DVB Logo
Home
မြန်မာသတင်း
ကရင်နီ စစ်ဘေးရှောင်ပြည်သူသောင်းချီ ရှမ်းပြည်တောင်ပိုင်းသို့ ထွက်ပြေးခိုလှုံ
DVB
·
January 11, 2022
ကရင်နီ စစ်ဘေးရှောင်ပြည်သူသောင်းချီ ရှမ်းပြည်တောင်ပိုင်းသို့ ထွက်ပြေးခိုလှုံ
1 / 7
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်တွေက မြေပြင်ကနေရော လေကြောင်းကနေပါ အပြင်းအထန်တိုက်ခိုက်လာလို့ ဒေသခံပြည်သူတွေအလုံးအရင်းနဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တွေကို စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

လတ်တလော ရှမ်းပြည်နယ် ဆီဆိုင်၊ တောင်ကြီး၊ ညောင်ရွှေ ၊ ပင်လောင်း၊ ပင်းတယစတဲ့ မြို့နယ်တွေဘက်ကို စစ်ဘေးတိမ်းရှောင်လာသူ လူဦးရေတစ်သောင်းကျော်လောက်ရှိနိုင်တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။ 

စစ်ဘေးရှောင်တွေဟာ ဆီဆိုင်မြို့ပေါ်နဲ့တကွ ဘန်းယဉ်၊ ဆိုင်းခေါင်၊ နမ့်ခုတ်၊ နောင်ထော်၊ နောင်ကျော၊ နမ့်တဘက်၊ ပါလောပါကယ်၊ ရေဖြူ အစရှိတဲ့ ကျေးရွာဘုန်းကြီးကျောင်းတွေမှာရော၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ တခြားနီးစပ်ရာဆွေမျိုးအိမ်တွေမှာပါ ဇန်နဝါရီ ၉ ရက်ကနေ ကနေ့မနက်ထိ ရောက်လာနေဆဲမို့ ဆီဆိုင်မြို့နယ်တစ်ခုတည်းတင် ၁၀၀၀၀ ကျော်ရှိမယ်လို့  အရေးပေါ်စစ်ဘေးရှောင်ကူညီရေးကော်မတီ ခွန်ကျော်ဆွေက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ဆီဆိုင်မြို့ပေါ် ဇဝနရာမကျောင်းတိုက်၊ မြို့လည်ဓမ္မာရုံ၊ မင်္ဂလာဘုရားနဲ့ ဘုရားဖြူကျောင်းတိုက်တွေမှာတင် ၅၀၀ ကျော်ရှိတယ်၊  နောင်ထော်ရွာမှာ ၅၀၀ ကျော်၊ ရေဖြူရွာမှာလည်း ၅၀၀ ကျော်၊  ပြီးတော့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာရော ၊ ဆွေမျိုးအသိ အိမ်တွေမှာလည်း စစ်ဘေးရှောင်တွေပြည့်နေတယ်၊ တချို့ငွေကြေးတတ်နိုင်တဲ့သူက အိမ်တွေလာငှါးနေကြတယ်၊  ကနေ့ မနက် ၄၀၀ ကျော် ၅၀၀ နီးပါးထပ်လာတယ်၊ အခုလည်းထပ်လာ နေကြတုန်းပဲ။ စစ်ဘေးရှောင်ကားတန်းတွေကအရှည်ကြီးဘဲခင်ဗျ။ ကျနော်ထင်တာတော့ ဆီဆိုင်မြို့နယ်တစ်ခုတည်းတင် တစ်သောင်းကျော်ရှိလိမ့်မယ်။”

စစ်ဘေးရှောင်ကူညီရေး အဆင်ပြေစေဖို့  ဇဝနရာမကျောင်း တိုက်ဆရာတော်ဦးဆောင်ကာ အရေးပေါ်ကော်မတီဖွဲ့ထားပြီး ပရဟိတအဖွဲ့၊  မြို့နယ်ကြက်ခြေနီအဖွဲ့နဲ့  PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ PNLA ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့က အဖွဲ့ဝင်တွေပါ ပူးပေါင်း ကူညီနေကြောင်း ၊ ဆီဆိုင်ဒေသခံတွေကလည်း ဆန်၊ ဆီ၊ ဟင်းချက်စရာတွေလာလှူနေသလို ရပ်ဝေး စေတနာရှင်တွေလည်း ငွေလွှဲလှူဒါန်းလာလို့ လောလောဆယ်အဆင်ပြေနေပေမဲ့ ရက်ပေါင်းရှည်ကြာရင်တော့ ခက်ခဲလာနိုင်လို့ နိုင်ငံတကာအကူအညီတွေပါလိုအပ်လာမယ်လို့ ခွန်ကျော်ဆွေက ပြောပါတယ်။

ဇဝနရာမကျောင်းတိုက်မှ အရှင်ဦးသုဝဏ္ဏကလည်း ဆီဆိုင်မြို့ပေါ်မှာ စစ်ဘေးရှောင်တွေ ထပ်ပြီးလက်ခံနိုင်ဖို့ စာသင်တိုက်ကြီးကျောင်းဝင်းထဲမှာ ယာယီတဲထိုးနေဆဲဖြစ်ပြီး ပြီးစီးပါက နောက်ထပ်စစ်ဘေးရှောင် ၆၀၀ ကျော်လက်ခံနိုင်မှာဖြစ်ကြောင်း ၊ အကူအညီလိုအပ်လို့ပဲဖြစ်ဖြစ် အကူအညီပေးချင်လို့ပဲဖြစ်ဖြစ် ဖုန်းနံပါတ်  ၀၉-၉၅၅၉၃၁၂၃၉ နဲ့ ၀၉-၇၇၆၇၄၁၄၅၉ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ပင်လောင်းမြို့နယ်ထဲမှာလည်း စစ်ဘေးရှောင်တွေထောင်နဲ့ချီ ရောက်ရှိနေကြောင်း၊ သူတို့တွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲစတဲ့မြို့နယ်ကလာကြပြီး မနေ့က ကားတွေ လမ်းပေါ်မှာ ထောင်ချီတန်းစီနေတယ်လို့  ပင်လောင်းစစ်ရှောင်တွေကို အကူအညီပေးနေတဲ့ စိုင်းကောင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဘေးရှောင်တွေက တဖွဲဖွဲရောက်လာကြလို့ စာရင်းအတိအကျမရသေးပါဘူးခင်ဗျ၊ ကျ နော်တို့ပင်လောင်းမြို့ပေါ်မှာတော့ ပင်လောင်း ဘုရားကြီး​ကျောင်း၊ နမ့်ဟူးကျောင်းမှာ လက်ခံနေပါတယ်။ လွိုင်ကော်-ပင်လောင်းလမ်းဘေးက ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာအသိဆွေမျိုး အိမ်တွေမှာလည်း ပြည့်နေပါတယ်။ ကျနော်တို့ မြို့နယ်ဘုန်းကြီးကျောင်း ၁ ကျောင်းဆိုရင် ရွာပေါင်း ၆ ရွာက တာဝန်ယူဆွမ်းပို့ရလို့ လောလောဆယ် စားရေးသောက်ရေးအတွက်တော့ အဆင်ပြေပါတယ်။ စစ်ဘေးရှောင်တွေ မျက်နှာမကောင်းကြဘူး၊ ကျနော်တို့ဘက်ကတော့ မိသားစုလို့သဘောထားပြီး အတတ်နိုင်ဆုံးကူညီနေပါတယ်၊ စိတ်အားမငယ်စေရဘူးလို့ ပြောချင်တယ်။”

စစ်ဘေးရှောင်တွေ အကူအညီလိုလို့ပဲဖြစ်ဖြစ်၊ အကူအညီပေးချင်တာပဲဖြစ်ဖြစ် ဖုန်းနံပတ်ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းလိုပါက မွေတော်ဘုရားကြီးကျောင်းဂေါပကအဖွဲ့  ၀၉-၆၉၆၃၀၆၃၆၅ ၊ ၀၉-၂၅၀၁၃၂၇၅၇ ၊ ၀၉-၄၂၈၃၆၂၂၇၆ ကို ဆက်သွယ်နိုင်ပါတယ်။

အလားတူ တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေး၊ ပင်းတယ၊ တီကျစ်အစရှိတဲ့မြို့နယ်က ပရဟိတအဖွဲ့တွေ ပုဂ္ဂလိက စေတနာရှင်တွေကလည်း ကယားပြည်နယ်မှ စစ်ဘေးရှောင်တွေကို ကူ ညီမယ့်အကြောင်း ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့အတူ လူမှုကွန်ရက်မှာ ကမ်းလှမ်းထားကြ ပါတယ်။

လူဦးရေ ၃ သိန်းကျော်သာရှိတဲ့ ကယားပြည်နယ်ဟာ  တိုက်ပွဲတွေကြောင့်  ပြည်နယ်ရဲ့ လူဦးရေတစ်ဝက်ကျော်  အိုးပစ်အိမ်ပစ် စစ်ဘေးရှောင်နေကြရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013