DVB Logo
Home
မြန်မာသတင်း
Mytel Business Plan ကတ်များဈေးတက်
DVB
·
January 11, 2022
Mytel Business Plan ကတ်များဈေးတက်
Donate to DVB

ဖုန်းဆင်းမ်ကတ် စတင်အသုံးပြုမှုအတွက် ငွေကျပ် ၂ သောင်း အခွန်ကောက်ဖို့နဲ့ ဖုန်းဒေတာတွေ ဝယ်ယူတာကနေ အခွန်ကောက်မယ်လို့ စစ်ကောင်စီက ကြေညာပြီးတဲ့နောက်  စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ Mytel Business Plan ကတ်တွေ ဈေးတက်သလို ရောင်းအားလည်း မြင့်တက်သွားပါတယ်။

“အရင်က တလစာပါပြီးသားတကတ်ကို ၃ သောင်းလောက်ပဲ ရှိတာ။ အခုက ၄ သောင်းကျော်အထိ တက်သွားတယ်။ သူက ပလန်ကတ်တွေဆိုတော့ အချိန်မရွေး ပလန်ပျက်သွားနိုင်တယ်ဆိုပေမဲ့ တလလုံး ကြိုက်သလောက်သုံးလို့ရတာနဲ့ဆို တန်တယ်လေ။ ကျနော့်မှာ ဟိုတရက်က တကတ်ကို သုံးသောင်းခွဲနဲ့ အကုန်ရောင်းပစ်လိုက်ပြီး အခု ပြန်ရောင်းစရာ မရှိတော့ဘူး။ ဆိုင်တွေက တကတ်ကို ၄၅၀၀၀ နဲ့ ရောင်းနေကြပြီ” လို့ ဆင်းမ်ကတ်လက်လီရောင်းသူ တယောက်က ပြောပါတယ်။

Mytel Business Plan ကတ်တွေဟာ တချို့မြို့နယ်တွေမှာ VPN မလိုဘဲ ဖေ့စ်ဘွတ်ခ် စတာတွေကို သုံးစွဲနိုင်ပြီး အဲဒီမြို့နယ်တွေမှာ ဖေ့စ်ဘွတ်ခ်၊ ဗိုက်ဗာ၊ ယူကျုနဲ့ ဂူးဂယ်လ်ကို ဒေတာ အကန့်အသတ်မရှိသုံးနိုင်သလို တလမှာ 30 GB ရသေးတာပါ။

“တလကို တသောင်းခွဲဆိုရင် ဖုန်းပြောဖို့ မိနစ် ၄၀၀ ရတယ်။ အင်တာနက်အတွက် 30 GB ရတယ်ဆိုတော့ သုံးနေကြတာပေါ့။ အဓိကကတော့ အင်တာနက် များများသုံးရတဲ့သူတွေနဲ့ ဝိုင်ဖိုင်မရတဲ့နေရာတွေက သုံးကြတယ်။ ဒါက ပလန်ကတ်ဆိုတော့ တခြားကတ်တွေလို ထုတ်ထားတာလည်း မဟုတ်တော့ ခု ဈေးကွက်ထဲမှာ လိုသလောက်မရဘူး” လို့ အရောင်းအဝယ်လုပ်သူတယောက်က ပြောပါတယ်။

ဖုန်းဒေတာဝယ်ယူတာကနေ အခွန်ကောက်ဖို့နဲ့ ဖုန်းကတ်စတင်အသုံးပြုဖို့ ငွေကျပ် ၂ သောင်းစီ ကုန်သွယ်ခွန်ကောက်ဖို့ စစ်ကောင်စီက ပြင်ဆင်ထားပြီး လက်ရှိရောင်းနေတဲ့ကတ်တွေဟာ စတင်အသုံးပြုပြီးသားဖြစ်လို့ ငွေ ၂ သောင်း ကုန်ကျမှာ မဟုတ်ပေမဲ့ လာမယ့်တပတ်လောက်မှာ ဖုန်းကတ်တွေ ဈေးတက်နိုင်တယ်လို့လည်း ဖုန်းကတ်ရောင်းဝယ်သူ တယောက်က ပြောပါတယ်။

တခြားအော်ပရေတာတွေဖြစ်တဲ့ အော်ရီဒူး၊ တယ်လီနောတို့ကတော့ လက်ရှိအချိန်အထိ ဒေတာတွေကို အရင်ဈေးနှုန်းနဲ့ ဝယ်ယူနေနိုင်တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ လက ဖုန်းဒေတာတွေကို ဈေး ၂ ဆအထိမြှင့်ဖို့ စစ်ကောင်စီက စေခိုင်းခဲ့ပေမဲ့ Mytel ကတော့ ဒေတာတွေကို ပေါပေါများများပေးနေသေးတာပါ။ တခြားအော်ပရေတာတွေမှာ ငွေကျပ် ၂၀၀၀ နဲ့မှ ၁ GB ပဲ ရပေမဲ့ ပရိုမိုးရှင်းရထားတဲ့ Mytel ကတ်တွေမှာ ငွေ ၁၀၀၀ ကျပ်နဲ့ ၃ GB ရတယ်လို့ သုံးစွဲသူတယောက်က ပြောပါတယ်။

“MyID ဆိုတဲ့ အက်ပလီကေးရှင်းကနေ ငွေဖြည့်ရင် ၃၀၀ MB ရတယ်။ ဒေတာတွေ၊ ဖုန်းပြောမိနစ်တွေနဲ့ ပြန်လဲလို့ ရတဲ့ အမှတ်တွေလည်း ရတယ်။ ပြီးတော့ MyID ကနေ ဒေတာဝယ်ရင် အပိုက နောက်တဆလောက်ရတယ်။ အမှတ်တွေလည်းရတယ်။ နောက်ထပ် ဂိမ်းဆော့လို့ရသေးတယ်။ သူကလည်း ဒေတာတွေထပ်ရတယ်။ အဲဒီဂိမ်းက နေ့တိုင်း ၃ ကြိမ် ဖရီးဆော့လို့ရတယ်။ ငွေ ၁၀၀၀ ဆိုရင် ၂၀၀၀ MB လောက်ရတဲ့သဘောပဲ” လို့ ရှင်းပြပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင် ကန့်ကွက်ပြီး စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ထုတ်ကုန်တွေ မသုံးဖို့ တိုက်တွန်းနှိုးဆော်နေကြပေမဲ့ ငွေကြေးအရ ပိုပြီးသက်သာတဲ့ Myte; ဆင်းမ်တွေကို သုံးစွဲနေကြရတယ်လို့လည်း သုံးစွဲသူတယောက်က ပြောပါတယ်။

Mytelမသုံးသူတယောက်ကတော့ “အများအားဖြင့်ကတော့ Mytelကို မသုံးကြပါဘူး။ အဲလိုလူတွေကတော့ အင်တာနက်သုံးတာ လျှော့လိုက်ကြရတာပေါ့။ ဈေးတွေ တက်ကတည်းကလေ။ သူတို့(စစ်ကောင်စီ) က သတင်းစီးဆင်းတာကို ဖြတ်တောက်ချင်တာ။ နောက်ဆို ဖုန်းပြောခတွေပါ ဈေးတက်မလား မသိဘူး။ ဝိုင်ဖိုင်တွေကတော့ အခုထိ ဈေးတက်မယ်လို့ မပြောသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဖုန်းဆင်းမ်ကတ်တွေ၊ မိုဘိုင်းဒေတာ ဝန်ဆောင်မှုတွေအတွက် အခွန်တိုးကောက်မယ်လို့ ကြေညာပြီးနောက်မှာ တယ်လီနောမြန်မာကလည်း သုံးစွဲသူတွေကို စျေးနှုန်းတွေ တိုးမြှင့်သတ်မှတ်မယ်လို့ ကြေညာထားပါတယ်။ 

စစ်ကောင်စီဟာ ဆင်းမ်ကတ်အသစ်တွေအတွက် ကုန်သွယ်အခွန် ကျပ် ၂ သောင်း တိုးမြှင့်ပြီး ဒေတာဝန်ဆောင်မှုမှ ရရှိငွေအပေါ် ၁၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံပါတယ်။

တယ်လီနောရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ဒေတာစျေးနှုန်း ပြောင်းလဲခြင်းအတွက် ပြင်ဆင်ထားဖို့လည်း သတိပေးထားပါတယ်။

အခွန်တိုးမြှင့်မှုဟာ နိုင်ငံတွင်းရှိ မိုဘိုင်းကွန်ရက်အော်ပရေတာတွေနဲ့ ISP တွေအားလုံးအတွက် စျေးနှုန်းအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ တယ်လီနောက မှတ်ချက်ပြုထားတယ်လို့ Mobile World live သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013