DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ရပ်ရေး ရှမ်းပြည်တပ်မတော်နှင့် အစိုးရ ဆွေးနွေး
DVB
·
January 30, 2014
တနိုင်ငံလုံးအပစ်ရပ်ရေး ရှမ်းပြည်တပ်မတော်နှင့် အစိုးရ ဆွေးနွေး
Donate to DVB

တနိုင်ငံလုံးအပစ်ခတ် ရပ်ရေးဆိုင်ရာ မူဘောင်တွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RCSSကရင်ပြည်နယ် ကေအန်ယူ ထိန်းချုပ်ဒေသ လောခီးလာမှာ ကျင်းပသွားတဲ့ တပြည်လုံး အပစ်ခတ်ရပ်ရေးဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲပေါ်မှာ ပြန်ညှိနှိုင်း ဆွေးနွေးတာလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“အန်စီစီတီရဲ့ လောခီးလာ ညီလာခံက ရလာတဲ့ သဘောတူညီချက် မူကြမ်းကို အစိုးရက လာပြီး လက်ခံရယူတာဖြစ်ပါတယ်။ နောက်ပြီးတော့ အပြန်အလှန်ဆွေးနွေးချက်တွေကို ပြန်ပြီး ညှိနှိုင်းတဲ့ သဘောဖြစ်ပါတယ်။ အဓိက အပစ်အခတ်ရပ်စဲရေးသာမကဘဲနဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးရေးမူဘောင်တွေ ပါလာတော့ ကျယ်ပြန့်တဲ့အနေအထားပေါ်မှာ သူတို့က တချို့ ကိစ္စတွေမှာ ဆိုရင် ချက်ချင်းကြီး အဖြေပေးနိုင်တဲ့ အနေအထားလည်းမရှိဘူး သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်အာဏာတွေလည်း အပြည့်အ၀ မရှိပါဘူး။ တချို့ကိစ္စတွေမှာဆို နေပြည်တော် ဗဟိုအစိုးရကို တင်ပြရမယ့် ကိစ္စတွေရှိပါတယ်။ ဒါကြောင့်မို့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမှာ မကြာသင့်ဘဲ ကြန့်ကြာနေတယ် ဆိုတဲ့အကြောင်း ကျနော်တို့ကို ရှင်းပြပါတယ်။”

ဒါ့အပြင် အစိုးရဘက်က ချမှတ်ထားတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆိုင်ရာ မူဘောင် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ (အန်စီစီတီ) တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့တို့ရဲ့ မူဘောင်တွေကို ပြန်ပြီးညှိဖို့ ရှေ့လ ဖေဖော်ဝါရီ ဒုတိယပတ်ထဲမှာ တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ဦးမှာဖြစ်ပြီး အဲဒီဆွေးနွေးပွဲမှာ ပါဝင်ဖို့ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ကို တပါတည်း ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်ဘက်ကလည်း သူတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို သဘောတူပါပေမယ့် လက်မှတ်ထိုးရေးမှာတော့ ရှမ်းနိုင်ငံရေး ပါတီတွေနဲ့ ရှမ်းပြည်သူလူထုရဲ့ သဘောဆန္ဒကို ရယူပြီးမှ ဆုံးဖြတ်နိုင်မယ်လို့ ဆိုပါတယ်။

တပြည်လုံးအပစ်ခတ်ရပ် လက်မှတ်မထိုးခင်အချိန်ထိတော့ အရင်က အစိုးရနဲ့ အပစ်ခတ်ရပ် ပဏာမ သဘောတူလက်မှတ် ရေးထိုးတားတဲ့ စာချုပ်အတိုင်း သွားမှာ ဖြစ်ကြောင်း၊ အစိုးရဘက်ကလည်း စာချုပ်ပါအတိုင်းလိုက်နာဖို့၊ အထူးသဖြင့် တိုက်ပွဲတွေ ပြန်မဖြစ်ရေးကိစ္စ၊ မိုင်းပန်မြို့နယ်မှာ ဆက်ဆံရေး ရုံးဖွင့်မယ့်ကိစ္စ တရားဝင်စာထုတ်ပေးဖို့၊ တပ်နေရာချထားရေး နဲ့ တမြို့နယ်ကို ကျေးရွာအုပ်စု ၂ စုမှာ ရှမ်းပြည်တပ်မတော်ကို သီးသန့် နေထိုင်ခွင့်ပြုရေး စတာတွေ တင်ပြခဲ့တယ်လို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အန်စီစီတီ အဖွဲ့ထဲ မပါတာကြောင့် မြန်မာငြိမ်းချမ်းရေး စင်တာအဖွဲ့က အခုလို သီးသန့်တွေ့ဆုံရတာပါ။

ဝန်ကြီး ဦးအောင်မင်းနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့တို့ဟာ အပစ်ခတ်ရပ်ရေး ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စရပ်တွေအတွက် ဆယ်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

ဒီတခေါက်တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်သူ ဦးညိုအုန်းမြင့်က ခုလို သုံးသပ်ပြောဆိုပါတယ်။

“ကျနော်ထင်ကတော့ တော်တော်လေး တန်ဖိုးရှိတဲ့ အစည်းအဝေးတခုဖြစ်ပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေကလည်း လာမယ့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထားအမြင်တွေ တူညီတယ်။ နောက်ပြီးတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွတ်စစ် ဘက်ကလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော်တော်လေးကို အားရတယ်။ သူကတော့ အဆင်သင့် ဖြစ်နေပြီဆိုတာ ပြောတယ်။ ရိုးရိုးသားသားနဲ့ မြန်မြန်ဆန်ဆန် ထိုးချင်တယ်ဆိုတာ ပြောတယ်။ အဲဒီအတွက်ကြောင့် ဒီဆွေးနွေးပွဲလေးက တော်တော်လေး တန်ဖိုးရှိတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ၁၉၉၅ ခုနှစ်က ဦးခွန်ဆာခေါင်းဆောင်တဲ့ အမ်တီအေ လက်နက်ချတဲ့ အထဲမှာ မပါဝင်ခဲ့ဘဲ ရှမ်းပြည်လွတ်လပ်ရေးအတွက် ဆက်ပြီးတော့ လက်နက်ကိုင်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

ဦးသိန်းစိန် သမ္မတဖြစ်လာပြီးတဲ့နောက် ၂၀၁၁ ခုနှစ် နဲ့ ၂၀၁၂ ခုနှစ်တွေမှာ အစိုးရနဲ့ ပြည်နယ်အဆင့်မှာရော ပြည်ထောင်စုအဆင့်မှာပါ ပဏာမ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် တိုက်ပွဲတွေ အကြိမ်ပေါင်း ၁၀၀ ထက်မနည်း ပြန်ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013