DVB Logo
Home
Lead Story
အသေခံ ဗုံးဖောက်ခွဲဖို့ အခိုင်းခံခဲ့ရတဲ့ ၁၀ နှစ်အရွယ် အာဖဂန် မိန်းကလေး
DVB
·
February 1, 2014
အသေခံ ဗုံးဖောက်ခွဲဖို့ အခိုင်းခံခဲ့ရတဲ့ ၁၀ နှစ်အရွယ် အာဖဂန် မိန်းကလေး
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက ဟဲလ်မန်ပြည်နယ်ထဲရှိ နယ်စပ်ရဲစခန်းကို အသေခံ ဗုံးဖောက်ခွဲပေးဖို့ ဖိအားပေး အခိုင်းခံခဲ့ရတယ်လို့ အသက် ၁၀ နှစ်အရွယ် အာဖဂန် မိန်းကလေးငယ်က ပြောပါတယ်။ နောက်ဆုံးမိနစ်ပိုင်းလေးမှာပဲ သူဟာ ဖောက်ခွဲရေးဝတ်စုံကို ၀တ်ပြီး ရဲကို ခေါ်လိုက်ပါတယ်။ ခုတော့ ရဲတပ်ဖွဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ ရောက်နေပြီဖြစ်ပါတယ်။

ဇန်န၀ါရီလ ၆ ရက်နေ့က ဆပို့ဇ်မိုင် ကို လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတာပါ။ အဲဒီနေ့ဟာ သူ့ ကိုယ်မှာ ဗုံးတွေတပ်ဆင်ထားတာကို တွေ့ခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။

Afghan_Suicide_Attack_web_140125_672ဆပို့ဇ်မိုင် က “ကျမ အကို ဇာဟီရာနဲ့ ဂျာဘာလို့ ခေါ်တဲ့ တခြားလူ တယောက်က ကျမကို အင်္ကျီ ၀တ်ပေးပြီးတော့ အသေခံတိုက်ခိုက်ရေးဝတ်စုံကိုလည်း ဆင်ပေး ၀တ်ပေးပါတယ်။ နောက် သူတို့က ကျမကို တခြားအ၀တ်တွေ ပေးပါတယ်။ ကျမကို ပြောသေးတာက အ၀တ်ခြောက်တစ်ထည်ကို ၀တ်ပြီး လုံခြုံရေးတပ်ဖွဲ့စခန်းထဲမှာ သွားဖောက်ခွဲလိုက်လို့ ပြောပါတယ်”လို့ ပြောပါတယ်။

တာလီဘန်တပ်မှူးတစ်ယောက်ဖြစ်တဲ့ အစ်ကိုဖြစ်သူက သူ့ကို အားပေးခဲ့တယ်လို့ ဆပို့ဇ်မိုင်က ပြောပါတယ်။

“ကျမ အသေခံဝတ်စုံကို ၀တ်နေရင်းမှာ ကျမ အအေးမိနေ သလိုပဲလို့ ကျမအစ်ကို ကို ပြောလိုက်မိတယ်။ အဲဒါ ကျမ ဒါကို မလုပ်ချင်လို့လေ။ ဒါပေမယ့် အစ်ကိုက သွားပြီး တိုက်ခိုက်ရေးလုပ်ဖို့ ကျမကို အားပေးတိုက်တွန်းခဲ့တယ်။ ကျမ သတ်မှတ်ထားတဲ့နေရာဆီ နီးလာတဲ့အခါကျတော့ ဘာဖြစ်မလဲဆိုတာ ကျမ မသိခဲ့ပါဘူး။ ဒါပေမယ့် ကျမ ချက်ချင်းလိုလိုပဲ ရဲစခန်းနဲ့ ဝေးဝေးကို သွားလိုက်ပြီး ရဲတွေကို အော်ခေါ်လိုက်တာပါ။”

ဟဲလ်မန်ပြည်နယ် ရဲချုပ် ဟာမိဒ် အလ္လာ ဆီဒီချီက “ဒီမိန်းကလေးက သူ့ကို ကူညီပေးဖို့ အော်ငိုပြီး ပြောနေတာပါ။ နောက် ရဲတွေက အဲဒီနေရာကို ၀ိုင်းထားလိုက်တယ်။ ဆပို့ဇ်မိုင်ရဲ့ အစ်ကိုကတော့ လွတ်သွားပြီလေ။ ကျနော်တို့ ဒီမိန်းကလေးကို ကယ်ဆယ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

တာလီဘန်တွေကတော့ ဒီအစီအစဉ်မှာ ပတ်သက်မှုရှိနေတယ်ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ကုလသမဂ္ဂ အစီရင်ခံစာအရဆိုရင် အာဖဂန်နစ္စတန်မှာ ကလေးငယ် ၆၀ ကျော်ကို သောင်းကျန်းသူအဖွဲ့တွေက သူတို့အဖွဲ့ဝင်တွေအဖြစ် စုဆောင်းခဲ့ပါတယ်။ ကလေးအတော်များများကို ဗုံးတွေ ထုတ်လုပ်ဖို့နဲ့ ဗုံးတွေထောင်ဖို့ တာလီဘန်တွေက စုဆောင်းခဲ့တာပါ။ ဒါပေမယ့်လဲ မိန်းကလေးငယ်လေး တစ်ယောက်ကို ကိုယ့်ကိုယ်ကို ဖောက်ခွဲခိုင်းတာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန် လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်က အဗ္ဗဒူလ် အဘစ်က “တာလီဘန်တွေက အသေခံတိုက်ခိုက်မှုတွေနဲ့ မိုင်းထောင်တဲ့ နေရာတွေမှာ ကလေးငယ်တွေကို သုံးတယ်ဆိုတာ ကျနော်တို့ ကြားထားပါတယ်။ ဒါပေမယ့် ခုလို မိန်းကလေးတစ်ယောက်ကို အသေခံတိုက်ခိုက်ဖို့ စေလွှတ်တယ်ဆိုတာကတော့ ဒါ ပထမဆုံးပါပဲ”လို့ ဆိုပါတယ်။

အာဖဂန်ရဲတွေဟာ ခုတော့ လွတ်မြောက်သွားတယ်လို့ ယူဆရတဲ့ မိန်းကလေးရဲ့ အစ်ကိုဖြစ်သူကို ရှာဖွေနေပါတယ်။ ဆပို့ဇ်မိုင်ရဲ့ အဖေ အဗ္ဗဒူလ် ဂါဖှောဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဘ၀တိုးတက်ရေးအတွက် ဟဲလ်မန်ပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။

ဆပို့ဇ်မိုင်ရဲ့ အဖေ အဗ္ဗဒူလ် ဂါဖှော က “ကျနော်တို့ရဲ့ ဘ၀တွေက အန္တရာယ်ထဲမှာ နေရတာပါ။ ကျနော် ကိုယ့်ကိုယ်ကို ကယ်နိုင်ပေမယ့် ကျနော့်သမီးလေးကိုတော့ ကာကွယ် မပေးနိုင်ပါဘူး”လို့ ပြောပါတယ်။

ဆပို့ဇ်မိုင်ဟာ ခုတော့ ဟဲလ်မန်ဒ်ပြည်နယ်ရဲ့ မြို့တော်ထဲက အကာအကွယ် အစောင့်အရှောက် တွေ စီစဉ်ထားတဲ့ ထိန်းသိမ်းမှုအောက်မှာပါ။ သမ္မတ ဟာမစ်ကာဇိုင်းကတော့ ဒီမိန်းကလေးကို သူ့အိမ်ဆီ ပြန်ပို့ပေးဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ဒါဟာ သင့်တော် ကောင်းမွန်တဲ့ စိတ်ကူးလို့ မယူဆဘူးလို့ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

“ဒီမိန်းကလေးက ဘေးကင်းလုံခြုံမှု မရှိသေးပါဘူး။ သူဟာ ထပ်ပြီး ဓားစာခံ ထပ်ဖြစ်ဦးမှာပဲလို့ သူကိုယ်တိုင် ပြောနေတာပါ။”

ဆပို့ဇ်မိုင်ရဲ့ အဖေကတော့ သူ့ကို တခြားပြည်နယ်တခုမှာ မြေကွက်တကွက် ပေးဖို့ သမ္မတ ဟာမစ်ကာဇိုင်းကို တောင်းဆိုထားပါတယ်။

မိန်းကလေး ဆပို့ဇ်မိုင် က “ကျမ ဒီနေရာမှာ နေချင်ပါတယ်။ ကျမ ပြန်မသွားချင်ဘူး။ တကယ်လို့ ကျမသာ ပြန်သွားရင် သူတို့ ဒီလိုကိစ္စကိုပဲ ထပ်လုပ်ခိုင်းဦးမှာပဲ။ အရင် သူတို့လုပ်ခိုင်းခဲ့တဲ့ အသေခံတိုက်ခိုက်ရေး လုပ်ဖို့ ကျမကို အတင်း ခိုင်းဦးမှာပါပဲ”လို့ ပြောပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဂါယာဝါဇီရီ က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်ကနေ သတင်းပေးပို့ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013