DVB Logo
Home
မြန်မာသတင်း
တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလုပ်ငန်းလုပ်ခွင့် ချပေးလိုက်ပြီ
DVB
·
January 30, 2014
တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလုပ်ငန်းလုပ်ခွင့် ချပေးလိုက်ပြီ
Donate to DVB

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ဖို့အတွက် တင်ဒါအောင်ထားခဲ့ကြတဲ့ တယ်လီနောမြန်မာ၊ အော်ရီဒူ မြန်မာကုမ္ပဏီနှစ်ခုတို့ကို လုပ်ကိုင်ခွင့်လိုင်စင် စတင်ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း ဒီနေ့ရက်စွဲနဲ့ မြန်မာအစိုးရက ကြေညာလိုက်ပါတယ်။

အော်ရီဒူး မြန်မာ ကုမ္ပဏီနဲ့ ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာဝန်ကြီးဌာနက အရာရှိတွေ နေပြည်တော်မှာ တရားဝင် အခမ်းအနားနဲ့ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Oredoo Introdution30012014ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနမှာ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေနဲ့ အော်ရီဒူးကုမ္ပဏီက အမှုဆောင်အရာရှိတို့ နေပြည်တော် တရားဝင်လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ဆက်သွယ်ရေးနည်းဥပဒေ မထွက်သေးပေမယ့် တရားဝင်လုပ်ကိုင်ခွင့်လိုင်စင် ချပေးခဲ့တာလည်း ဖြစ်ပါတယ်။

အော်ရီဒူးကုမ္ပဏီနဲ့အတူ လုပ်ကိုင်ခွင့်လိုင်စင်ရခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနောမြန်မာ ကုမ္ပဏီကတော့ လာမယ့်သီတင်းပတ်မှာ လတ်မှတ်ရေး ထိုးမှာပါ။

ဒီလက်မှတ်ရေးထိုးပွဲအခမ်းအနားဖွင့်ပွဲမှာ မြန်မာ့ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းက မြန်မာလူထုဟာ ကမ္ဘာအဆင့်မီ တယ်လီဖုန်း ၀န်ဆောင်မှုကို ဆာလောင်နေတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ အခုလို ပြောဆိုခဲ့တာပါ။

လုပ်ငန်းတွေ အကောင်ထည်ဖော်တာနဲ့ တပြိုင်နက် ကုမ္ပဏီရဲ့ ၀န်ဆောင်မှုကို အဓိက မြို့ပြတွေကို ပေးအပ်သွားမှာ ဖြစ်ပြီး အလျင်အမြန်ဆိုသလို ကျေးလက်တောရွာတွေကိုလည်း ဖြန့်ချသွားမယ်လို့ အစိုးရနဲ့ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အော်ရီဒူးက မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် အကြီးအကဲ ရိုစ့်ကောမက်က ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော်စတဲ့ မြို့ကြီးတွေကို ဆက်သွယ်ပေးနိုင်မယ့် ကွန်ရက်တွေကို ဆောက်လုပ်ဖို့ လအနည်းငယ်ကြာမြင့်မှာ ဖြစ်ပြီး ၂၀၁၄ ခုနှစ်လယ်ပိုင်းကနေ စတင်ပြီး အဲဒီဒေသက လူတွေက တယ်လီဖုန်း ၀န်ဆောင်မှုတွေကို စတင်ရရှိမယ်လို့ ပြောပါတယ်။

တယ်လီဖုန်းနဲ့ပတ်သက်တဲ့ ဈေးနှုန်းကိုတော့ ပြောဖို့ စောသေးသလို နောက် ၅ နှစ်အတွင်း လူဦးရေ ၉၇ ရာခိုင်နှုန်းလောက် တယ်လီဖုန်းကို အသုံးပြုနိုင်မှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အစိုးရက လိုင်စင်ချပေးလိုက်တဲ့ ဒီကုမ္ပဏီတွေဟာ နိုင်ငံတ၀န်း တယ်လီဖုန်း ၀န်ဆောင်မှုတွေကို ပြည်သူတွေ တတ်နိုင်တဲ့ နှုန်းနဲ့ ၀န်ဆောင်မှု ပေးနိုင်မှာ ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းနဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်မှုတွေကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဒီနည်းဥပဒေကို ဖေဖော်ဝါရီလမှာ ပြဋ္ဌာန်းပေးဖို့ မျှော်မှန်းထားတယ်လို့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောပါတယ်။

“နည်းဥပဒေ ထွက်လာတဲ့အခါမှာ ကျန်တဲ့ တယ်လီဖုန်း ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီး ဥပမာ - တာဝါတိုင်တို့၊ ဖိုက်ဘာလမ်းကြောင်းတို့ နောက်တခါ အင်တာနက် ၀န်ဆောင်မှုတို့ စတဲ့ လုပ်ငန်းတွေကို လုပ်ဖို့ အတွက် လိုင်စင်တွေ တခုပြီးတခု ထပ်ပြီး ရွေးချယ်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နည်းဥပဒေက အင်္ဂလိပ်လို လုပ်ထားတာ။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဥပဒေ နည်းဥပဒေက မြန်မာလို ထွက်ရတယ်။ ဒါတွေ အားလုံးကို ဘာသာပြန်ပြီးတော့ ရှေ့နေချုပ်နဲ့ ညှိနှိုင်းတာတို့၊ ကက်ဘိနက်ရဲ့ ခွင့်ပြုချက်ရအောင် လုပ်တာနဲ့ဆိုရင် ကျနော် မှန်းတာက ဖေဖော်ဝါရီလ မကုန်ခင်တော့ အတည်ဖြစ်မယ်လို့ ယူဆပါတယ်။ ကျန်တဲ့ လိုင်စင် အမျိုးအစားတွေ အများကြီး ရှိပါတယ်။”

တယ်လီနောနဲ့ အော်ရီဒူးကုမ္ပဏီတို့ဟာ ၂၀၁၃ ခုနှစ်လယ်ပိုင်းမှာ နိုင်ငံတ၀န်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ခွင့် တင်ဒါအောင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013