DVB Logo
Home
မြန်မာသတင်း
မြန်မာသတင်းသမား ၁၀ ဦး ထိုင်းရွေးကောက်ပွဲ သတင်းယူ
DVB
·
February 2, 2014
မြန်မာသတင်းသမား ၁၀ ဦး ထိုင်းရွေးကောက်ပွဲ သတင်းယူ
Donate to DVB

မြန်မာနိုင်ငံက သတင်းမီဒီယာသမား ၁၀ ဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ထိုင်းရွေးကောက်ပွဲအတွင်း သတင်းရယူနေကြပါတယ်။

နေ့စဉ်နဲ့ အပတ်စဉ်ထုတ် သတင်းဂျာနယ် ၁၀ စောင်က အယ်ဒီတာနဲ့ သတင်းထောက် ၁၀ ဦးတို့ဟာ ရန်ကုန်သတင်းစာပညာကျောင်း အစီအစဉ်နဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ပြုလုပ်တဲ့ ထိုင်းရွေးကောက်ပွဲ သတင်းရယူနေကြတာ ဖြစ်ပါတယ်။

Protest leader Suthep Thaugsuban is hugged by anti-government protester during march through Chinatown in Bangkokထိုင်းရွေးကောက်ပွဲ မတိုင်မီ ၅ ရက်အလို ဇန်န၀ါရီ ၂၈ ရက်ကထဲက ဘန်ကောက်မြို့ကို ရောက်ရှိနေကြတာဖြစ်ပြီး သင်တန်းလည်းပေး ရွေးကောက်ပွဲသတင်းလည်း ယူကြတာလို့ သင်တန်းမှူး ဦးရဲနိုင်မိုးက ပြောပါတယ်။

ထိုင်းရွေးကောက်ပွဲကို အခုလို လာရောက်သတင်းရယူကြရတာဟာ ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲ အတွက် အဖိုးတန်တဲ့အကြောင်းလည်း သူက ခုလို ပြောပါတယ်။

“အဓိကကတော့ ဒီတခေါက်က နှစ်ဖက်ကြားမှာ တိုးတိုက်မိတဲ့ အနေအထားက ရှိတော့ လုံခြုံရေးအရ ဆင်ချင်ဖို့လိုတဲ့ အခြေအနေရယ်၊ ဒါ့အပြင် ၂၀၁၅ မှာလည်း ဘယ်လို ထိပ်တိုက်တွေ့နိုင်မယ့် တင်းမာမှုတွေ ရှိနိုင်မယ်လို့ မပြောနိုင်ဘူးဆိုတော့ ဒီရွေးကောက်ပွဲက လည်း အဲဒါနဲ့ ပတ်သက်ပြီးတော့ အဖိုးတန်ပါတယ်။ နှစ်ဖက်က အစွန်းနှစ်ဖက်ကို ရောက်နေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် တဖက်က သပိတ်မှောက်တယ်။ တဖက်ကလည်း ဇွတ်လုပ်မယ်ဆိုတဲ့ နှစ်ဖက်စွန်းရောက်နေတဲ့ အခြေအနေပါ။ အခုကလည်း မြန်မာနိုင်ငံမှာလည်း တင်းမာမှုက စနေပြီဆိုတော့ ဒီမှာ ရတဲ့ အခြေအနေတွေက သူတို့အတွက် အဖိုးတန်ပါတယ်။”

သူ့အတွေ့အကြုံအရတော့ နိုင်ငံခြားတိုင်းပြည်တခုရဲ့ ရွေးကောက်ပွဲကို မြန်မာသတင်းတွေ အရေအတွက်အများဆုံး သွားရောက် သတင်းယူကြတာလို့လည်း ပြောပါတယ်။

မြန်မာတိုင်း(မ်)ဂျာနယ် အကြီးတန်းသတင်းထောက် ကိုဥာဏ်လင်းအောင်ကို မြန်မာပြည် ရွေးကောက်ပွဲ သတင်းယူခဲ့ရပုံနဲ့ အခု ထိုင်းရွေးကောက်ပွဲ သတင်းယူရပုံ ဘာကွာလဲလို့ မေးကြည့်တော့ သူက အခုလို ပြောပါတယ်။

“ကိုယ့်ရဲ့ အသက်အန္တရာယ်ကို ကိုယ်ကိုယ်တိုင် စဉ်းစားပြီးတော့ အခြားဟာကို စဉ်းစားစရာ မလိုပဲ သတင်းကို သတင်းအတိုင်း လွတ်လွတ်လပ်လပ် ယူလို့ရတဲ့ အနေအထားကို တွေ့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၂ တုန်းက သတင်းကို လွတ်လွတ်လပ်လပ် ယူလို့ရတာမျိုး မဟုတ်ဘူး။ တချို့ မဲဆန္ဒနယ် ဆိုရင် ၀င်ခွင့်မရတာ၊ မဲပေးတာကို ဓာတ်ပုံ ရိုက်ခွင့်မရတာ၊ မဲရေတွက်တဲ့အချိန်မှာ သတင်းယူလို့ မရတဲ့ အခြေအနေမျိုးကို ကြုံရပါတယ်။ အခု ဒီမှာတော့ သတင်းအတွက်ကို တော်တော်လေး လွတ်လွတ်လပ်လပ် ယူခွင့်ရတဲ့ အနေအထားမျိုးကို ကြုံရပါတယ်။ စိတ်လှုပ်ရှားပါတယ်။ ဘန်ကောက် အကျပ်အတည်း ဖြစ်နေတဲ့ အနေအထားမျိုးမှာ သတင်းယူခွင့်ရတဲ့ အနေအထားမျိုးလေ။ လူတွေက တယောက်နဲ့တယောက် ကိုယ်မသိတဲ့သူတွေ သတင်းသမားတွေ မျက်နှာစိမ်းတွေကို ရန်မူတာမျိုး မတွေ့ရဘူး။ လွတ်လွတ်လပ်လပ်ပဲ သွားလို့ရတယ်။ မဲရုံတွေထဲအထိ သွားလို့ရတယ်။ မဲရုံကို မဲလာပေးတဲ့သူတွေပဲဖြစ်ဖြစ် အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့သူတွေပဲ ဖြစ်ဖြစ် လှိုက်လှိုက်လှဲလှဲ ရှိတယ်။ ကျနော်တို့ မေးချင်တာကိုလည်း လွတ်လွတ်လပ်လပ် မေးလို့ရတယ်။ အရမ်းကို ပျူပျူငှာငှာ ယဉ်ယဉ်ကျေးကျေးရှိတယ်။”

ထိုင်းနိုင်ငံမှာ အစိုးရကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြနေတဲ့ကြားကပဲ ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒပြနေတဲ့သူတွေနဲ့ အစိုးရထောက်ခံသူတွေကြား လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတချို့ ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013