DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် အိမ်ခြံမြေဈေး အဆမတန်ထိုးတက်
DVB
·
January 11, 2022
မုံရွာမြို့တွင် အိမ်ခြံမြေဈေး အဆမတန်ထိုးတက်
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေမတည်ငြိမ်မှု၊ ဘဏ်စနစ်ပျက်စီးမှုတွေကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အိမ်ခြံမြေဈေးတွေ အဆမတန်ထိုးတက်နေပါတယ်။ 

ပြည်သူတွေဟာ လက်ထဲမှာ ကျပ်ငွေမထားချင်တဲ့အတွက် ပိုခိုင်မာမှုရှိတဲ့ မြေဝယ်ယူမှုတွေ ပိုလုပ်လာတာလို့ မုံရွာမြို့ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ကပြောပါတယ်။ 

မုံရွာမြို့မှာ အရင်က သိန်း ၅၀ ကနေ သိန်း ၁၀၀ ဝန်းကျင်ဈေးပေါက်ခဲ့တဲ့ တန်ဖိုးသင့်မြေကွက်တွေဟာ သိန်း ၁၅၀ နီးပါး ဈေးပေါက်နေပြီး အရောင်းအဝယ်လည်းဖြစ်နေတယ်လို့ ဆိုပါတယ်။ 

နန္ဒဝန်ရပ်ကွက်၊ စက်မှုနဲ့ ချမ်းမြဝတီရပ်ကွက်တွေမှာ အဓိကအရောင်းအဝယ်ဖြစ်နေပြီး နေရာအကွက်အကွင်းကျရင်ကျသလို ဈေးခေါ်အရောင်းအဝယ်လုပ်နေကြတာလို့ မုံရွာမြို့ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

“အဓိကကတော့ ငွေကြေးမခိုင်မာတဲ့ အကြောင်းရင်းပါပဲ။ ပိုက်ဆံတွေကို ဘဏ်မှာ သိပ်စိတ်မချတာပေါ့ဗျာ။ ဒေါ်လာဈေးတက်လာတယ်။ ငွေတွေက ထုတ်လို့သွင်းလို့မရတဲ့အချိန်မှာ  ငွေစက္ကူကို စိတ်မချတော့တာကြောင့် အိမ်ဝန်းတွေဝယ်တာပေါ့။ ဝယ်လိုအားတွေများလာတာရော၊ ရောင်းတဲ့သူရော ဝယ်တဲ့သူရော ပိုက်ဆံကိုစိတ်မချတော့တဲ့အခါမှာ ဈေးတင်ပြီးရောင်းတယ်ဗျာ။ ရောင်းပြီးသွားတဲ့အခါမှာလည်း သူတို့က ပြန်ဝယ်တာဆိုတော့ အရောင်းအဝယ်တက်ပြီးတော့ ဈေးတက်သွားတာပေါ့။ အလွန်အမင်းကြီး မတန်တဆတက်တာမျိုးတော့ မဟုတ်ပါဘူး။”

မုံရွာမြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ တချို့နေရာတွေမှာ အိမ်ခြံမြေဈေးတွေဟာ တစ်ဝက်နီးပါးတက်နေကြောင်း၊ ငွေစက္ကူက တန်ဖိုးမရှိတာ‌ကြောင့် ရောင်းချင်တဲ့သူနည်းပြီး ဝယ်ချင်တဲ့သူ များနေတဲ့အတွက် ဈေးတွေ အဆမတန်တက်လာတာလို့ ဆိုပါတယ်။ 

တန်ဖိုးသင့်မြေကွက်တွေပဲ အရောင်းအဝယ်ဖြစ်တာများပြီး တန်ဖိုးကြီးမြေကွက်တွေကတော့ အရောင်းအဝယ်သိပ်မဖြစ်ဘူးလို့ ဆိုကြပါတယ်။ 

အရောင်းအဝယ်ဈေးတက်ပေမယ့် အိမ်ငှားခဈေးနှုန်းတွေကတော့ ကျသွားတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်က ပြောပါတယ်။

“နန္ဒဝန်တို့ စက်မှုတို့ ချမ်းမြဝတီတို့ မြို့သစ်တို့ပေါ့ဗျာ။ အလယ်ရပ်ကွက်တို့ ရန်ကင်းတို့ ဘက်ကတော့နည်းတာပေါ့။ တချို့နေရာတွေမှာ ၅၀ တန်တဲ့ဝန်းက ၁၀၀ ဖြစ်သွားတယ်ဆိုပေမယ့် တစ်ထောင်တန်တဲ့ ဝန်းက ၂ ထောင်ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး။ ဝယ်ချင်တဲ့သူတွေ ဝယ်လို့တောင်မရတဲ့ အနေအထားက ဘယ်လိုဖြစ်လဲဆိုတော့ ရှေ့ကပြောခဲ့သလို အရောင်းတွေ ပိတ်ကုန်တာပေါ့။ ရောင်းလိုက်ရင် ငွေကိုကိုင်ရမှာဆိုတော့ တချို့က ငွေကိုစိတ်မချတော့ မရောင်းတော့ဘူး။ ရောင်းတဲ့သူက ရောင်းချင်တယ်ဆိုရင် အခုအချိန်မှာ တော်တော်များများက အရောင်းအဝယ်ဖြစ်နေတော့တာပဲ။ အဲ့ကျတော့ ဈေးတွေက တက်သွားတယ်။ ဦးတဲ့သူဝယ်ပေါ့ဗျာ။ အိမ်ငှားဈေးတွေကတော့ ဈေးကျသွားတယ်။ အရင်တုန်းက တစ်နှစ်ချုပ်၊ ၂ နှစ်ချုပ် ချုပ်ကြတယ်။ အခုကတော့ ကြပ်တည်းကြတော့ တောင်းတောင်းပန်ပန်ငှားကြတော့ ဈေးလည်းကျသွားတယ်။ စာချုပ်ချုပ်တာမှာလည်း ၃ လတို့၊ ၆ လတို့ အိမ်ရှင်တွေဘက်က လျှော့ချပေးတာပေါ့။ အရောင်းဈေးကတော့ တက်သွားတယ်။ အငှားဈေးကတော့ ကျသွားတယ်ပြောရမှာပေါ့။”

စစ်ကိုင်းဒေသခံ လေ့လာသူတစ်ယောက်ကတော့ ငွေစက္ကူအာမခံချက်မရှိတာ၊ အာဏာသိမ်းတာတွေအပေါ်  ငွေရှိတဲ့ လက်ကြီးသမားတွေက အခွင့်အရေးယူပြီး ဈေးကစားတာကြောင့် အဆမတန်ဈေးတက်တာလို့ သုံးသပ်ပါတယ်။ 

NLD အစိုးရလက်ထက်က မုံရွာမြို့ပြင်မှာ မြေယာစီမံခန့်ခွဲမှု မူဝါဒတွေရေးဆွဲပြီး ကွက်သစ်တွေရိုက် ရောင်းချပေးခဲ့တာကြောင့် သာမန်လူတန်းစားတွေဟာ ကိုယ်ပိုင်အိမ်နဲ့နေဖို့ လက်လှမ်းမှီခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အရင်တုန်းက တည်ငြိမ်ခဲ့တဲ့ မြေယာဈေးကွက်ဟာ ပျက်စီးသွားခဲ့တာလို့ ဆိုပါတယ်။

“ပထမပိုင်းတုန်းက လိုအပ်ချက်အရ မုံရွာမြို့ပြင်မှာ ကွက်သစ်တွေရိုက်ပြီး ရောင်းချခဲ့တာတွေ ရှိတယ်။ တော်တော်များများက ကိုယ့်မှာရှိတာလေးတွေစုဆောင်းပြီး ဝယ်နိုင် နေနိုင်တဲ့ အနေအထားမှာ ရှိခဲ့တာပေါ့။ သိန်း ၅၀၊ ၁၀၀ ဝန်းကျင်နဲ့ အားလုံးလက်လှမ်းမီတဲ့ အနေအထားမှာ ရှိတယ်။ အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်လိုက်တဲ့နောက်ပိုင်းမှာတော့ နဂိုတည်ငြိမ်နေတဲ့ အိမ်ခြံမြေဈေးဟာ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်လာတယ်။ ကျနော်တို့ မြင်မိတဲ့အကြောင်းရင်းက နှစ်ခုရှိတယ်။ တစ်ခုက ငွေကြေးမတည်ငြိမ်မှု။ တစ်ဖက်က မသမာသူတွေက သူတို့ငွေကြေးကို အသုံးချပြီးတော့ ဈေးကြီးအောင် လုပ်နေတာလား။ တကယ်တမ်းမှာလည်း အိမ်ခြံမြေအကျိုးဆောင်ပွဲစားတွေရဲ့ ဈေးကစားမှု၊ နိုင်ငံရေးမတည်ငြိမ်မှုအပေါ်မှာ အသုံးချပြီးတော့ နဂိုက ၅၀ လောက်တန်တဲ့ ဝင်းဟာ ၁၅၀ လောက်အထိ ထိုးတက်သွားတာ ရှိတယ်။ မြို့ပြရဲ့လိုအပ်ချက်အရ ဟိုတုန်းက လက်လုပ်လက်စားအားလုံး လက်လှမ်းမှီနိုင်တဲ့ မြေယာစနစ်စီမံခန့်ခွဲမှုဟာ လက်ရှိအချိန်မှာ သာမန်လူတန်းစားတွေ လိုက်မမီနိုင်တဲ့ ဈေးကွက်တွေ ဖြစ်လာတယ်။ အဲဒီအခက်အခဲဟာ ဖြစ်နေတယ်။”

မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းရဲ့ မြိုတော်ဖြစ်ပြီး စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မြို့ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းဖြစ်ပေါ်နေတဲ့ စစ်ရေးအကြမ်းဖက်မှုတွေကို စစ်ကောင်စီက အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ကွပ်ကဲနေတာဖြစ်ပြီး စစ်ရေးအရ လွှမ်းမိုးမှုရယူထားတဲ့နေရာ ဖြစ်ပါတယ်။ 

အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက စစ်ရေးလွှမ်းမိုးမှုရအောင်ကြိုးစားနေပေမယ့် ဒေသခံ PDF တွေရဲ့ ပြောက်ကျားစနစ်နဲ့ တုံ့ပြန်မှုကြောင့် အသာစီးမရနိုင်ဖြစ်နေပါတယ်။ 

နိုင်ငံရေးစစ်ရေးမတည်ငြိမ်တဲ့ အခြေအနေမှာ စီးပွားရေးသမားတွေက ဈေးကစားတာကြောင့် မြေယာတန်ဖိုးတွေ အဆမတန်ကြီးမြင့်လာတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013