DVB Logo
Home
နိုင်ငံရေး
ဖွဲ့စည်းပုံပြင်ဆင်ရေး အများစုလိုလားကြောင်း ပြည်ထောင်စုလွတ်တော်ကို တင်ပြ
DVB
·
January 31, 2014
ဖွဲ့စည်းပုံပြင်ဆင်ရေး အများစုလိုလားကြောင်း ပြည်ထောင်စုလွတ်တော်ကို တင်ပြ
Donate to DVB

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အကြံပြုသူအများစုက လိုလားတယ်လို့ သုံးသပ်ထားတဲ့ အစီရင်ခံစာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

အဖွဲ့ဝင် ၁၀၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ဒီကနေ့တင်သွင်းတဲ့ စာမျက်နှာ ဆယ်မျက်နှာပါ “လေ့လာတွေ့ရှိချက်နဲ့ သုံးသပ်ချက် အစီရင်ခံစာ” မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်းလိုက် လေ့လာသုံးသပ်ချက်တွေ့ရှိချက်မှာ မူလအတိုင်းထားလိုသူက ၃၆၇ ရှိပြီး ပြင်ဆင်လိုသူက ၄၁၃၉၁ ဦးက အကြံပြုတင်ပြထားတာကို ဇယားကွက်နဲ့ ဖော်ပြပါတယ်။

Union Parlimentအကြံပြုစာတွေကို ပါတီ ၂၀၊ ဥပဒေပညာရှင် အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့၊ ဌာနဆိုင်ရာ၊ ပြည်သူနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ အကြံပြုစာ စုစုပေါင်း ၂ သောင်း ၈ ထောင်ကျော်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အခြေခံမူများကို ပြဋ္ဌာန်းတဲ့ အခန်း ၁ ကို မူလအတိုင်းထားရှိလိုသူက ၄၇ ဦး အကြံပြုတင်ပြထားပြီး ပြင်ဆင်လိုသူက ၂၇၁၄၈ဦး၊ ပယ်ဖျက်လိုသူက ၂၆၂ ဦးက အကြံပြုတင်ပြထားတယ်လို့ ဆိုပါတယ်။

အဲဒီအခန်း (၁) ထဲမှာ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်တယ်ဆိုတဲ့အချက်ဟာ အဓိကအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတိုင်းမှာ ပြင်ဆင်သင့်တယ်လို့ တောက်လျှောက်ပြောနေတဲ့ အချက်ဖြစ်ပါတယ်။

ဒါ့အပြင် အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းအခန်းကို မူလအတိုင်းထားရှိရန် အကြံပြုသူ မရှိဘဲ ပြင်ဆင်ရန် အကြံပြုသူက ၅၈၆၄ ဦး ရှိပါတယ်။ ဒီအခန်းကို ပြင်ဆင်ဖို့ အကြံပြုသူက ဒုတိယအများဆုံးဖြစ်ပါတယ်။

အဲဒီ အခန်း ၁၂ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းရမှာဖြစ်ပြီး ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြရင် ပြင်ဆင်ချက်မူကြမ်းကို ပြည်ထောင်စုလွတ်တော်က လက်ခံဆွေးနွေးရမယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲက သတ်မှတ်ထားတဲ့ ပုဒ်မတချို့ပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ချင်ရင် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီးမှသာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။

အဲဒီပြဋ္ဌာန်းချက်အပေါ် တပ်မတော်သား ၂၅ ရာခိုင်နှုန်းရယူထားတဲ့ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်မပါရင် ပြင်မရဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြနေကြပါတယ်။

ပြင်ဆင်ရန် တတိယမြောက် အများဆုံးအကြံပြုတဲ့အခန်းကတော့ အခန်း (၃) နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ အခန်းဖြစ်ပါတယ်။ ဒီအခန်းဟာ ပြည်တွင်းပြည်ပက လက်ခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မရစေမယ့် ပုဒ်မ ၅၉ (စ) အပါအ၀င်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင်ကတော့ မြန်မာနိုင်ငံသားဖြစ်ပေမယ့် ဗြိတိသျှလူမျိုး မိုက်ကယ်အဲရစ်ကို အိမ်ထောင်ပြုခဲ့တာကြောင့် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ခံထားရသလို ဖြစ်နေပါတယ်။

ဒီပြဋ္ဌာန်းချက်ထဲမှာ သမ္မတနဲ့ ဒုတိယသမ္မတအရည်အချင်းထဲမှာ ကိုယ်တိုင်ဖြစ်ဖြစ်၊ မိဘတဦးဦး သို့မဟုတ် ခင်ပွန်း သို့မဟုတ် ဇနီး၊ မိမိရဲ့ တရားဝင်သားသမီး၊ သားသမီးရဲ့ ဇနီးသို့မဟုတ်ခင်ပွန်း တဦးဦးဟာ နိုင်ငံခြားသားဖြစ်တာနဲ့ ရွေးချယ်ခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားတာပါ။ နိုင်ငံတော်သမ္မတဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်လည်းပါရှိတဲ့ ဒီအခန်းကို ပြင်ဆင်ဖို့ လိုလားသူက ၅၈၃၃ ဦးရှိပြီး မူလအတိုင်းထားလိုသူက ၈၂ ဦးပဲ ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မတီကို လက်ရှိအာဏရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။


အဲဒီအစီရင်ခံစာမှာ ဗဟိုချုပ်ကိုင်မှု များလွန်း-နဲလွန်းခြင်းကြောင့် မလိုလားအပ်တဲ့ ကိစ္စတွေ မဖြစ်အောင် ပြင်ဆင်သင့်တဲ့အချက်တွေကို အချိန်မီပြင်ဆင်ဖို့၊ တိုင်းရင်းသားလူမျိုး အလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းပေးဖို့ ပြင်ဆင်ရာမှာ ပါတီစွဲ-ပုဂ္ဂိုလ်စွဲမထားဘဲ ဦးစားပေးအဆင့်သတ်မှတ်ပြီး ပြင်ဆင်-ပယ်ဖျက်-ဖြည့်စွက်သွားဖို့ မတူညီတဲ့ အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်က အဓိပ္ပာယ်အတည်ပြုဖို့ တင်ပြချက်တွေထဲမှ လွှတ်တော်မှာ ၇၅ ရာနှုန်းနဲ့ ပြင်နိုင်တဲ့အချက်တွေကို ဦးစားပေးဆောင်ရွက်သွားဖို့ စတဲ့ သုံးသပ်ချက် ၆ ချက်ပါဝင်ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်-ပယ်ဖျက်-ဖြည့်စွက်သင့်တာတွေကို အစီရင်ခံစာပါ သုံးသပ်ချက်တွေအတိုင်း အဆင့်လိုက် ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ပေးဖို့လည်း တင်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ကျားဖြူပါတီက သီပေါမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးရဲထွန်းကလည်း ဒီကော်မတီရဲ့သုံးသပ်ချက်ဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေအတွက် အလားအလားကောင်းတယ်လို့မြင်ပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးရဲထွန်းက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီဖို့အတွက်တော့ တကယ်ပြင်ဖို့ လိုပါတယ်ဆိုတဲ့ ဟာပေါ့။ အရေးကြီးတဲ့ အချက်တွေကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပုံစံ ဒါမှမဟုတ် ပြည်ထောင်စု စနစ်ပုံစံ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အဲဒါတွေနဲ့ ပတ်သက်ပြီး အာမခံချက်ရှိတဲ့ စနစ်တခုကို ရောက်ဖို့အတွက် ပြင်ဖို့တော့ လိုပါတယ်ဆိုတဲ့ ဟာတခုပေါ့ အဲဒါတော့ ကျသွားပြီ” လို့ ပြောပါတယ်။

၁၀၉ ဦးကော်မတီမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က သဘောထားမကိုက်ညီမှုတွေရှိပေမယ့် ဒီမိုကရေစီကျင့်စဉ်အတိုင်း သဘောထားကြီးပြီး ဆက်လက်ကြိုးပမ်းရမယ်လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် ၁၀၉ ဦးပါဝင်တဲ့ ပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီတွေ့ရှိချက်တွေကို အကောင်ထည်ဖော် ဆောင်ရွက်ဖို့ ကော်မတီ တခုကိုလည်း ထပ်မံ ဖွဲ့စည်းသွားဖွယ်ရှိတယ်လို့ လွှတ်တော်အတွင်းသတင်းထွက်ပေါ်နေပြီး ဒီကော်မတီကို စောင့်ကြည့်ရမယ်လို့လည်း အမတ် အများစုက သုံးသပ်နေပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပတ်သက်လို့ ရှင်းလင်းပွဲတွေ လိုက်လံလုပ်ဆောင်ခဲ့ရာမှာ တက်ရောက်လာကြတဲ့ ပြည်သူတွေက အသစ်ရေးဆွဲရေးထက် ပြင်ဆင်ရေးကို လိုလားတယ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကနေ ရေးဆွဲခဲ့တာဖြစ်ပြီး ခုနှစ်နှစ်ကျော်အကြာမှာ အပြီးသတ်ခဲ့ပါတယ်။ ဒီနောက် ၂၀၀၈ ခုနှစ်မှာ လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုခဲ့ပြီး ဆန္ဒခံယူပွဲရလဒ်နဲ့ ပတ်သက်လို့လည်း ဝေဖန်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013