့ လာကြတာ တွေ့ရပါတယ်။ နောက် လာတဲ့ ဖောက်သည်တမျိုးကတော့ အသက် ၃၅ နှစ်ကျော်နေပြီဖြစ်တဲ့ ပညာရှင်၊ ပညာတတ် အမျိုးသမီးတွေပါ။ သူတို့ကတော့ သူတို့ရဲ့ အလုံးစုံ ငယ်ရွယ်မှုကို တိုးမြှင့်ချင်တာပါ။ အသက်တဖြည်းဖြည်း ကြီးလာတာကို နှေးကွေးစေအောင်ပေါ့လေ။ ကျနော်တို့က နဖူး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ပြုပြင်ပေးရပါတယ်။ သူတို့ကလည်း အဲဒီလုပ်ငန်း အဆင့်ဆင့်အတွက် ဒီကို မှန်မှန် ပြန်လာကြပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်ဆရာဝန်အုပ်စုတခုရဲ အဆိုအရ တနှစ်တနှစ် လုပ်ဆောင်တဲ့ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်မှု အရေအတွက်အရ အမေရိကန်နဲ့ ဘရာဇီးလ်တို့နောက်မှာ လိုက်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ယှဉ်ပြီး ဒီလိုခွဲစိတ်ပြုပြင်တဲ့ အရေအတွက်လည်း လျင်လျင်မြန်မြန် လိုက်တက်လာပြီး ပိုမိုကောင်းမွန်တဲ့ ပညာတတ်လုပ်သား အင်အားကလဲ အလုပ်အကိုင်တွေအတွက် ပြိုင်ဆိုင်မှုတွေ ရှိလာတာပါ။

မကြာခင်ကပဲ “အလှအပကို ၀ယ်ယူခြင်း (သို့) တရုတ်နိုင်ငံက အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှု” ဆိုတဲ့ စာအုပ်ကို မနုဿဗေဒပညာရှင် ၀မ်ဟွာ က ထုတ်ဝေခဲ့ပါတယ်။ အမျိုးသမီးတွေဟာ ဒီလို အလှအပအတွက် ခွဲစိတ်ပြုပြင်မှုကို သူတို့ရဲ့ လူမှုရေးပိုင်းနဲ့ အသက်မွေးမှုဆိုင်ရာ အောင်မြင်မှုတွေ တိုးတက်ဖို့ ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ ပိုလို့ ပိုလို့ သဘောထားလာကြတယ်လို့ ဆိုပါတယ်။

ဝမ်ဟွာက “အရင်တုန်းကတော့ လူနည်းနည်းလေးလောက်ကတောင် သူတို့ ခွဲစိတ် ပြုပြင်ထားတယ်ဆိုတာကို သိပ်ဝန်မခံကြဘူး။ ဒါပေမယ့် လူတွေက ဒါကို ပို ပိုပြီး လက်ခံလာကြတယ်။ ဘယ်လို ခွဲစိတ်မှုမျိုး လုပ်ထားတယ် ဆိုတဲ့ပေါ်လည်း မူတည်တာပေါ့။ မျက်နှာ ခွဲစိတ်မှုလိုမျိုးမှာ နှာခေါင်း ပြုပြင်တာနဲ့ မျက်ရစ်ဖော်တဲ့သူတွေဆိုရင် အဆင်ပြေကြတယ်။ သူတို့ကို အင်တာဗျူးကြရင် “ဟုတ်ကဲ့၊ ခွဲစိတ်ထားပါတယ်။ ဘာလို့လဲ၊ သိပ်အကြီးကြီး မဟုတ်ပါဘူး” ဆိုတာမျိုးလောက် ပြောဆိုတာတွေတောင် အိုကေလာကြတယ်။”

ဒါပေမယ့်လည်း ခုလို လူတွေ ခွဲစိတ်ပြုပြင်မှု များလာတာဟာ လူနာရဲ့ကျန်းမာရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်မျိုးတွေမှာ အရည်အချင်း မမီတဲ့ ခွဲစိတ်ဆရာဝန်တွေဆီ ငွေပုံပေးရတဲ့ ကိစ္စမျိုးတွေ လှိုင်းထလာသလို ဖြစ်နေတာကိုလည်း စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။

ဝမ်ဟွာက “အစိုးရကတော့ သတ်မှတ်ထားတဲ့ ခွဲစိတ်မှုအမျိုးအစားတွေ၊ ခွဲစိတ်ပေးမယ့် ဆေးရုံရဲ့ အဆင့်သတ်မှတ်ချက်တွေကို စည်;မျဉ်းတွေ သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့်လည်း ကံဆိုးရင် ဒီလို ခွဲစိတ်မှုတွေမှာ အဆင့်မမီသေးတဲ့ ခွဲစိတ်ဆရာဝန်တွေကလည်း အများကြီး ရှိနေတုန်း၊ သူတို့ကလည်း တရားမ၀င် ခွဲစိတ်မှုတွေ လုပ်ပေးနေတုန်းပဲ။ ဒါပေမယ့် သူတို့တွေက ကုန်ကျစရိတ်ကို ဈေးချိုချို ထားပေးပြီးတော့ အမျိုးသမီး အတော်များများကို ဆွဲဆောင်ထားတာ” လို့ ပြောပါတယ်။

Evercare အထူးကုဆေးခန်းကြီးမှာတော့ ဒီဆေးခန်းအတွက် ခွဲစိတ်ပြုပြင်ပေးတဲ့ ၀န်ဆောင်မှုရဲ့ အရေးပါပုံနဲ့ ဘေးကင်းလုံခြုံမှု အကြောင်းကို ဒေါက်တာ လင်ယိုချန်က အလေးထားပြောပြပါတယ်။ နောက်ပြီး သူဟာ ခွဲစိတ်ပြုပြင်ကြမယ့် အမျိုးသား ဖောက်သည်တွေ တိုးလာဖို့ မျှော်လင့်ရင်း ရှေ့လာမယ့် အချိန်တွေဟာ သိပ်ကို အလုပ်များမယ့် နှစ်တစ်နှစ် ဖြစ်ဖို့လည်း မှန်းထားတာပါ။

“ခုကျတော့ အမျိုးသားတွေလည်း တဖြည်းဖြည်းနဲ့ ခွဲစိတ်ပြုပြင်မှုဟာ ခေတ်မီလူနေမှု ပုံစံတခု ဆိုတာကို လက်ခံကျင့်သုံးလာကြပါပြီ။ သူတို့က အများအားဖြင့် နှာခေါင်းနဲ့ မျက်ခွံတွေ ပြန်ပြုပြင်ဖို့အတွက် လာကြတာပါ။ တခါတလေ သူတို့က လက်ပ်တော့တွေ၊ စမတ်ဖုန်းတွေ အများကြီး သုံးလာပြီးတော့ သူတို့ရဲ့ မျက်လုံးဧရိယာ အသွင်အပြင်ကို ပိုကြည့်ကောင်းအောင် လုပ်ချင်လာကြပါတယ်” လို့ ပြောပါတယ်။

ဒွန်ရှင်းရီလို လူတွေအတွက်တော့ ရုပ်ဆင်းသွင်ပြင်ဟာ အရေးကြီးတဲ့ အလေးထားစရာ ကိစ္စတစ်ခုပါ။ နောက် သူဟာ သူသူငယ်ချင်းတွေကို သူရဲ့ မျက်ခွံပုံစံသစ်ကို ခဏတဖြုတ် ပြသတာမျိုးတောင် လုပ်နေတာပါ။

“ကျမ သူငယ်ချင်းတွေကို ကျမ ပြောပြလိုက်တယ်လေ။ သူတို့တွေတောင် ဒီကို ခွဲစိတ်ပြုပြင်ဖို့ လာနေကြပြီ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် မာ့က်ဂေါ့ဒ်ဖှရေးက တရုတ်နိုင်ငံ ပေကျင်းမြို့တော်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013