DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ် ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီဒုက္ခသည်များ အရေးအပေါ်အကူအညီ လိုအပ်
DVB
·
January 14, 2022
ထိုင်းနယ်စပ် ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီဒုက္ခသည်များ အရေးအပေါ်အကူအညီ လိုအပ်
1 / 6
Donate to DVB

ကရင်နီဒေသအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ဟာ  ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဇန်နဝါရီ ၇ ရက်က ထိုင်းဘက်ခြမ်းရှိ အမှတ် ၁ ကရင်နီဒုက္ခသည်စခန်းအနီးက  တောတွင်းတနေရာမှာ လူဦးရေ ၇၀၀ ကျော်ထွက်ပြေးခိုလုံနေကြသလို၊ ကေအန်ပီပီဌာနချုပ် ညာမိုစခန်းအနီး ထိုင်းနယ်စပ်မှာလည်း လူ ၄၀၀ လောက်  ထွက်ပြေးတိမ်းရှောင်လာ ခဲ့ကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရသူတွေဟာ တပတ်လောက်အထိ အရေးပေါ် အကူအညီတွေ လိုအပ်နေဆဲပဲလို့ ကူညီနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) အတွင်းရေးမှူး ၂ မူရီးက ပြောပါတယ်။

“ပထမတညက ဆိုရင်လည်း အဲဒီ သူတို့ ကိုဗစ်ကွာရန်တင်းချထားတဲ့နေရာမှာပဲ တောထဲမှာပဲ ထားပေးတယ်။ ပြီးတော့ သူတို့ (ထိုင်းအာဏာပိုင်) တွေက အဝင်အထွက်မလုပ်ခိုင်းဘူးပေါ့နော်။ အဲမှာဆိုရင် ပထမရောက်တဲ့ ပထမတရက်မှာဆိုရင် အရမ်းအရေးပေါ်လိုအပ်နေတဲ့ဟာကို ကြေညာပြီး တယောက်နည်းနည်း အဲလိုမျိုး အစားသောက်တို့၊ စောင်တို့ မီသလောက်ပဲ သွားကူပေးတာပဲရှိတာပေါ့နော်။ ထိုင်းကလည်း အဲမှာ သူတို့ပိတ်ထားလိုက်တယ်။ လုံးဝသူတို့ ဒီစခန်းဘက်ထဲအထိ သူတို့ဝင်ခွင့်မပေးဘူး။ အဲတော့ သူတို့နေတဲ့နေရာမှာဆိုရင်လည်း ဘာမှမရှိဘူး။ တချို့ပစ္စည်းသိမ်းမီတဲ့သူတချို့က ပါသွားပေမဲ့ ပစ္စည်းမသိမ်းမီတဲ့သူတွေက ဘာမှမပါဘူး။ အဲတော့ တရက်ကျော် နှစ်ရက်နီးပါး မစားရတဲ့အနေအထားရှိတယ်။ ”

ဒါ့အပြင် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကိုလည်း ထိုင်းအာဏာပိုင်တွေက ချက်ပြုတ်စားသောက်ခွင့်မပေးဘဲ နန်းစွယ်နဲ့ စခန်းက တာဝန်ရှိသူတွေက ချက်ပြုတ်ပြီး သွားရောက်ပို့ဆောင်ရတဲ့ အနေအထားဖြစ်တဲ့အတွက် တချို့ ထမင်းဝေချိန်မမီသူတွေ မစားရဘူး ဖြစ်နေပါတယ်။

ဒါ့အပြင် သူတို့အတွက် အမိုးအကာနဲ့ စောင်၊ ခြင်ထောင်တွေလည်း  အလုံလောက်မရှိဘဲ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ပြောပါတယ်။

“ကျမတို့က ကူညီတဲ့အဖွဲ့ရှိတယ်။ လာကူပေးချင်တဲ့သူတွေရှိတယ်။ ဒါပေမဲ့ သူတို့က အဲဒီအထိကို ပေးမကူဘူး။ အန်ဂျီအိုပဲဖြစ်ဖြစ်ပေါ့။ သူများလာကူချင်ပေမယ့် သူတို့က အဲဒီအချိန်ကို ပေးမဝင်ဘူး။ ဘာပဲလာလာ သူတို့ဆီမှာပဲလာအပ်ထားရတယ်။ ပြီးတော့ သူတို့ အဲဒီကနေတဆင့် လိုက်ဝေပေးတဲ့ပုံစုံမျိုး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဟာက တချို့လူက ရှိတဲ့သူက ရှိတယ်။ မမျှတမှာစိုးလို့ ဆိုပြီးမှ အဲဒါကိုပြောပဲ ကျမတို့က အဲဒီမှာပဲ လာပို့လို့တယ်။”

တိုက်ပွဲဖြစ်ပွားရာဒေသ ဟွေ့ပူလောင်းရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာလည်း ထိုင်းနယ်စပ် နမ့်ပင်လင်မှာ ထွက်ပြေးလာရပြီး  လူဦးရေ ၂၀၀ လောက်ရှိ နေပါတယ်။

အဲဒီဒေသက ထွက်ပြေးတိမ်းရှောင်လာသူတွေလည်း အရေးအပေါ် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကရင်နီနိုင်ငံတကာနဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီအတွင်းရေးမှူး ၁ ဆရာလွီးစီက ပြောပါတယ်။

“နမ့်ပင်လင်ဘက်မှာ ရောက်တဲ့အဖွဲ့တွေခါကျတော့ ကူညီထောက်ပံ့မှုအပိုင်းတွေကကျတော့ (coordination team for emergency relief ) ကနေပဲ ကူညီပေးတာတွေ ရှိတယ်။ ရိက္ခာ ဆန်တွေ ကူညီပေးတာတွေရှိတယ်။ အဝတ်အထည်တွေပေးတယ်။ ပြီးတော့ အမိုးအကာတွေ နည်းနည်းပါးပါးပေးနိုင်တာရှိတယ်။ ဒါပေမဲ့ သူက ၇ ရက်နေ့မှာ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ အနီးကပ်ဆုံးရွာပေါ့။ သူတို့က ထိုင်းနယ်စပ်ဘက်ရောက်လာတော့ ထိုင်းနယ်စပ်ကိုလည်း ပေးမကျော်ဘူး။ ဆိုတော့ အခုကသူတို့ ကားလမ်းမကြီးပေါ်မှာပဲ အိပ်နေရတယ်။ အဲခါမှာ သူတို့အခင်းမိုးကာတွေလိုတယ်။ စောင်တွေ၊ အနွေးထည်တွေ၊ ကလေးငယ်တွေရှိတဲ့အခါကျတော့ ခြေစွပ်တို့၊ အဲဒါတွေလိုတယ်။ သူတို့ တကိုယ်ရေသန့်ရှင်းရေးအတွက်ဆိုရင် အိမ်သာဆောက်ဖို့၊ ရေပုံးတို့၊ အိုးခွက်ပန်းကန်တွေလိုတယ်။ တချို့ သွေးတိုး၊ ဆီးချို အဲလိုမျိုးရှိတဲ့လူတွေရှိတယ်။ ဆိုတော့ အဲဒီမှာ ကျန်းမာရေး စောင့်ရှောက်မှုကလည်း လိုတယ်။”

ဒီလို ဒုက္ခရောက်နေသူတွေကူညီနိုင်ဖို့အတွက် ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီလက်အောက်ကနေ ဖွဲ့စည်းထားတဲ့ coordination team for emergency relief ကနေ တဆင့်သာ သွားရောက်ကူညီနိုင်တဲ့အတွက် အဲဒီကနေ သွားရောက်ကူညီပေးဖို့လည်း သူက တိုက်တွန်းထားပါတယ်။

တပ်မတော်အာဏာသိမ်းပြီးနောက် မေလကစပြီး ကယားပြည်နယ်တွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့အတွက် ကယားပြည်နယ်ထဲက ပြည်သူတချို့ဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ထိန်းချုပ်နယ်မြေအနီးမှာ လာရောက်ခိုလှုံနေကြပါတယ်။

အခု ၂၀၂၂ ဇန်ဝါရီလက ကေအန်ပီပီ ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အတွက်  စစ်ဘေးရှောင်တွေဟာ ထိုင်းဘက်ခြမ်း နယ်စပ်အထိကို ထွက်ပြေးလာရတာဖြစ်ပါတယ်။

အလားတူ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့မှာလည်း ဇန်နဝါရီ ၇ ရက်နေ့ ကတည်းကနေ ဒီနေ့အထိ မြို့တွင်း တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေပြီး လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကြောင့်  မြို့ပေါ်လူထု အားလုံးလိုလို နီးစပ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။  

photo-Seh Theh Foundation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013