DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီအချို့ လုပ်ငန်းလျှော့ချ ရုပ်သိမ်းနိုင်
DVB
·
January 10, 2022
မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီအချို့ လုပ်ငန်းလျှော့ချ ရုပ်သိမ်းနိုင်
Donate to DVB

မြန်မာနိုင်ငံမှာ စီးပွားရေးအခြေအနေ ဆက်လက်ဆိုးရွားနေရင် ဂျပန် ရင်းနှီးမြှုပ်နှံသူတွေရဲ့ လုပ်ငန်းလည်ပတ်မှုကို လျှော့ချဖို့ သို့မဟုတ် ရုပ်သိမ်းဖို့မှတပါး ရွေးချယ်စရာမရှိတော့ကြောင်း ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ရဲ့  ဒီဇင်ဘာ ၉ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန်ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့နှစ်က စစ်တပ် အာဏာသိမ်းမှုနဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါကြောင့် သူတို့ရဲ့စီးပွားရေးကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့တာပါ။

ဒါပေမဲ့ ဂျပန်စီးပွားရေးလုပ်ငန်းပေါင်း ၅၂ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံက လက်ရှိ လုပ်ငန်းဆောင်ရွက်မှုအဆင့်ကို ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး ၁၃ ဒသမ ၅ ရာခိုင်နှုန်းကတော့ တိုးချဲ့မှာဖြစ်ကြောင်း၊ ၂၇ ဒသမ ၅ ရာခိုင်နှုန်းကတော့ သူတို့ရဲ့လုပ်ငန်း အရွယ်အစားကို ပြန်လျှော့ချပြင်ဆင်တာမျိုးနဲ့ ၆ ဒသမ ၇ ရာခိုင်နှုန်းကတော့ သူတို့လုပ်ငန်းတွေကို မြန်မာနိုင်ငံကနေ ရုပ်သိမ်းသွားတာမျိုး သို့မဟုတ် တတိယနိုင်ငံတခုဆီ ရွှေ့ပြောင်းသွားတာမျိုး ရှိလိမ့်မယ်လို့ JETRO စစ်တမ်းကို ကိုးကားပြီး အစီရင်ခံထားပါတယ်။

လာမယ့် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း မြန်မာနိုင်ငံက ဂျပန်ကုမ္ပဏီတွေရဲ့ လုပ်ငန်း ၇၀ ရာခိုင်နှုန်းလောက်ကို ဆက်လက်ထိန်းသိမ်းသွားမယ် သို့မဟုတ် တိုးချဲ့သွားမယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ပထမနှစ်ပတ်လည် နီးကပ်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေဟာ ၂၀၂၂ ခုနှစ်မှာ မငြိမ်မသက်ဖြစ်နေဦးမယ်လို့ ကုလသမဂ္ဂက ဒီဇင်ဘာ ၃၁ ရက်က ပြောထားပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးနှုန်း အတော်လေးနည်းပြီး ကိုရိုနာဗိုင်းရပ်မျိုးကွဲအသစ်တွေ ပေါ်လာတာကြောင့် ကိုဗစ်-၁၉ စတုတ္ထလှိုင်း မြင့်တက်လာနိုင်ခြေ အန္တရာယ်လည်း ကြီးတယ်လို့ ဆိုပါတယ်။

JETRO စစ်တမ်းအရ ဖြေဆိုသူ ၆၃ ဒသမ ၆ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ၂၀၂၁ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းဟာ အစောပိုင်းတစ်နှစ်ထက် ကျဆင်းမယ်လို့ မျှော်လင့်ထားပြီး ၂၇ ဒသမ ၈ ရာခိုင်နှုန်းက တူညီတဲ့ အမြတ်ငွေကို တက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

ဇွန်လနှောင်းပိုင်းအထိ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီ စုစုပေါင်း ၄၃၃ ခု လာရောက် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ဩဂုတ်လနဲ့ စက်တင်ဘာလက ဂျပန်အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းမှ ကောက်ယူခဲ့တဲ့ ဒီစစ်တမ်းကို ကုမ္ပဏီပေါင်း ၁၈၀ လောက်က တုံ့ပြန်ဖြေဆိုပေးခဲ့တာပါ။

သူတို့ရဲ့လုပ်ငန်းတွေကို ဘာကြောင့် ချုံ့မယ်၊ ရွှေ့မယ်၊ ရုပ်သိမ်းမယ်ဆိုတာတွေကို မေးမြန်းရာမှာတော့ ဖြေဆိုသူတွေရဲ့ ၆၈ ဒသမ ၄ ရာခိုင်နှုန်းက ရောင်းအားကျဆင်းနေမှုကို ကိုးကားပြီး ၅၀ ဒသမ ၉ ရာခိုင်နှုန်းကတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနိမ့်ကျမှုနဲ့ အလားအလာတွေကို ရည်ညွှန်းဖြေဆိုပေးခဲ့ပါတယ်။

မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေနဲ့ တိုင်းပြည်အနာဂတ်အတွက် မရေရာ မသေချာမှုတွေက ယိုယွင်းလာတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို တွန်းအားပေးနေတယ်လို့ တချို့ကလည်း ထောက်ပြကြပါတယ်။

အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရကို စစ်တပ်က ဖြုတ်ချလိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်နိုင်ငံရဲ့ တရားဝင်ဖွံ့ဖြိုးတိုးတက်မှု အကူအညီအသစ်ကို ဆိုင်းငံ့လိုက်တာကြောင့် ဆောက်လုပ်ရေးကုမ္ပဏီ အများအပြားအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ 

ကိုးကား- MAINICHI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013