DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး ၃၁ ဦးပါ အကောင်အထည်ဖော်မှု ကော်မတီဖွဲ့စည်း
DVB
·
February 3, 2014
ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး ၃၁ ဦးပါ အကောင်အထည်ဖော်မှု ကော်မတီဖွဲ့စည်း
Donate to DVB

၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက်  ပါတီအသီးသီးနဲ့ တပ်မတော်သား လွှတ်တော်အမတ်တွေ ပါဝင်တဲ့   ၃၁ ဦးပါ အကောင်အထည်ဖော်မှု ကော်မတီကို ပြည်ထောင်စုလွှတ်တော်က  ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။

statement1ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတရပ် ပြုစုရေးဆောင်ရွက်နိုင်ဖို့ ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဖွဲ့စည်း တာဝန်ပေးလိုက်တာပါ။

ဒီကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ ဒုဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးမြညိမ်းတို့က တာဝန်ယူမှာပါ။ အဖွဲ့ဝင်တွေအဖြစ် နိုင်ငံရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်အမတ်တွေ အချိုးကျ ပါဝင်ပြီး ကြံ့ခိုင်ရေးပါတီက အမတ် ၁၄ ဦးနဲ့ အများစု ပါဝင်ပါတယ်။

လွှတ်တော်က ဖွဲ့စည်းပေးတားတဲ့ အဖွဲ့ဝင် ၁၀၉ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်ချက် အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းပြီးနောက်  ဒီအစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ သီးခြားကော်မတီတရပ် ထပ်မံ ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကော်မတီ အကောင်အထည်ဖော် လုပ်ဆောင်မယ့် လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်ပြီး  ကော်မတီဝင်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ခုလိုပြောပါတယ်။

“အခန်းလိုက် အခန်းလိုက် ပြင်ဆင်မယ့်၊ ပယ်ဖျက်မယ့်၊ စိစစ်မယ့်၊ မူလအတိုင်းထားမယ့် အဲဒါတွေ အကုန်လုံးကို ပြန်ပြီးတော့ အကောင်အထည်ဖော်ဖို့။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မူကြမ်းတခု ထွက်လာတဲ့အထိ အကောင်အထည်ဖော်ရမယ်။ ကော်မတီက ကျနော့်အမြင်ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ကို မူကြမ်းတခုတင်ဖို့အတွက်ပါပဲ။ အရေးပါတဲ့ ကော်မတီတခုလို့ မြင်ပါတယ်။”

ကော်မတီအနေနဲ့ ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို လေ့လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အလေးထားသုံးသပ် ဖော်ထုတ်ရမယ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယက သူရဦးရွှေမန်း လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အမိန်ကြော်ငြာစာမှာ ဖော်ပြပါတယ်။

ကော်မတီရဲ့ ဆွေးနွေးချက်တွေကို ပြည်ထောင်စုလွှတ်တော်ထံ မတင်ပြမီအချိန်အထိ ပေါက်ကြားမှု မရှိစေဖို့၊ လျှို့ဝှက်အဆင့် သတ်မှတ်ထိန်းသိမ်းရမည်၊ ကော်မတီအစည်း အဝေးမှတ်တမ်းတွေကို ဖြန့်ဝေခြင်း မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ ခုလို လွှတ်တော်ကော်မတီ ဖွဲ့စည်း ဆောင်ရွက်နေတာ ဟာ   ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ ပိုမို အလှမ်းဝေးသွားတယ်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေး စည်းရုံး လှုပ်ရှားဆောင်ရွက်နေသူ ဥပဒေပညာရှင် ရှေ့နေကြီး ဦးကိုနီက သုံးသပ်ပြောပါတယ်။

“၁၀၉ ဦး ကော်မတီ ဖွဲ့လိုက်တဲ့အချိန်ထိ ကျနော်တို့က အတော်လေး မျှော်လင့်ချက်တွေ ထားပြီးတော့ ၁၀၉ ဦး ကော်မတီအနေနဲ့ လွှတ်တော်ကို အစီရင်ခံစာတင်တဲ့အခါမှာ ပြည်သူ့ဆန္ဒ ဘယ်လိုရှိတယ်ဆိုတာ သိအောင် ကျနော်တို့က ပြည်သူ့ဆန္ဒခံယူပွဲတွေ လုပ်ပေးပြီး ပြည်သူ့အသံကို သူတို့ ကြားအောင် လုပ်ပေးခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ် အစီရင်ခံစာ တက်တဲ့အခါမှာ ပြည်သူ့ဆန္ဒနဲ့အညီ ဘယ်ဟာတွေတော့ ပြင်သင့်ပါတယ်ဆိုတာ တက်မသွားဘူး။ သူတို့ရဲ့ သဘောထား ဘာမှ ပါမသွားတဲ့အတွက် စောစောက အားတက်ခဲ့တာတွေ အားပျက်သွားတယ်။ အခု ကော်မတီတခု ထပ်ဖွဲ့ပြန်တယ်။ ဒီကော်မတီရဲ့ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကို ကြည့်လိုက်တဲ့အခါကျတော့လည်း ပုဒ်မ ၄၃၆ (ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်) မှာ ပြောထားတဲ့ လမ်းအတိုင်းပဲ သွားမယ်။ ၄၃၆ ဟာ ပြင်မရအောင် လုပ်ထားတဲ့ လမ်းကြောင်းကိုပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံရဦးမယ်လို့ ကျနော်က ခန့်မှန်းချက် ပေးချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ယ်လ်ဒီပါတီက တောင်းဆိုထားတဲ့အတိုင်း လွှတ်တော်၊ သမ္မတနဲ့ တပ်မတော်ခေါင်းဆောင်တွေ ၄ ပွင့်ဆိုင် တွေ့ဆုံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်သင့်တယ်လို့လည်း ရှေ့နေဦးကိုနီက အကြံပြုပါတယ်။

ခု ဖွဲ့စည်းပေးလိုက်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု  ကော်မတီသစ် အနေနဲ့ ဥပဒေကြမ်း ရေးဆွဲရေးလုပ်ငန်းတွေ ဘယ်တော့စတင်မယ်ဆိုတာ မသိရသေးပေမယ့် ကော်မတီရဲ့ သက်တမ်းကတော့ စဖွဲ့တဲ့အချိန်ကနေ ပြည်ထောင်စုလွှတ်တော်က အမိန့် ထုတ်ပြန် ရုပ်သိမ်းမယ့်အချိန်အထိ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013