DVB Logo
Home
မြန်မာသတင်း
ဒုချီးရားတန်း မီးလောင်မှု စွပ်စွဲချက် ရဲတပ်ဖွဲ ငြင်းဆို
DVB
·
January 31, 2014
ဒုချီးရားတန်း မီးလောင်မှု စွပ်စွဲချက် ရဲတပ်ဖွဲ ငြင်းဆို
Donate to DVB

ရခိုင်ပြည်နယ် ဒုချီးရားတန်းကျေးရွာ မီးလောင်မှုမှာ ဒေသခံရဲတွေ ရှို့တာမဟုတ်ဘူးလို့ မောင်တောမြို့နယ် ရဲတပ်ရင်းများ ကွက်ကဲရေးအဖွဲ့ ဒုရဲမှူးက ငြင်းဆိုလိုက်ပါတယ်။

ဒုချီးရားတန်းကျေးရွာမီးလောင်မှုဟာ ဒေသခံရဲတွေကိုယ်တိုင် ရှို့တဲ့မီးဖြစ်တယ်လို့ ဘူးသီးတောင်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်ရာမှာ ပြောခဲ့တာပါ။

1560475_454171878044017_910658737_nအခုလို ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး မောင်းတောမြို့နယ် ရဲတပ်ရင်းများ ကွက်ကဲရေးအဖွဲ့ ဒုရဲမှူး ဦးတင်အေးက ဒုချီးရားတန်းကျေးရွာမှာ ပဋိပက္ခဖြစ်ပြီး ဒေသခံတွေ ပြန်လာနိုင်အောင် အဝေးကနေ လုံခြုံရေးယူနေတဲ့အချိန်မှာ မီးလောင်တာဖြစ်တဲ့အတွက် ဒီမီးလောင်မှုက ရဲတွေ ရှို့တာ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

“ဒါကတော့ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲဗျ။ ဒီလိုပဲ ကျနော်တို့ ပြောရမှာပဲလေ။ ရဲတွေ နေရာယူတဲ့ နေရာနဲ့ ဝေးလည်း ဝေးတယ်။ သူတို့ အဆောက်အဦတွေကို မီးရှို့မှာ ဖျက်ဆီးမှာ စိုးလို့ အကာအကွယ်ပေးပြီး ယူထားတာလေ။ ဖြစ်စရာအကြောင်း မရှိဘူး။ သူတို့နဲ့ ကျနော်တို့ ဖြစ်တာမှ မဟုတ်တာ။ အကယ်၍ ဒီလိုမျိုးသူတို့ ယူဆရင် မှားတဲ့ အယူအဆ ဖြစ်လိမ့်မယ်။ အထက် အကြီးအကဲ အမိန့်နဲ့ တာဝန်ထမ်းဆောင် တာဆိုတော့ အဲဒီဘက်ကို သွားကို မသွားရတာ။ မသွားရတော့ ကျနော်တို့ ဘက်က မီးရှို့ဖို့ဆိုတာ ပြောစရာကို မရှိတာ။ သူတို့ရဲ့ စွပ်စွဲမြဲပုံစံနဲ့ စွပ်စွဲတဲ့ သဘောပဲ ဖြစ်လိမ့်မယ်။ ဒီဘက်ကလည်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သံတမန်တွေကို ရှင်းပြပြီးပြီ။”

ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ လွှတ်တော်အမတ် ဦးရွှေမောင်အနေနဲ့ တာဝန်မဲ့ မပြောသင့်ဘူးလို့ အခုလိုပြောဆိုလိုက်ပါတယ်။

“ရွာမီးလောင်တယ်ဆိုရင် ရွာသူရွာသားတွေ အကုန်လုံးက ၀ိုင်းငြိမ်းရမှာပေါ့။ ၀ိုင်းမငြိမ်းပဲ ထွက်ပြေးတယ်။ ဒီကသွားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေသာ မီးငြိမ်းပေးရတာပါ။ ဓာတ်ပုံ အထောက်အထား ဆိုတာ သူတို့က မီးရိပ်ထဲမှာ ထွက်ပြေးတဲ့ဟာကို ညမှောင်တဲ့အချိန်မှာ ကင်မရာနဲ့ ဘယ်လိုမှ ရိုက်လို့ မရပါဘူး။ ဦးရွှေမောင် ပြောတာက တရားဝင်မဟုတ်ပဲနဲ့ ပြောတာက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ အဲဒီလို မပြောသင့်ပါဘူး ခင်ဗျ။”

ဇန်န၀ါရီ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် ​မောင်းတောမြို့ ဒုချီးရားတန်း အလယ်​ရွာမှာ ရဲတပ်ကြပ်ကြီးတဦး ပျောက်ဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ မွတ်စလင် ၁၄ ဦး သေဆုံးတယ်လို့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အစည်းအရုံးက ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မွတ်စလင် လေးဆယ်ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ ​ ​ပဋိပက္ခမှာ ​အစိုးရနဲ့ဒေသခံ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံရုံးတာဝန်ရှိသူတွေအကြား မပြေလည်မှု တွေရှိနေတဲ့အချိန်မှာ ဇန်န၀ါရီ ၁၈ ရက်နေ့ညက ဒုချီးရားတန်း အနောက်ရွာမှာ နေအိမ် ၁၆ လုံး မီးလောင်ခဲ့ပါတယ်။

မီးလောင်ပြီးနောက် ပဋိပက္ခဖြစ်တဲ့ အဲ့ဒီဒေသတွေကို ကုလသလမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တွေ ရောက်သွားပြီးလေ့လာစစ်ဆေးမှုတွေ လုပ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013