DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များ ထပ်လာနေ၍ တောင်ကြီး၌ စစ်ရှောင်စခန်းတစ်ခုလိုအပ်
DVB
·
January 11, 2022
ကရင်နီစစ်ရှောင်များ ထပ်လာနေ၍ တောင်ကြီး၌ စစ်ရှောင်စခန်းတစ်ခုလိုအပ်
1 / 5
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်ဘက်က စစ်ဘေးရှောင်များ တောင်ကြီးမြို့ကို အခုရက်ပိုင်းအတွင်း ထပ်မံ ရောက်ရှိလာဖွယ်ရှိပြီး စစ်ရှောင်စခန်းတစ်ခု မဖြစ်မနေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို လက်ရှိ အကူအညီပေးနေသူတွေက  ပြောပါတယ်။ 

“လက်ရှိတောင်ကြီး မြို့ပေါ်မှာတော့ စစ်ရှောင်တွေ ပြန့်ကျဲပြီး အဆင်ပြေသလိုနေ နေကြတယ်။ တချို့လည်း ဘာသာရေးဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတချို့တွေမှာ နေတယ်။  တချို့လည်း အသိမိတ်ဆွေနဲ့ ဆွေမျိုးအိမ်မှာ နေတယ်။ အခကြေးငွေပေးပြီး အိမ်ငှားနေကြတာရှိသလို အခမဲ့အိမ်ငှားပေးထားတာလည်း အများကြီးရှိပါတယ်။” 

ကရင်နီ (ကယား) ပြည်နယ် စစ်ဘေးရှောင်တွေဟာ တောင်ကြီးမြို့ကို ဇန်နဝါရီ ၉ ရက်နေ့ညက စတင်ရောက်ရှိလာကြကာ တစ်ရက်ကို လူဦးရေသုံးရာကျော် လောက်ရှိတယ်လို့ တောင်ကြီး မြို့အဝင်မှာ စစ်ရှောင်တွေကို ထမင်းဘူးဝေပေးတဲ့ သူတွေဆီက သိရပါတယ်။ 

တောင်ကြီးမှာ ရောက်ရှိနေတဲ့ စစ်ရှောင် စုစုပေါင်း ၁၀၀၀ ကျော် ရှိသွားပြီလို့ အကူအညီပေးနေတဲ့သူတွေက ပြောပါတယ်။

“တောင်ကြီးမြို့က စစ်ရှောင်တွေအတွက် အကူအညီပေးနေကြတဲ့ အလှူရှင်တွေ အများကြီး ရှိပါတယ်၊ သူတို့က နာမည်မထွက်ချင်ကြဘူး။ သိတဲ့အတိုင်းပဲ နိုင်ငံရေးအခြေအနေတွေကြောင့် အလှူရှင်တွေ ထိခိုက်မှာလည်း မလိုလားဘူးလေ။ ရပ်ကွက်ထဲမှာ လာနေကြတဲ့သူတွေကိုတော့ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေစစ်ပြီး ဧည့်စာရင်းကောက်တယ်” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောပါတယ်။ 

စစ်ရှောင်တွေကို တောင်ကြီးမြို့ ရပ်ကွက်အတွင်း လက်မခံဖို့ အုပ်ချုပ်ရေးမှူးတချို့က တိုးတိုး တိတ်တိတ် ညွှန်ကြားနေတယ်လို့ မြို့ခံတွေက ပြောဆိုနေကြပေမယ့် ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။

လွိုင်ကော်မြို့ပေါ်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတဦးက “ကျနော်တို့က တောင်ကြီးကို ၆ ရက်နေ့ကတည်းက ရောက်လာတာ၊ အသက်၉၀ အရွယ် အမေအိုနဲ့ မြေးတွေ အပါအဝင် မိသားစုဝင် ၁၆ ယောက် ရောက်လာတာပါ၊ အသိအိမ်မှာပဲ နေနေပါတယ်။ အခုလိုအကူအညီ ပေးကြတာ ဝမ်းသာတာပေါ့။ တစ်ရက်ပဲ ကူညီပေးပေး၊ တစ်ပတ်ပဲ ကူညီပေးပေး၊ တစ်လပဲ ကူညီပေးပေး ကျေးဇူးတင်စရာ ကောင်းပါတယ်” လို့ ပြောပါတယ်။ 

ကယားပြည်နယ်ကနေ တောင်ကြီးမြို့ကို ဝင်လာတဲ့ စစ်ရှောင်ကားတွေကို မြို့အဝင် သံလမ်း ဂိတ်၀မှာ စစ်ကောင်စီတပ်တွေက ပါလာတဲ့ ပစ္စည်းတွေနဲ့ ဖုန်းတွေ စစ်ဆေးတာတွေ ပြုလုပ်ပြီး မိုကုတ်ဝိပဿနေကျောင်းမှာ ယာယီနေရာချထားတဲ့ စစ်ရှောင်တွေကို အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေ စာရင်းကောက်ယူခဲ့တယ်လို့ သိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013