DVB Logo
Home
မြန်မာသတင်း
ယခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၊ ကမ္ဘောဒီးယားကို ကျေးဇူးတင်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
January 8, 2022
ယခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၊ ကမ္ဘောဒီးယားကို ကျေးဇူးတင်ဟု စစ်ခေါင်းဆောင်ပြော
1 / 6
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့  နိုင်ငံတကာမျက်နှာစာနဲ့ အာဆီယံ မျက်နှာစာမှာ မြန်မာနိုင်ငံဘက်မှ အပြုသဘောဆောင်ရပ်တည် ထောက်ခံပေးမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ကြိုးပမ်းဆောင်ရွက်လိုမှုတွေအပေါ် ကျေးဇူးတင်ရှိပါကြောင်းနဲ့ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာ - ကမ္ဘောဒီးယားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံရှိ ကမ္ဘောဒီးယား ရဟန်းတော်တွေနဲ့ သီလရှင်တွေ၊ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ကူညီပေးဖို့၊ နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်နိုင်ရေးအတွက် အခွန် ကောက်ခံမှုများလျှော့ချဖို့၊ ပညာရေးပူးပေါင်းဆောင်ရွက်ဖို့၊ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး ပုဂံဒေသနဲ့ ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက်မြို့အဖြစ် သတ်မှတ်ဆောင်ရွက်ဖို့နဲ့ ကိုဗစ် -၁၉ ရောဂါထိန်းချုပ်နိုင်ချိန်မှာ လေကြောင်းလိုင်းတွေ အမြန်ပြန်လည်ပြေးဆွဲဖို့ ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကတော့ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍမှာ အခွန်နှစ်ထပ် ကောက်ခံမှု လျှော့ချနိုင်ရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးမြှင့်ရေးဖို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ကိုဗစ် ရောဂါကူးစက်မှုကို အထိုက်အလျောက် ထိန်းချုပ်နိုင်ချိန်မှာ ခရီးသွားလုပ်ငန်းနဲ့ ကမ္ဘောဒီးယားနဲ့ လေကြောင်းသွားလာမှုအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်ရွယ်ထားတယ်လို့ပြောပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ပရတ်ဆော့ခွန်းကို အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ့်အပေါ် ကြိုဆိုကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။

မစ္စတာ ပရတ်ဆော့ခွန်းအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းနဲ့အညီ အာဆီယံတူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်နိုင်ရေး အပြည့်အဝ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အာဆီယံတူညီဆန္ဒ ၅ ချက်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ အပြန်အလှန် အထောက်အကူပြုသင့်ကြောင်းနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ပံ့ပိုးပေးဖို့နဲ့ လက်ရှိပြည်တွင်းအခြေအနေတွေကို ထည့်သွင်းစဉ်းစားကာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့လည်း ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေနဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ဖြစ်ပြီး ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။ 

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာကူညီပေးရာမှာ  အမှန်တကယ်လိုအပ်သူတွေဆီ ရောက်ရှိဖို့  အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံသို့ AHA စင်တာမှတစ်ဆင့် လှူဒါန်းမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေလို သက်ဆိုင်သူတွေအကြား အစည်းအဝေးတစ်ရပ်ကျင်းပသွားဖို့ အားပေးသွားမယ်လို့ဆိုပါတယ်။ 

ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း ၃,၂၀၀,၀၀၀ ခု၊ PPE ဝတ်စုံ ၃၀,၀၀၀၊ အသက်ရှူအထောက်အကူပြုစက်အလုံး ၅၀၊ လူနာစောင့်ကြည့်စက်အလုံး ၅၀ နဲ့ ဆက်စပ်ပစ္စည်းတွေ၊ အောက်ဆီဂျင်စက်အလုံး ၅၀ နဲ့ တခြားဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ခေါင်းဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို  ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်တာဖြစ်ပြီး  စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံးနိုင်ငံ ခေါင်းဆောင်တဦးရဲ့ခရီးစဉ်လည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာအာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုရာရောက်တယ်ဆိုပြီး ခရီးစဉ်ဖျက်သိမ်းဖို့ နိုင်ငံတကာ အသိုက်အဝန်းက တိုက်တွန်း တောင်းဆိုနေကြသလို မြန်မာပြည်သူလူထုကလည်း ဟွန်ဆန်ရဲ့ ရုပ်ပုံတွေကို မီးရှို့ပြီး ဆန္ဒပြနေကြပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013