
မန္တလေးမြို့မှာ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ ထောက်တိုင်ဖြစ်တဲ့ မြဝတီဘဏ်အပါအဝင် နေရာ ၃ နေရာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ချမ်းအေးသာစံ မြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်း နဲ့ ၂၇လမ်းကြားရှိ မြ၀တီဘဏ်မှာ မနက် ၉ နာရီကျော်အချိန်က ဗုံးပေါက်ကွဲခဲ့ပြီး ဘဏ်ဝန်ထမ်း ၂ ဦးနဲ့ ငွေထုတ်လာသူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဘဏ်ကို လက်ပစ်ဗုံးနဲ့ ပစ်သွားတာ ဆိုင်ကယ်နဲ့ လာပြီးပစ်တာတဲ့။ ဘဏ်ဝန်ထမ်း နှစ်ဦးနဲ့ ငွေထုတ်လာသူ ဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဝန်ထမ်းတစ်ယောက်ကတော့ ဒဏ်ရာများတယ်လို့ ကြားတယ်။ ဘဏ်နားက အရင်ကတည်းက အတားအဆီးတွေ ချပြီး လုံခြုံရေးယူတာတွေရှိတယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၇ မနက် ၇ နာရီကျော်အချိန်က ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ၁၀၇ လမ်း နဲ့ ၁၀၉ လမ်းကြားရှိ MIIT ကျောင်း အရှေ့ဘက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ ပျက်စီးတာမရှိခဲ့ပါဘူး။
ဒါ့အပြင် ၃၆ လမ်း၊ ၈၂ လမ်း နဲ့ ၈၃ လမ်းကြားရှိ မဟာအောင်မြေပညာရေးမှူးရုံးအတွင်းမှာလည်း အသံမိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။