DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားရမည့်သတ်မှတ်ရက် တိုးမြှင့်
DVB
·
January 6, 2022
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားရမည့်သတ်မှတ်ရက် တိုးမြှင့်
Donate to DVB

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားတာကို ဇန်နဝါရီ ၁၅ ရက်အထိ သတ်မှတ်ရက် တိုးမြှင့်ဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကျောင်းဖွင့်ရက်နောက်ကျတဲ့ ၄၆ မြို့နယ်နဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဝေးလံဒေသတွေက အခြေခံပညာအထက်တန်းကျောင်းများတွေမှ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြင်ပဖြေဆိုမယ့်သူတွေ အဆင်ပြေ ချောမွေ့စေဖို့ သတ်မှတ်ရက်တိုးမြှင့် ဆောင်ရွက်ပေးတာလို့ ဆိုပါတယ်။ 

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတွေကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ လျှောက်ထားရမယ်လို့ မူလက ကြေညာခဲ့ရာက  ဇန်နဝါရီ ၁၅ ရက်အထိ လျှောက်ထားနိုင်တယ်လို့ ရက်တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ 

လျှောက်လွှာတင်သွင်းရာမှာလည်း ယခင်ပုံစံအတိုင်း ဖြေဆိုမယ့် ဘာသာတွဲအလိုက် အစိမ်းရောင် ဖြေဆိုခွင့်လျှောက်လွှာကတ်ပြားပုံစံ နဲ့ ပန်းရောင်လျှောက်လွှာကတ်ပြားပုံစံ နှစ်မျိုး ခွဲခြားထားကြောင်းနဲ့ စာမေးပွဲ အဖြေလွှာတွေကို အချိန်မီစစ်ဆေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေတဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးက ဆိုပါတယ်။

ဒါကြောင့် လျှောက်လွှာတင်မယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သက်ဆိုင်ရာကျောင်းတွေမှ တဆင့် လျှောက်လွှာနဲ့ တံဆိပ်ခေါင်းဝယ်ယူပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း အချိန်မီ ပေးပို့ရမှာ ဖြစ်သလို ပြင်ပမှဖြေဆိုသူတွေအနေနဲ့ မိမိတို့ နေထိုင်ရာမြို့နယ်ပညာရေးမှူးရုံးမှာ ဖြေဆိုခွင့်လျှောက်လွှာတွေကို သတ်မှတ်ရက်အတွင်းပေးပို့ရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီက အခုလို ကျင်းပပေးမည့် တက္ကသိုလ်ဝင်စာမေးပွဲအပေါ် မိဘအများစုက အရည်အချင်းမဲ့ ပညာရေးသာဖြစ်မယ်လို့ လက်ခံနားလည်ပြီးသားဖြစ်တယ်လို့ ပညာရေးနယ်ပယ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

“ပုဂ္ဂလိကစာသင်ကျောင်းမှ ကျောင်းဆရာတဦးက အဲ့ဒါကတော့ understood ပါ။ စဉ်းစားနိုင်တဲ့လူတိုင်းက စဉ်းစားနိုင်တဲ့ ကိစ္စပဲလေ။ ကျနော်နဲ့ စာသင်နေတဲ့ မိဘတွေတောင် ကျနော် အများကြီး မပြောပြရဘူး။ ဘာလို့လဲဆို အားလုံးက နားလည်ပြီးသားပဲလေ။ ဒါက ရှင်းပြစရာ မလိုတော့တဲ့ understood ဖြစ်ပြီးသား ကိစ္စပါ” လို့ ပြောပါတယ်။

တဖက်မှာလည်း စစ်အာဏာရှင်နဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ CDM အာဏာဖီဆန် လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဆရာမတွေရှိသလို ၊ ကျောင်းမတက် စာမေးပွဲမဖြေတော့ဘဲ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေလည်းရှိနေပါတယ်။ 

စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် ကလေးတွေအကြားမှာ သင်ယူတတ်မြောက်တဲ့ ပညာရေး ကွာဟမှုက စိုးရိမ်စရာ ရှိလာပါတယ်။

သင်ကြားရေးအတွက် သုတေသီလုပ်နေတဲ့ ကျွမ်းကျင်သူတဦးက “ပညာရေးကွာဟမှုကတော့ ရှိမှာပဲလေ။ အခုလည်း ရှိနေတာပဲ။ လုံးလုံး စာမသင်တဲ့ ကလေးတွေနဲ့ international school တက်နေတဲ့ ကလေးတွေ အကြားမှာ ပညာရေး ကွာဟမှုက အခုကတည်းက မြင်နေရပြီလေ။ ကွာဟမှုကတော့ အများကြီး ရှိမှာပဲ။ ဘာလို့လဲဆို လုံးလုံးစာမသင်တဲ့ ကလေးတွေ ရှိတယ်။ private school မှာ စာသင်နေတဲ့ ကလေးတွေ ရှိတယ်။ international school မှာ တက်နေတဲ့ ကလေးတွေ ရှိတယ်။ အကောင်းဆုံးနဲ့ မကောင်းဆုံးကို ပြန်သွားလိုက်ရင် international school မှာ ပုံမှန် တက်ပြီးတော့ တနှစ် တတန်းအောင်နေတဲ့ ကလေးနဲ့ ဘာမျှမတက်ဘဲ ထိုင်နေတဲ့ ကလေးနဲ့ဆိုရင် ကွာဟမှုက အကြီးကြီးပဲလေ။ အဲ့ထိ ကွာဟမှုတွေက အခုကတည်းက ရှိနေပြီ၊ နောက်လည်း ရှိနေဦးမယ်” လို့ ပြောပါတယ်။

ဒါကြောင့် ကွာဟမှုကို နည်းနိုင်သမျှနည်းအောင် လုပ်နိုင်ဖို့က ကိုယ်ပိုင်လေ့လာသင်ယူမှု နဲ့ နည်းပြကောင်း (guideline) ရှိဖို့လိုအပ်လာပါတယ်။

“ကိုယ်ပိုင်လေ့လာသင်ယူဖို့ဆိုတာကလည်း ပထမတချက်က အင်တာနက်လိုင်းကောင်းဖို့ လိုတယ်။ အင်တာနက်လိုင်း ကောင်းရင်တော့ အများကြီးလုပ်လို့ရတယ်။ လေ့လာစရာတွေက အများကြီးပဲ။ အခု အက်ပလီကေးရှင်းလေးတွေ ရှိတယ်နော်။ အဲ့ဒါတွေကို အခမဲ့ လေ့လာလို့ရတာတွေ ရှိတယ်။ ဒါတွေ လုပ်နိုင်ဖို့က အင်တာနက်ရဖို့ လိုတယ်နော်။ အင်တာနက် ကောင်းတယ်၊ မိဘက ပံ့ပိုးပေးနိုင်တယ်ဆိုရင် ကိုယ်ပိုင်လေ့လာသင်ယူမှုကို လုပ်လို့ ရနိုင်တယ်။ ဒုတိယအချက်က အင်တာနက်လည်း မရဘူးဆိုရင် community ပေါ့၊ ကိုယ်နဲ့နီးစပ်မှုရှိတဲ့ အစုအဖွဲ့လေးထဲမှာ ဘွဲ့ရပြီးသား ဘာမျှ အလုပ်မရှိ သေးတဲ့ သူတွေ၊ နောက်တခါ ဆရာ၊ဆရာမ တွေက စာပြန်သင်ပေးတာမျိုး အဲ့ဒါမျိုးတွေ လုပ်ပေးရင်တော့ ရပါတယ်။ အဲ့ဒါမျိုးတွေ လုပ်ပေးနိုင်ရင်တော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးက အလှမ်းမဝေးတော့ဘူးပေါ့။” လို့  သင်းကြားရေး ကျွမ်းကျင်သူတဦးက ဆက်လက်ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား ကျောင်းသူတွေအတွက် လက်လှမ်းမီ ပါဝင်ဖြေဆိုနိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးဆောင်ရွက်နေပြီး စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ပြုလုပ်မယ့် တက္ကသိုလ်ဝင်တန်း စာပေးပွဲရလဒ်တွေကို ဖက်ဒရယ်ပညာရေးစနစ်နဲ့ အကောင်အထည်ဖော်မယ့် တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းတွေမှာ အသိအမှတ်ပြု လက်ခံမှာမဟုတ်တဲ့အကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ထားတာ ရှိပါတယ်။

ဒါကြောင့် NUG အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနမှ ဆွေးနွေးဆောင်ရွက်မှုတွေကို သက်ဆိုင်ရာ ကျောင်းသားအဖွဲ့ အစည်း တွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ပညာရေးဘုတ်အဖွဲ့တွေ နဲ့ တက္ကသိုလ်ကောင်စီတွေ၊ ဆရာသမဂ္ဂတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ နဲ့ တိုင်ပင်ဆွေးနွေးအကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ကျောင်းသားလူငယ်တွေအနေနဲ့ အင်္ဂလိပ်စာ၊ သင်္ချာနဲ့ အထွေထွေဗဟုသုတတွေ လေ့လာ သင်ယူထားကြဖို့နဲ့ NUG ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း တိုက်တွန်းထားပါတယ်။ 

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက် မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ် အပါအဝင် စစ်ကောင်စီခန့် ပညာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013