DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်တွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော်တိမ်းရှောင်၊ ခရီးသည်ယာဉ်နှစ်စီး ကျည်စ ထိမှန်
DVB
·
January 9, 2022
ရှမ်းမြောက်တွင် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော်တိမ်းရှောင်၊ ခရီးသည်ယာဉ်နှစ်စီး ကျည်စ ထိမှန်
1 / 17
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇန်နဝါရီ ၈ ရက်နေ့ညက RCSS နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် Express ကား ၂ စီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အကြား ကျောက်မဲ-သီပေါ-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီး ဇန်နဝါရီ  ၈ ရက် နေ့ည ၇ နာရီခွဲ ကျော်လောက်က လက်နက်ကြီး‌၊ လက်နက်ငယ်တွေနဲ့  ည ၈ နာရီ ဝန်းကျင်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြတ်မန္တလာထွန်း နဲ့ ကြယ်ဇင်ဟိန်း Express ယာဉ် ၂ စီး လားရှိုးက‌နေ မန္တလေးဘက်အဆင်း လားရှိုး - သီပေါကြား လက်နက်ကြီးစထိမှန်ခဲ့တာဖြစ်ပြီး ခရီးသည်တွေ ထိခိုက်မှုမရှိဘူးလို့ သီပေါ ဒေသခံတစ်ဦးက ပြောပါတယ်။

“လွယ်ခေါ်၊ ချောင်းချောက်၊ ပိန်းမန၊ နောင်အန်း တ‌ကြောလုံး  အခြေနေမကောင်းဘူး။ ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားလာနေတဲ့ ကားဆရာကြီးများ ရောက်တဲ့နေရာမှာ ရပ်ထားသင့်ပါတယ်။ အခြေနေငြိမ်မှခရီးဆက်ပါ။” 

မနေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျောက်မဲ၊ သီပေါ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရွာတွေက  စားသောက်ဆိုင်တွေ၊ အိမ်ဆိုင်တွေနဲ့ နေအိမ်တွေပါ အားလုံးနီးပါးပိတ်ထားပြီး လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ယာဉ်‌တွေအနည်းငယ်သာရှိတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ နဲ့ လားရှိုးကြားမှာရှိတဲ့ ဗူးခါးရွာ၊ နောင်အန်းရွာ၊ ပိန်းမ္မနရွာ၊ ချောင်းချောက်ရွာ၊ ပုံဖမ်းရွာ၊ ကြံခင်းရွာ၊ ရေပူရွာ၊ ကျင်သီရွာ တွေ အနီးတဝိုက်က ဒေသခံ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြပြီး ဘော်ကြိုဘုရားနဲ့ သာသနာ ၂၅၀၀ ကျောင်းတွေ ခိုလှုံနေကြတယ်လို့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။ 

“ဟုတ်တယ်။ ဘော်ကြိုဘုရားမှာ ၂၂၈ ယောက် မနေ့ညက ထပ်တိုးလာတယ်။ ၂၅၀၀ ကျောင်းမှာ ၃၀ ဝန်းကျင်လောက်။ အဲဒါက ဗမာပြည်က အလုပ်သမားတွေ။ လေးငါးရွာက ပြေးလာကြတာ။ မနေ့က တမနက်လုံး ၆ နာရီ ၇ နာရီကနေစ အသံတွေကြားတော့ ကြောက်ပြီး ပြေးလာကြတာ” လို့ အကူအညီပေးနေသူ မနန်းမွန်းမွန်းပေါင်းဝ်က ပြောပါတယ်။ 

တိုက်ပွဲအတွင်း တချို့ရွာမှာ ပိတ်မိနေတဲ့သူတွေက လာကြိုခိုင်းပေမယ့် ပရဟိတ ကားတွေက သွားမကြိုရဲကြလို့ ဒီနေ့ စစ်ရှောင်ပြည်သူတွေ ထပ်လာဖို့ ရှိတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသေးသုံးပစ္စည်းတွေ အဓိက လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“အဓိက လိုအပ်တာ စားနပ်ရိက္ခာပေါ့။ မနေ့က ကြည့်လိုက်တော့ ဒီနေ့ ၁ ရက်စာတော့ လောက်မယ်။ သန်ဖက်ခါတော့ အကူအညီလိုမယ်။ စောင်တွေလိုတာတော့ မနေ့ည နယ်စည်းမခြားက လာပေးသွားတယ်။ ဒီလို ရုတ်တရက် ပြေးလာတယ်ဆိုတော့ ဘာမှ မရခဲ့ရဘူး လေ။ မိသားစုသုံး ပစ္စည်းတွေပေါ့၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဆေးဝါး တွေလည်း လိုမယ်။” 

ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေဟာ ကျင်သီကျေးရွာအုပ်စုထဲက ပုံဖမ်း၊ ရေပူ၊ ကျင်သီ၊ ကြံခင်း၊ လောက်ခွန်၊ နားပန်၊ သီးဆန်း စတဲ့ ကျေးရွာတွေကလို့ သိရပါတယ်။

ကျောက်မဲ - သီပေါကြား ရေပူရွာအနီးမှာ ဇန်နဝါရီ ၇ ရက် ည ၇ နာရီလောက်လည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သီပေါမြို့နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၁ က တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းကြား တိုက်ပွဲကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူနေအိမ်တွေလည်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013