DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊ ရွာသားများ စစ်ဘေးရှောင်
DVB
·
January 6, 2022
နမ့်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး၊  ရွာသားများ စစ်ဘေးရှောင်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အစွန်မှာ ဇန်နဝါရီ ၅ ရက်က TNLA တအာင်းအမျိုးသားတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာထဲမှာ စစ်သား အလောင်း ၄ လောင်းတွေ့ကာ ၆ ယောက်နမ့်ခမ်းဆေးရုံမှာ ရောက်နေတယ်လို့ နမ့်ခမ်းဒေသခံက ပြောပါတယ်။

နမ့်ခမ်းမြို့အရှေ့ဘက် ကောင်းနောင်စန့်အုပ်စု နောင်စန့်ကုန်းရပ်ကွက်နဲ့   ပန်လုံ ၊ ဟိုနားစတဲ့ ကျေးရွာတွေဘက်မှာ မနေ့မွန်းလွဲ  ၁ နာရီလောက်ကနေ ညနေ ၄ နာရီဝန်းကျင်ထိ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအပြီး နောင်စန့်ကုန်းရပ်ကွက်ထဲမှာတင် စစ်ကောင်စီ တပ်သား အလောင်း ၄ လောင်းတွေ့ရှိကြောင်းတိုက်ပွဲအပြီး စစ်တပ်ဘက်က အလောင်းလာကောက်ရာမှာ အလောင်းတွေ့တဲ့နေရာအနီးက နေအိမ်တွေကို  ဝင်ရောက်မွှေနှောက်ရှာဖွေပြီး အိမ်သားတွေကို ဖမ်းခေါ်သွားတယ်လို့  နမ့်ခမ်းဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ 

“နောင်စန့်ကုန်းရပ်ကွက်ထဲမှာတော့ ၄ လောင်းတွေ့တယ်လို့ပြောတယ်၊ လမ်းမကြီးပေါ်မှာ ၂ လောင်း၊ လမ်းကြားထဲမှာ ၂ လောင်း ၊ သေနတ်မှန်ပြီး နမ့်ခမ်းဆေးရုံကိုသယ်လာတာ ၆ ယောက်တွေ့တယ်လို့ အဲဒီရွာကပြောတယ်။ ဆေးရုံလည်း အဲဒီရပ်ကွက်နားမှာပဲလေ၊  သူတို့လူ သူတို့အလောင်းလာကောက်တော့ ကျည်ဆန်က အိမ်ဝင်းထဲက ထွက်လာတာလို့ပြောပြီး အနီးနားက အိမ်တွေထဲဝင်ရှာတာ၊ အိမ်ဆိုင်တဆိုင်ဆိုရင် ဆိုင်ပိတ်ထားတာ ကိုတံခါးဖျက်ဝင်တယ်၊ ဆိုင်ထဲက လစ်ပို၊ ဘီယာ၊ စီးကရက်ဘူးတွေယူသွားတယ်။ အလှူခံပုံးထဲက ပိုက်ဆံလည်းယူတယ်။ ဖုံး ၊ အိုင်ပက် ၊ Power Bank ပါယူတယ်၊ အိမ်ထောင်ဦးစီးကိုလည်း ဖမ်းသွားတယ်။”

နောင်စန့်ကုန်းရပ်ကွက်ထဲက အဖမ်းခံရတဲ့အမျိုးသား ၇ ယောက်လောက်ရှိပြီး သူတို့ကို ဘယ်နားဖမ်းခေါ်သွားမှန်းမသိသလို အဆက်အသွယ်လည်းမရလို့ အိမ်သားတွေတညလုံး စိတ်ပူ ခဲ့ကြရပြီး ဒီကနေ့မနက်စောစောမှာတော့ ပြန်လွတ်လာကြကာ စစ်ဆေးမေးမြန်းခံခဲ့ရပေမဲ့ ညှဉ်း ပန်းနှိပ်စက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။ 

မနေ့ကတိုက်ပွဲကြောင့် လက်နက်ကြီးကျည်တွေဟာ နောင်စန့်ကုန်းရပ်ကွက် လမ်းပေါ်မှာ ၊ အိမ်ဝင်းထဲမှာ၊ ခြံထဲစိုက်ခင်းထဲမှာ စသဖြင့် စုစုပေါင်း ၅ လုံးထက်မနည်းကျခဲ့ပါတယ်။

မနေ့ည ၉  နာရီနဲ့ ဒီကနေ့မနက်စောစောမှာ ခြံထဲကပေါက်ကွဲသံကြားရပြီး တိုက်ပွဲမဖြစ်တဲ့အတွက် လက်နက်အကြွင်းအကျန်တွေပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ယူဆပြီး လူထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဟိုနားကျေးရွာနဲ့ ပန်ထိုလင်ကျေးရွာထဲမှာလည်း လက်နက်ကြီးကျလို့ နေအိမ်၊ ဈေးဆိုင်နဲ့ ဘုန်းကြီးကျောင်းဇရပ် အပျက်အစီးတွေရှိခဲ့ပါတယ်။

ကနေ့မနက်မှာတော့ TNLA လက်နက်ကိုင်အဖွဲ့က တောင်ပေါ်ကနေ ကောင်းပိန်းရွာနဲ့ ဟိုနားရွာဘက်ကိုထပ်လာနေပြီလို့ သတင်းကြားတာနဲ့ ရွာသားတွေအထုပ်အပိုးပြင်ပြီး နောင်စန့်ကုန်း ခရစ်ယာန်ဘုရားရှိခိုး ကျောင်းဝင်းရိပ်သာထဲမှာ လာရောက်ခိုလှုံနေကြတယ်လို့ ဒေသခံကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နမ့်ခမ်းဈေးကြီးထဲမှာ ဆက်ကြေးလာကောက်တဲ့  TNLA တပ်ဖွဲ့ဝင်၂ ဦး ပစ်သတ်ခံရတဲ့နောက် မနေ့မနက်ကပိုင်းက TNLA တပ်ဖွဲ့ဝင်တွေ မြို့တွင်း အင်အားပြဝင်ရောက်လာခဲ့ပါတယ်။

မြို့ထဲဝင်လာပြီး TNLA တပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားတဲ့သူတို့နောက် မြို့ပေါ်မှာလုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး TNLA ဘက်က အကျဆုံး မရှိသလို စစ်ကောင်စီဘက်က သေနတ် ၃ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ 

TNLA တပ်ဖွဲ့ဝင်တွေအနေနဲ့ ဇန်နဝါရီလ ၆ ရက် ဒီနေ့ မနက်ပိုင်းအထိ နမ့်ခမ်းမြို့ပေါ်မှာ နေရာယူထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း  TNLA တပ်ဖွဲ့အနေနဲ့ နမ့်ခမ်းမြို့မ ဈေးအတွင်း ဆိုင်ခန်းခတွေကို လာရောက်ကောက်ခံခဲ့တဲ့အတွက် ဈေးဆိုင်ပိုင်ရှင်တွေအနေနဲ့  ဆိုင်ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA အပါအဝင် RCSS နဲ့ SSPP စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက ဆိုင်ခန်းအခွန်တွေ လာရောက်ကောက်ခံလေ့ရှိတယ်လို ဒေသခံတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013