DVB Logo
Home
မြန်မာသတင်း
ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲ ၃၁၅၂ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၂၂၀၀ ခန့်သေဆုံး
DVB
·
January 7, 2022
ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲ ၃၁၅၂ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ်က ၂၂၀၀ ခန့်သေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၁ နှစ်တာအတွင်း ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က အယောက် ၂၁၉၀ သေဆုံးပြီး ၂၀၄၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၇ ရက် ရက်စွဲနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က တိုက်ပွဲသတင်း ချုပ်အနေနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တို့ဘက်ကတော့ ၄၂ ယောက်ကျဆုံးခဲ့ပြီး အယောက် ၁၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်အတွင်း ကေအန်ယူ ထိန်းချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတပ်တွေဟာ တပ်အင်အားတိုးချဲ့မှုနဲ့ နယ်မြေစိုးမိုးမှုတွေကို အစဥ်တစိုက်ပြုလုပ်နေတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ပြည်သူလူထုကို ခြောက်လှန့်ပြီး ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေကို အတင်းအဓမ္မသိမ်းယူတာတွေ၊ ပြည်သူလူထုရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူစားသုံးဖျက်ဆီးတာတွေကိုလည်ေ စဥ်ဆက်မပြတ် ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

အဲဒီလို စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် နယ်မြေကာကွယ်ရေးနဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးကို တာဝန်ယူပေးနေရတဲ့ ကေအန်ယူ လက်အောက်ခံ KNLA၊ KNDO တပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ နေ့စဥ်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှုတွေအနေနဲ့ ဒူးသထူခရိုင် တပ်မဟာ  ၁ ထိန်းချုပ်နယ်မြေအတွင်းမှာ ၂၄၉ ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းမှာ အကြိမ် ၅၀၊ ညောင် လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းမှာ အကြိမ် ၁၀၀၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်းမှာ ၉ ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ ၂၆၉၆ ကြိမ်နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ ၅၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကေအန်ယူ ထိန်းချုပ်နယ်မြေတွင်း နေထိုင်ကြတဲ့ ပြည်သူလူထုတွေ နေထိုင်ရာကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတပ်တွေက လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုပေါင်း အလုံးရေ  ၁၅၀၀ ကျော်ရှိခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေရှိခဲ့တဲ့အပြင် နေအိမ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်ပျက်စီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ညောင်လေးပင်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေထဲမှာတော့  အာဏာသိမ်း စစ်ကောင်စီက လေယာဉ်အသုံးပြုပြီး ပြည်သူလူထုနေထိုင်ရာ နေရာဒေသတွေကို ဗုံးကြဲ ပစ်ခတ်ခဲ့ကြပြီး ၂၀၂၁ တနှစ်တာအတွင်း လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၃၁ ယောက်သေဆုံးပြီး ၈၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ကြတဲ့ ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ အသက်ရှင်နေထိုင်ခဲ့ကြရပြီး တိုက်ပွဲတွေကြောင့် ပြည်သူ ၅ သောင်းလောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အခက်အခဲအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013