DVB Logo
Home
မြန်မာသတင်း
BGF အနေဖြင့် စစ်ကောင်စီကို ဆက်ကူညီပေးလျှင် တိုက်ခိုက်သွားမည်ဟု ကေအန်ယူသတိပေး
DVB
·
January 17, 2022
BGF အနေဖြင့် စစ်ကောင်စီကို ဆက်ကူညီပေးလျှင် တိုက်ခိုက်သွားမည်ဟု ကေအန်ယူသတိပေး
Donate to DVB

ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ကရင်လူထုတရပ်လုံးနဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ပြည်သူတရပ်လုံးအကျိုးကို လျစ်လျူရှုပြီး အာဏသိမ်းတပ်ဖွဲ့တွေကို ဆက်လက်ဝိုင်းဝန်း ကူညီနေမယ်ဆိုရင် ကေအန်ယူတပ်မဟာ ၅ အနေနဲ့ သူတို့ကို စစ်ကောင်စီနဲ့ စာရင်းတခု တည်းထားပြီး တိုက်ခိုက်သွားမယ်လို့ ကေအန်ယူ တပ်မဟာ ၅ က သတိပေးလိုက်ပါတယ်။

BGF တပ်ဖွဲ့နဲ့ပတ်သက်ပြီး ကေအန်ယူ ဖာပွန်ခရိုင်၊ KNLA တပ်မဟာ ၅ က ဇန်ဝါရီလ ၁၂ ရက်နေ့ ရက်စွဲနဲ့ အခုလို ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။

စစ်ကောင်စီအကျိုးကိုပဲ ကြည့်ပြီး စစ်ကောင်စီအဖွဲ့ကို ဝိုင်းဝန်းကူညီနေမယ်ဆိုရင်တော့ KNLA အမှတ် ၅ တပ်မဟာ တာဝန်ရှိသူအနေနဲ့ ကရင်လူမျိုးအချင်းချင်းဖြစ်တဲ့ ကရင် BGF တပ်ကို မတိုက်ချင်သော်လည်း တိုက်ခိုက်ရတော့မယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ကရင်နယ်ခြားစောင့်တပ်အနေနဲ့ ကရင်လူထုနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးအကျိုးကို ရှေးရှုပြီး တိုင်းပြည်အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေကို ဝိုင်းဝန်းကူညီပံ့ပိုးတာတွေ မပြုဘဲ မိမိတို့သက်ဆိုင်ရာ တပ်ရင်းတပ်ခွဲစခနန်းတွေမှာသာ နေထိုင်ပြီး သွားလာလှုပ်ရှားဖို့ ကေအန်ယူ တပ်မဟာ ၅ က သတိပေးထားပါတယ်။

ဒါ့အပြင် ကျေးရွာနေပြည်သူအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင်တပ် BGF တပ်ဖွဲ့နဲ့ လုံးဝ ရောနှောနေထိုင်တာနဲ့ ရောနှောသွားလာတာ မပြုဖို့လည်း သတိပေးထားသလို ရွာနေပြည်သူအနေနဲ့ စစ်ကောင်စီအဖွဲ့က ခန့်အပ်တာဝန်ပေးမယ့် အဆင့်ဆင့်သော ဘယ်အုပ်ချုပ်ရေးတာဝန်မဆို လုံးဝတာဝန်ယူ လက်ခံခြင်းမပြုဖို့လည်း သတိပေးထားပါတယ်။

တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူထားတဲ့ မြန်မာစစ်ခေါင်းဆောင်ဟာ KNLA တပ်မဟာ ၅ ထိန်းထိုပ်နယ္မြေအတွင်း စစ်အုပ်ချုပ်ရေး ချမှတ်အုပ်ချုပ်နိုင်ရေး ကြိးပမ်းနေပြီး တပ်မဟာ ၅ အနေနဲ့ စစ်အုပ်ချုပ်မခံဘဲ ကာကွယ်တွန်းလှန်နေတာကြောင့် စစ်အုပ်ချုပ်ရေးမချနိုင်ဖြစ်နေပါတယ်။

စစ်ကောင်စီအဖွဲ့ လှုပ်ရှားမှုပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေ သူတို့ တပ်စခန်းအသီးသီးရောက်ရှိဖို့ ကြိုးပမ်းနေပေမယ့် တပ်မဟာ ၅ ရဲ့ တိုက်ခိုက်ဟန်တားမှုကြောင့် မရောက်နိုင်ဘဲ ဖြစ်နေပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ သူ့ရဲ့ လက်အောက်ခံ ကရင် BGF တပ်ကို အကူခေါပြီး လမ်းလုံခြုံရေးနဲ့ သယ်ယူပို့‌ဆောင်ရေးကို တာဝန်ယူစေခဲ့သလို ကရင် BGF ကလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ စေခိုင်းတဲ့အတိုင်း သယ်ယူပို့ဆောင်ရေးတာဝန်ကို ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

BGF တပ်တွေဟာ ကရင်လူမျိုးဖြစ်ပေမယ့် ကရင်ကျေးရွာသူကျေးရွာသားတွေကို လုံးဝ ငှဲ့ညာမှုမရှိဘဲ စစ်ကောင်စီအဖွဲ့နည်းတူ ကရင်လူထုတွေကို အမျိုးမျိုးခြိမ်းခြောက်၊ ရိုက်နက်ပြီး အနီးဝန်ကျင်ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်နေတယ်လို့ဆိုပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ကလည်း မထောကျေးနယ်ရှိကျောင်းရွာကို လက်နက်ကြီးကျည်ကျရောက်တာကြောင့် ကျောင်းရွာနေ အသက် ၄၅ နှစ် စောထွန်းတင်ကို ထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါကြောင့် တပ်မဟာ ၅ အနေနဲ့  ကရင်နယ်ခြားစောင်တပ်က မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်းကူညီပံ့ပို့မှုအပေါ် အခုလို ထုတ်ပြန်သတိပေးရတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013