DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့်အလုပ်သွားလုပ်မည့်လုပ်သားများအတွက် နှစ်နိုင်ငံ ညှိနှိုင်းနေဆဲ
DVB
·
January 5, 2022
ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့်အလုပ်သွားလုပ်မည့်လုပ်သားများအတွက် နှစ်နိုင်ငံ ညှိနှိုင်းနေဆဲ
Donate to DVB

ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်သွားလုပ်မယ့် အလုပ်သမားတွေအတွက်  လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်ဖို့  နှစ်နိုင်ငံ ဝန်ကြီးဌာနအကြားမှာ ဆွေးနွေးညှိနှိုင်းဆဲ ဖြစ်တာကြောင့် ထိုင်းအလုပ်ကမ်းလှမ်းစာ (Demand Letter) လုံးဝမရရှိသေးဘူးလို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က ပြောပါတယ်။

ထိုင်းအလုပ်အကိုင်ရှာဖွေရေးညွှန်ကြားရေးမှူးချုပ်ဖိုင်ရို့က ထိုင်းနိုင်ငံမှာ လုပ်သားရှားပါးမှု ပြဿနာကို အချိန်မီဖြေရှင်းနိုင်ရေးအတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှ လုပ်သားတွေကို MOU စနစ်နဲ့ ခေါ်ယူဖို့ အလုပ်ခေါ်စာ (Demand) စတင်လက်ခံထားပြီးဖြစ်တယ်လို့  ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ရေးသားထားပါတယ်။

ဒါကြောင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှ လုပ်သားခေါ်ယူလိုတဲ့ အလုပ်ရှင်တွေအနေနဲ့ ကွာရန်တင်းအတွက် စရိတ် တာဝန်ယူနိုင်ရင် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန၊ ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံး၊ မြို့တော် ဘန်ကောက်အတွင်းရှိ အလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ ခုမှာ အလုပ်ခေါ်စာတင်နိုင်တဲ့အကြောင်း ညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့က ပြောပါတယ်။

ဒီ့အတွက် ကွာရန်တင်းနေရာ၊ အချိန်ကာလနဲ့ ကျန်းမာရေးအာမခံရွေးချယ်မှုအပေါ် မူတည်ပြီး လုပ်သား တယောက်အတွက် ခေါ်ယူစရိတ်က ဘတ် ၁၁,၄၉၀ မှ ၂၄,၂၅၀ အကြား ရှိနိုင်ကြောင်းနဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်အထိ  ရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှ လုပ်သား ၃၂,၂၉၅ ဦးခေါ်ယူဖို့  အလုပ်ခေါ်စာ ၂၅၅ ခု တင်ထားတဲ့အကြောင်း ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အခုလိုသတင်းထွက်ပေါ်လာပြီးနောက် ပြည်တွင်းရှိ လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် လိမ်လည်ခေါ်ယူနေတဲ့ အလုပ်အင်တာဗျူးတွေဟာ ဂုဏ်သိက္ခာရှိ စက်ရုံ၊ လုပ်ငန်းအမည်တွေကို ဖော်ပြပြီး တရားမဝင်လူစုဆောင်းနေတာကြောင့် သတိပြု ရှောင်ရှားကြဖို့နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ပေးထားတဲ့ ထိုင်းအလုပ်ကမ်းလှမ်းစာ(Demand Letter) မှာအခု အချိန်အထိ လုံးဝမရရှိသေးတဲ့အကြောင်း  ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်(MOEAF) က သတိပေးပြောဆိုလိုက်တာပါ။

MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ လုပ်သားစေလွှတ်ပေးနေတဲ့ အကျိုးဆောင်လုပ်ငန်းရှင်တဦးက “ဟိုဘက်က အလုပ်ရှင်တွေကတော့ ခေါ်နေကြတာပေါ့နော်။ ဒီ့အတွက် နှုန်းထားအသစ်နဲ့ ကွာရန်တင်းခ၊ ဒါတွေကို ရှင်းရှင်းလင်းလင်း မြင်သာအောင် လုပ်ရဦးမယ်။ ဒါကတော့ ထိုင်းအလုပ်ရှင်ဘက်က ကျခံမယ်။ ဒါကတော့ အလုပ်သမားဘက်က  ကျခံမယ်။ စသဖြင့် ဒီအပိုင်းတွေကို ခွဲခြားပြီးလုပ်ပေးရမယ်လေ။ ဒါပေမဲ့ ဒီဘက်က ဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီတွေအပေါ် ထုတ်ပြန်ချက် ဘာမျှ အကြောင်းမပြန်သေးတော့ မသိရသေးဘူး ဖြစ်နေတယ်။ ကမ္ဘောဒီးယားနိုင်ငံမှ အလုပ်သမားတွေ ထိုင်းဆီ ဝင်နေပြီ။ ပြီးခဲ့တဲ့ ၁၅ ရက်လောက်ကတည်းကပါ။ ကျနော်တို့ကတော့ လက်ရှိပေါ့နော်။ နိုင်ငံရေးအရ လုံခြုံမှုမပေးနိုင်သေးလို့လေ။ ဘာလို့လဲဆို ကလေးတွေက ကွာရန်တင်းဝင်တဲ့အခါ နယ်စပ်မှာ ဝင်ရတော့ လက်ရှိက လုံခြုံရေးအခြေအနေ အားနည်းတော့ တာဝန်ခံရတဲ့အပိုင်းမှာ ပြဿနာရှိနေတယ်” လို့ ဒီဗွီဘီကို  ပြောပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့အကြားမှာ MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ မြန်မာအလုပ် သမားစေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကစပြီး တရားဝင်စေလွှတ်ပေးခဲ့တာ ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၂၀ မတ်လ ၁၈ ရက်နေ့အထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့  မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်စခန်းကို ပိတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားမှာ တရားဝင်အလုပ်သမားစေလွှတ်မှု မရှိတော့တာ ယနေ့ အထိဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ တရားဝင်သွားရောက်လုပ်ကိုင်မည့်အလုပ်သမားတဦးအတွက် ကုန်ကျစရိတ်က မြန်မာအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတာက မြန်မာငွေ ကျပ်တသိန်းခွဲ ရှိပြီး ထိုင်းမှာတော့ work permit နဲ့ ဗီဇာ ၊ ကားခအတွက်က တချို့ကလည်း အလုပ်ရှင်တွေက အကုန်အကျခံပေးတာမျိုး ရှိသလို အကုန်အကျမခံရင် ထိုင်းဘတ် ၃၆၀၀ အထက်ကုန်ကျနိုင်ပါတယ်။ ဒီနှုန်းထားက ကိုဗစ် မတိုင်ခင်က သတ်မှတ်ခဲ့တဲ့ နှုန်းထားသာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013