DVB Logo
Home
နိုင်ငံရေး
သက်တမ်း ၃ နှစ်ပြည့် လွှတ်တော်အပေါ် အမြင်သဘောထား
DVB
·
January 31, 2014
သက်တမ်း ၃ နှစ်ပြည့် လွှတ်တော်အပေါ် အမြင်သဘောထား
Donate to DVB

ဇန်န၀ါရီ ၃၁ ရက် လွှတ်တော်မှာ လွှတ်တော်သက်တမ်း ၃နှစ်ပြည့် နေ့လယ်စာ စားပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်မှာ လွှတ်တော်စည်းဝေးတွေ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီတကြိမ်လွှတ်တော်နဲ့ပါဆို အစည်းအဝေး အရပ်ရပ် ၉ ကြိမ် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

parliment 1ဥပဒေပြုရေးပိုင်းမှာ အဓိက တာဝန်ရှိတဲ့ လွှတ်တော်ဟာ ဥပဒေပြုရေးပိုင်းမှာ အားရကျေနပ်ဖို့ ကောင်းပါသလားဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက မြန်မာ့လွှတ်တော်ရဲ့ ဥပဒေပြုရေးအပိုင်းမှာ ကျွမ်းကျင်ပညာရှင်တွေ အကူအညီ ရယူသင့်တယ်လို့ ပြောပါတယ်။

“သက်ဆိုင်ရာ ဥပဒေကြမ်းတွေကို လွှတ်တော်ထဲမှာ မဆွေးနွေးခင်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ သက်ဆိုင်တဲ့ လူထုလူတန်းစား ကိုယ်စားလှယ်တွေ ဒါတွေကို တရားဝင် ကြားနာမှုတွေ လုပ်သင့်ပါတယ်။ အခြားနိုင်ငံတွေမှာ ဥပမာ - အမေရိကန် ကွန်ဂရက်မှာဆိုရင် ရေးရာကော်မတီတွေဟာ ဥပဒေကြမ်းတခုကို ဆွေးနွေးတော့မယ်ဆိုရင် မဆွေးနွေးခင်မှာ သက်ဆိုင်ရာ ပညာရှင်တွေကို တရားဝင် ဖိတ်ခေါ်ပါတယ်။ အဲဒီလိုမျိုးပဲ သက်ဆိုင်ရာ လူထု လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကိုလည်း တရားဝင် ဖိတ်ခေါ်ပါတယ်။ အဲဒီလို ဆွေးနွေးမှုမျိုးတွေကိုလည်း လူထုက ၀င်ရောက်နားထောင်နိုင်ပါတယ်။ အဲဒီလိုမျိုး ကြားနာ စစ်ဆေးမှုတွေကို လုပ်စေချင်ပါတယ်။”

စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ လိုမျိုး အခြေခံဥပဒေနဲ့ မညီညွတ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပြီး ခုချိန်ထိလည်း မပြင်ဆင်နိုင်သေးလို့ လွှတ်တော်အပေါ် ဝေဖန်ချက်တွေ ရှိနေပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပုလဲလွှတ်တော်အမတ် ဒေါက်တာတင့်ဆွေက ဥပဒေတွေပြုပြင်ပြဋ္ဌာန်းတဲ့အခါတွေမှာ ပြည်သူလူထုရဲ့ တကယ့်အသံကို နားမထောင်ခဲ့လို့ဖြစ်ကြောင်း သုံးသပ် ပြောကြားပါတယ်။

“ပြည်သူလူထုနဲ့ ဆန့်ကျင်တဲ့ ဥပဒေဖြစ်သွားတဲ့အခါမှာ ဘာကိုဖော်ပြသလဲဆိုတော့ ဥပဒေ မပြုခင်မှာ ပြည်သူလူထုရဲ့ တကယ့် စစ်မှန်တဲ့ အသံတွေကို နားထောင်ခဲ့ခြင်း မရှိဘူး။ နားထောင်ရင်လည်း လုံလောက်အောင် နားမထောင်ခဲ့ဘူးလို့ ဖော်ပြရာ ရောက်တယ်ခင်ဗျ။ ဒီဟာတွေကို လာမယ့်လွှတ်တော်မှာလည်း ပြင်သင့်တယ်။ အခု လွှတ်တော် မကုန်ခင် ဒါတွေကို ပြင်ဆင်သင့်တယ်။ လူထုဆီသွားတဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ လက်ညှိုးချိုးရေ လောက်အောင်ပဲ မြင်တယ်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် လူထုဆီကို ဟိုးအဝေးကြီးနဲ့ တောင်ပေါ်ဒေသ၊ နယ်စပ်ဒေသတွေအထိ သွားတော့ အင်အားကြီးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ၂၅ ရာခိုင်နှုန်း ယူထားတဲ့ တပ်မတော် ကိုယ်စားလှယ်တွေဟာ တပ်မတော်ကိုယ်စားလှယ်လည်း တပ်မတော်ထဲ သွားရဲ့လား၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း ၆၀ ရာခိုင်နှုန်းကျော် ယူထားပေမယ့်လို့ သူရဲ့ မဲဆန္ဒနယ်က ပြည်သူ လူထုဆီ သွားရဲ့လားလို့ ကျနော်မေးခွန်းထုတ်ချင်တယ်။ တနည်းအားဖြင့် ပြုလိုက်တဲ့ ဥပဒေတွေဟာ ပြည်သူလူထုနဲ့ မနီးစပ်မထိစပ်လို့ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ အကာအကွယ်ပေးမယ့် ဥပဒေတွေ မဖြစ်လာတာလို့ ဒါဟာ အင်မတန်မှ စိတ်မကောင်းစရာကောင်းတဲ့ အားနည်းချက်ကြီးဖြစ်တယ်လို့ သုံးသပ်ပါတယ်။”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကတော့ လွှတ်တော်ထဲ အတိုက်အခံ မရှိဘူးလို့ သုံးသပ် ပြောပါတယ်။
“ကျနော့် တယောက်တည်း သဘောအရ ပြောမယ်ဆိုရင် အတိုက်အခံလို့တောင် မမြင်ဘူး။ အစိုးရ ဘက်က လွှတ်တော်စဖွဲ့တုန်းက အတိုက်အခံမရှိသော လွှတ်တော်၊ အတိုက်အခံ မရှိသော အစိုးရ အဲဒီလို မျိုးပြောနေကြတာ။ အဲဒီ စီမံကိန်း အောင်မြင်သလားတောင် မသိဘူး။”

လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီ့ထက်ပို ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောပါတယ်။
“အားလုံးက အခုမှ လွှတ်တော် ဥပဒေပြုမှု အပိုင်းကို ဖြတ်သန်းရတာကိုး။ အဲဒီအပိုင်းမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို အထောက်အကူပြုမယ့် ကျနော်တို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေကို အားဖြည့်ပေးသင့်ပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် တယောက်ကို တရားဥပဒေ အကြံပေးပုဂ္ဂိုလ်တယောက်အပြင်ကို သူတို့အတွက် ရုံးတွေ၊ ရုံးဝန်ထမ်းတွေကို နိုင်ငံတော် စရိတ်နဲ့ ပံ့ပိုးပေးထားတာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက အတိုင်ပင်ခံ ပုဂ္ဂိုလ်ဝေးလို့ ရုံးဝန်ထမ်းတောင်မှ မရှိဘူး။ လွှတ်တော် တက်တဲ့အချိန်မှာ အထူးသဖြင့် အတိုက်အခံပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရင် နေရေးထိုင်ရေးကအစ ခက်ခဲတယ်။ အင်တာနက်၊ အီးမေးလ် ရဖို့အစ ခက်ခဲနေတာ တွေ့ရတယ်။ အနည်းဆုံးတော့ ခေတ်မီနိုင်ငံတွေလောက် မတတ်နိုင်ရင်တောင်မှ လွှတ်တော် ရေးရာ တခုချင်းစီမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်များနဲ့ လုံလောက်တဲ့ ရုံးဝန်ထမ်း အင်အား ဖြည့်ဆည်း သင့်တယ်လို့ ကျနော်မြင်ပါတယ်။”

တခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ပြည်သူကို စော်ကားပြောဆိုနေတာတွေ လွှတ်တော်ထဲ ရောက်မလာသလို ဆွေးနွေးတာမျိုးလည်း မတွေ့ရဘူးလို့ ပုလဲအမတ်ဟောင်း ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

“ဒီ ၂ ရက် ၃ ရက်အတွင်းမှာ ထူးခြားနေတဲ့ လွှတ်တော်ထဲက ၀န်ကြီးတွေက လူထုကို စော်ကားတဲ့ စကားတွေ ပြောနေတာကို လွှတ်တော်မှာ ဘာမှ မမေးလဲဆိုတာ ကျနော်တော့ တော်တော်လေး အံ့သြတယ်။ လူထုကလည်း တော်တော်ကို ဒီအပေါ်မှာ စိတ်မကောင်းဖြစ်ပြီးတော့ နောက်ဆုံး ဒေါသတွေ ထွက်ကြတယ်။ အဲဒီလို သမ္မတက ခန့်ထားတဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ မတူတဲ့ မတန်တဲ့ စကားတွေကို ပြောနေတာကို လွှတ်တော် အမတ်မင်းတွေက ဘာကြောင့် မမေးကြသလဲ။ ဒါဟာ လူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်လားလို့တောင် မေးရမယ့် အနေအထားလို့ ကျနော် သုံးသပ်ပါတယ်။”

လွှတ်တော်သက်တမ်း ၃နှစ်အတွင်း ဥပဒေ ၇၈ ခု ရေးဆွဲ ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပြီး ဒီတကြိမ်လွှတ်တော်ထဲမတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013