DVB Logo
Home
Lead Story
မလေးရှားနိုင်ငံက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုံစံသစ်
DVB
·
January 31, 2014
မလေးရှားနိုင်ငံက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုံစံသစ်
Donate to DVB

မလေးရှားနိုင်ငံဟာ ဒေသတွင်းမှာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံ တနိုင်ငံ ဖြစ်တယ်လို့ အာရှပစိဖိတ် အဂတိလိုက်စားမှု နောက်ဆုံးစစ်တမ်းအရ သိရပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေက တနိုင်ငံလုံးမှာ ပုံမှန်ကိစ္စရပ်တခုလို ဖြစ်နေပါတယ်။ စီဖော လို့ အတိုကောက်ခေါ်တဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့သစ်ကတော့ ဒီ ပျံ့နှံ့လာတဲ့ ရောဂါဆိုးကို တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

[caption id="attachment_51063" align="alignleft" width="672"]ကွာလာလမ်ပူမြို့တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့သစ် စတင်ဆောင်ရွက်နေတဲ့ စင်သီယာ ဂါဘရီယယ် (အလယ်)နဲ့ အမ်ဘီကာ စရီနေဗာဆန် (ညာဘက်) ကွာလာလမ်ပူမြို့တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့သစ် စတင်ဆောင်ရွက်နေတဲ့ စင်သီယာ ဂါဘရီယယ် (အလယ်)နဲ့ အမ်ဘီကာ စရီနေဗာဆန် (ညာဘက်) [/caption]ကန်ကွန်းလို့ခေါ်တဲ့ ကန်ဇွန်းရွက်ဟာ မလေးရှားမှာ ဈေးပေါတဲ့ ဟင်းလျာ ဖြစ်ပါတယ်။ ဒါပေမယ့် မလေးရှားမှာ လူတိုင်း ပြောစရာကိစ္စတခု ခဏဖြစ်လိုက်ပါသေးတယ်။ ဒီလ အစောပိုင်းက ပြောတဲ့ ၀န်ကြီးချုပ် နာဂျစ် အဗ္ဗဒူ ရာဇတ်ရဲ့ မိန့်ခွန်းက စခဲ့တာပါ။

သူ့အစိုးရ အုပ်ချုပ်မှု ကောင်းမွန်လို့ ကန်ဇွန်းရွက်ဈေးတွေ ကျခဲ့တာကို ဥပမာထုတ် ပြောသွားခဲ့တာပါ။ ကုန်ဈေးနှုန်း တက်ရင်ကျတော့ အစိုးရကို အပြစ်တင်ကြတယ်။ ကုန်ဈေးနှုန်း ကျရင်တော့ ငြိမ်နေကြတယ်ဆိုပြီး အပြစ်ပြောလိုက်ပါသေးတယ်။ အဲဒီအချိန်ကစပြီး ၀န်ကြီးချုပ်ကို လှောင်ထားတဲ့ ကန်ဇွန်းရွက်ဟာသဟာလည်း အင်တာနက်မှာ ပြန့်သွားတော့တာပါပဲ။
အမ်ဘီကာ စရီနေဗာဆန်ဟာ ရွေးကောက်ပွဲ သန့်ရှင်းမျှတရေးတပ်ပေါင်းစု ဥက္ကဋ္ဌ တာဝန်ကို ယူထားတဲ့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တဦး ဖြစ်ပါတယ်။ ၀န်ကြီးချုပ်မိန့်ခွန်းကို ဘာကြောင့် မလေးရှားလူထုက ဒေါသထွက်ရသလဲဆိုတာကို ရှင်းပြပါတယ်။

“မလေးပြည်သူတွေက ဟာသညဏ်လည်း အတော်ရှိတယ်။ ပြဿနာက အုပ်ချုပ်တဲ့ လူတွေက အပြင်က တကယ့်လူထုနဲ့ အဆက်အသွယ်ပြတ်နေတယ်။ တကယ်တော့ ပြဿနာက ကန်ဇွန်းရွက်ပြဿနာလောက်တင် မဟုတ်ဘူး။ အဲ့ဒါထက် အများကြီး ကျယ်ပြန့်တယ်။ ကုန်ဈေးနှုန်းတွေ တက်တယ်ပဲ ထားပါအုံး။ သူတို့ကိုယ်တိုင်က အဂတိလိုက်စားမှုကို ထိထိရောက်ရောက် တားဆီးမယ်ဆိုရင် ပြည်သူတွေက လက်ခံအုံးမယ်။ သူတို့တွေသာ တကယ် လုပ်တတ်ကိုင်တတ်ရင် ကုန်ဈေးနှုန်းတက်စရာ အကြောင်းကို မရှိတာ။ အဲ့ဒါကြောင့် လူထုက ဒေါသထွက်တာပေါ့။”

အခုလို ကုန်ဈေးနှုန်းတက်နေတဲ့ကာလမှာ မလေးရှားပြည်သူတွေအနေနဲ့ တတ်နိုင် သလောက် ချွေတာကြဖို့ အစိုးရက တလောက ပြောလိုက်သေးတယ်။ ဒါပေမယ့် မလေးရှားဝန်ကြီး တချို့ကျတော့ မွေးနေ့ပါတီကြီးတွေနဲ့ မင်္ဂလာဆောင်ပွဲကြီးတွေကို ကွာလာလမ်ပူမြို့က တကယ့်ဇိမ်ခံဟိုတယ်ကြီးတွေမှာ လုပ်နေကြတယ်။

အမ်ဘီကာ စရီနေဗာဆန်က “သူတို့ဆောက်တဲ့ အိမ်ကြီးတွေကို ကြည့်လိုက်၊ သူတို့လုပ်တဲ့ ပျော်ပွဲရွင်ပွဲတွေကို ကြည့်လိုက်။ မင်္ဂလာဆောင်ပွဲတွေ၊ တကယ်အလွန်အကျွံ၊ သူတို့စီးတဲ့ကားတွေ၊ ကား ဘယ်နှစ်စီးပိုင်တာတွေ၊ လူတွေက ကန်းနေကြတာမှ မဟုတ်တာ။ နိုင်ငံခြားခရီး ထွက်တာတွေကလည်း အမြဲတမ်း။ အဲဒါတွေကို လျော့ရမှာ။ သူတို့ကျတော့ ဆက်ဖြုန်း။ လူထုကျတော့ ချွေတာဆိုတော့။ ဟုတ်မှ မဟုတ်တာ” လို့ ပြောပါတယ်။

တလောက ထွက်လာတဲ့စစ်တမ်းအရဆိုရင် ဒီ လာဘ်ပေးလာဘ်ယူမှုတွေဟာ မလေးရှား ပြည်သူတွေကြားမှာ ပုံမှန်ကိစ္စလိုတောင် ဖြစ်နေပါပြီ။ အသက် ၅၈ နှစ်အရွယ် ပင်စင်စား ဗင့်စ်လီးက သူ ဆိုင်ကယ်စီးလာတာကို ရဲက ရုတ်တရက် ဖြတ်တားလိုက်တယ်လို့ ပြောပါတယ်။

“ကားသမားတွေနဲ့ ဆိုင်ကယ်သမားတွေကို မိနိုင်မယ့်နေရာမှာ လာစောင့်နေတယ်။ တကယ်တော့ ကားသမားနဲ့ ဆိုင်ကယ်သမားတွေ မှားနိုင်တဲ့နေရာမှာ လာချောင်းနေတာ။ ရှင်းရှင်းလေးပဲ။ ပိုက်ဆံ လိုချင်လို့။ ကျနော်က တပြားမှ မပေးနိုင်ဘူးပြောတော့။ တရားရုံး ခေါ်သွားတယ်။ ကျနော်ကလည်း တရားသူကြီးကို ရှင်းပြလိုက်တယ်။ တော်သေးတာပေါ့။ တရားသူကြီးက လက်ခံပြီး ပြန်လွှတ်ပေးလိုက်လို့။”

မလေးရှားအစိုးရမှာကိုက တရားဝင် ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ်မှာ အစိုးရကိုယ်တိုင်က စိတ်ကို မ၀င်စားဘူးလို့ အမ်ဘီကာ စရီနေဗာဆန် လို အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပါတယ်။

အမ်ဘီကာ စရီနေဗာဆန်က “အစိုးရကော်မရှင်ကတော့ အလုပ်လုပ်ရင်လည်း လုပ်မှာပေါ့။ ဒါပေမယ့် တကယ့် အဆုံးအဖြတ်က တရားသူကြီးချုပ်လက်ထဲမှာပါ။ အစိုးရက စွက်ဖက်တာ ဖြစ်မှာပေါ့။ ကိုင်ချင်တဲ့ အမှုမှ ကိုင်တာ။”

အခုတော့ စီဖောလို့ အတိုကောက်ခေါ်တဲ့ အဂတိလိုက်စားမှုနဲ့ ခရိုနီတိုက်ဖျက်ရေး စင်တာဆိုတဲ့ အဖွဲ့အစည်း ထွက်ပ်ါလာပါတယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်နေကြတဲ့ လူအခွင့်အရေးအခြေခံနဲ့ အန်ဂျီအို အတော်များများလည်း ရှိပါတယ်။ စီဖောကတော့ ဒီ ကျယ်ပြန့်လာနေတဲ့ ပြဿနာကို ရင်ဆိုင်ဖို့ ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ လူမှုအခြေပြု အဖွဲ့အစည်းလို့ပဲ ပြောရမှာပါ။ စီဖောအဖွဲ့ကို ဖွဲ့စည်းတည်ထောင်သူ တဦးဖြစ်တဲ့ စင်သီယာ ဂါဘရီယယ်က တောနေလူတန်းစားကို ဒီ အကျင်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး ပညာပေးရေး အစီအစဉ်ဟာလည်း သူတို့ အဓိကလုပ်ငန်းတွေထဲက တခုဖြစ်တယ်လို့ဆိုပါတယ်။

စင်သီယာ ဂါဘရီယယ်က “ကျေးလက်တောရွာတွေမှာဆိုရင် တော်တော်ဆိုးပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေက သူတို့တွေကို သူတို့ ပေးချင်တဲ့ သတင်းအချက်အလက်တွေကိုပဲ ချပေးပြီး သူတို့ပြောသမျှ ယုံအောင် လုပ်ခံထားရတယ်။ ဒီအချိန်ဟာ လူထုအခြေပြုအဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့ အချိန် ဖြစ်လာပါပြီ။ အဂတိလိုက်စားမှုနဲ့ ပတ်သတ်ပြီး သည်းခံတော့မှာ မဟုတ်တော့ဘူးလို့ အစိုးရကို ကျမတို့ ပြောလိုက်ပါပြီ။ လာဘ်ပေးလာဘ်ယူတွေကို တိုက်ဖျက်မယ်။ ကျမတို့ ပေးထားရတဲ့အခွန်တွေကို မှန်မှန် မစီမံတာတွေနဲ့ အလွဲသုံးစားတာတွေ ဖြေရှင်းရမယ်” လို့ ပြောပါတယ်။

စင်သီယာကတော့ စီဖောအနေနဲ့ အစိုးရကို ပိုပြီးတာဝန်ခံဖို့ မြင်သာထင်သာရှိဖို့ တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“အကျင့်ပျက် ခြစားတဲ့သူတွေပဲ စီဖောလို အဖွဲ့မျိုးကို ကြောက်မှာလေ။ စီဖောကို ကြိုဆိုတဲ့သူတွေ အများကြီးရှိမှာ ဖြစ်သလို မကြိုက်တဲ့သူတွေကလည်း အများကြီးရှိမှာပဲ။ သူတို့ရဲ့လုပ်ရပ်တွေကို ဖော်မှာ ကြောက်တယ်လေ။ ဒါဆိုသိပြီလေ။ ဘယ်သူက ဘယ်သူဆိုတာ။”

အကျင့်ပျက်ခြစားတာကို တဦးချင်းအဆင့်က စတင်ရင် အကောင်းဆုံးလို့ အငြိမ်းစား ဗင့်စ်လီးက ဆိုပါတယ်။ ဒီ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို သူ့မိသားစုထဲကတောင် စပြီး ဆွေးနွေးနေပါပြီလို့ ပြောပါတယ်။

“တခုခုကို ရဖို့ လာဘ်ပေးစရာလည်း မလိုဘူး။ လာဘ်ယူစရာလည်း မလိုပါဘူး။ ဥပမာ အလုပ်ထဲမှာ အထက်လူကြီးက မြန်မြန် ရာထူးတက်ဖို့ တခုခုလုပ်ရမယ်ဆိုပါတော့။ မလုပ်သင့်ဘူး ထင်ရင် မလုပ်ရဘူး။

အာရှဒေသအစီအစဉ်အတွက် စီတရ ပရာစ်တူတီက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013