DVB Logo
Home
မြန်မာသတင်း
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေချိန် လေတပ်ဦးစီးချုပ်သစ် အစားထိုးခန့်
DVB
·
January 13, 2022
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေချိန် လေတပ်ဦးစီးချုပ်သစ် အစားထိုးခန့်
Donate to DVB

မြန်မာစစ်ခေါင်းဆောင်ဟာ တပ်မတော်(လေ)ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို ဇန်နဝါရီ ၁၀ ရက်မှာ ရာထူးကနေ ဖယ်ရှားလိုက်ပြီး  စစ်ဦးစီးအရာရှိချုပ်(လေ)ဒုဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အစားထိုးခန့်အပ်လိုက်တယ်လို့ စစ်တပ်နဲ့ ပြည်တွင်း မီဒီယာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ 

အသက် ၅၇ နှစ်အရွယ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ရာထူးကနေ ဘာကြောင့်ဖယ်ရှားခဲ့တာလဲဆိုတာမသိရသလို လေတပ်ဦးစီးချုပ် ဖယ်ရှားခံရခြင်း ရှိ၊ မရှိ မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်ကိုလည်း  စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ရိုက်တာ သတင်းဌာနအနေနဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို တိုက်ရိုက်ဆက်သွယ်လို့ မရခဲ့ပဲ စစ်တပ်ကတဆင့် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုလည်း ဘာမှမတုံ့ပြန်ခဲ့ပါဘူး။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဟာ လေးနှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် စစ်ဘက် တာဝန်ပြီးဆုံးသွားခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး ပြည်တွင်းသတင်းဌာနတခုဖြစ်တဲ့ Eleven Media က ရေးပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ခုခံစစ်ပွဲဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို  ချေမှုန်းဖို့အတွက် စစ်ကောင်စီက လေတပ်ကို အသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

လတ်တလော စစ်ကိုင်းတိုင်းနဲ့ ကရင်၊ ကယား၊ ရှမ်းပြည်နယ်တွေမှာ စစ်တပ်က တိုက်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အရပ်သားတွေ သေဆုံးခဲ့ရသလို အိုးအိမ်တွေလည်းပျက်စီးခဲ့ရတယ်လို့   ဒေသခံတွေက ဒီဗွီဘီကို  ပြောပါတယ်။ 

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ  မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ သားဖြစ်ပြီး သူနဲ့ သူ့မိသားစုဟာ စစ်တပ်အတွက် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေနဲ့ ဆက်စပ် အပိုပစ္စည်းတွေဝယ်ယူရာမှာ ကိုယ်ကျိုးစီးပွားအရ ပင်ပတ်သက်နေတယ်လို့ ရိုက်တာရဲ့ စုံစမ်းထောက်လှမ်း သတင်းပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နဲ့ စင်ကာပူမှာ အခြေစိုက်နေထိုင်တဲ့ သူ့ရဲ့ တူနဲ့ တူမတွေဟာ မြန်မာနိုင်ငံရဲ့ လေကြောင်း ကဏ္ဍမှာ အကြံဉာဏ်တွေပေးတာ၊ လေယာဉ်အပိုပစ္စည်းတွေဝယ်ယူတာ၊ လေယာဉ်ငှားရမ်းမှုနဲ့ ပြုပြင်ထိမ်းသိမ်းမှုတွေနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို မိသားစု စီးပွားရေးအဖြစ် လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ 

စင်္ကာပူရှိ ဈေးကြီးတဲ့နေရာတွေမှာ ပါတီပွဲတွေနဲ့ ဘန်ကောက်၊ လန်ဒန်နဲ့ ဆန်တိုရီနီ ခရီးစဉ်တွေကို ပြသထားတဲ့ လူမှုကွန်ရက်ပေါ်က ဓာတ်ပုံတွေနဲ့ ပို့စ်တွေဟာ သာမန် မြန်မာပြည်သူတွေ လက်လှမ်းမမီနိုင်လောက်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ မိသားစုဝင်တွေရဲ့ဘဝနေထိုင်မှုပုံစံကို ထင်ဟပ်နေပါတယ်။

ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ဟာ ကာကွယ်ရေးဦးစီးချုပ်(လေ)တာဝန်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ စတင်ထမ်းဆောင်ခဲ့တာဖြစ်ပြီး   အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တယောက်လည်း ဖြစ်တာကြောင့် အမေရိကန် အစိုးရရဲ့  ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ခံထားရပါတယ်။

Photo-DSINFO
Ref-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013