DVB Logo
Home
မြန်မာသတင်း
အုပ်စုလိုက် သေဆုံးမှု မမှန်ကန်ဟု အစိုးရ ထပ်ရှင်း
DVB
·
January 29, 2014
အုပ်စုလိုက် သေဆုံးမှု မမှန်ကန်ဟု အစိုးရ ထပ်ရှင်း
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့ ဒုချီးရားတန်းကျေးရွာဖြစ်စဉ်မှာ ဘင်္ဂါလီ အယောက် ၄၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် လုံးဝမရှိဘဲ လုပ်ကြံ ဖန်တီးပြောဆိုတာ ဖြစ်ကြောင်း အစိုးရက ထပ်မံရှင်းလင်းပြောကြားပါတယ်။

u ye htutဒုချီးရားတန်းကျေးရွာမှာ လူသေဆုံးမှုဆိုတဲ့ကိစ္စဟာ အမှန်တကယ် ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (အာရ်အက်စ်အို)က ရိုဟင်ဂျာအရေးကို နိုင်ငံတကာ မျက်နှာစာမှာ ပေါ်လွင်စေချင်တဲ့အတွက် ဖန်တီးတာ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ׂ“အာရ်အက်စ်အိုလို အဖွဲ့အစည်းတွေ ဒါတွေအားလုံးက မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်း တယ် ဆိုလို့ရှိရင်။ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌရာထူးကို ယူနေတယ်။ မကြာခင်မှာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီပြဿနာကို နိုင်ငံတကာ စာမျက်နှာပေါ် ဆွဲတင်ချင်တာပဲ။ ရှင်းရှင်းပြောရင် ဒါပဲ အဓိက။”

ဇန်န၀ါရီ ၁၃ ရက်နေ့က ဖြစ်စဉ်မှာ ရဲတပ်ကြပ်ကြီးတဦးသာ ခုချိန်ထိ ပျောက်ဆုံးခဲ့ပြီး အစိုးရအနေနဲ့ ဒီကိစ္စကို အကျယ်မဖြစ်အောင် ထိန်းသိမ်းနေတယ်လို့ သူက ပြောပါတယ်။

“အခုဟာ အခြေအနေက တည်ငြိမ်နေတယ်။ ထိန်းသိမ်းသွားလို့ ကြာလို့ အေးချမ်းတာနဲ့ အမျှ ဘဂါင်္လီကို သူတို့ ခေါ်ချင်တဲ့ နာမည်နဲ့ ခေါ်ပြီးတော့မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းချင်တဲ့ဟာမျိုး၊ တိုင်းရင်းသား တောင်းချင်တဲ့ကိစ္စမျိုးက ပျောက်ကွယ်သွားမှာကို စိုးရိမ်တယ်။ စိုးရိမ်တဲ့အခါကျတော့ ဒါကြီးကို အသိုင်းအ၀ိုင်းနဲ့ ပြဿနာတခု ဖြစ်တိုင်း သတင်းမှာတွေ လုပ်ပြီးတော့မှ ဒီဟာကို ပြန်ပြီးတော့ ဆွဲတင်တာ။”

ဇန်န၀ါရီ ၁၃ ရက်နေ့က ဒုချီးရားတန်းကျေးရွာမှာ ပဋိပက္ခ ဖြစ်ပွားပြီး ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး နာရီပိုင်းအကြာမှာ မွတ်စလင် ၁၄ ဦး သေဆုံးတယ်လို့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအစည်းအရုံးက ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းရက် တွေမှာ မွတ်စလင် ၄၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ ရေးသားချက်တွေနဲ့အတူ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအ၀င် တာဝန်ရှိသူတွေ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး မွတ်စလင်တွေ သေဆုံးတယ်ဆိုတဲ့ အထောက်အထား မရှိကြောင်း ရှင်းလင်းခဲ့ပါတယ်။

ဒါပေမယ့် စုံစမ်းရေးကော်မရှင်ဖွဲ့စည်း ဖော်ထုတ်ဖို့အတွက် မြန်မာအစိုးရအပေါ် ဖိအားတွေ တိုးများလာခဲ့ပြီးနောက် ဇန်န၀ါရီ ၂၈ ရက်နေ့က နိုင်ငံခြားရေးရုံးက တာဝန်ရှိသူတွေက နိုင်ငံခြား သံတမန်တွေကို ဒုချီးရားတန်းကိစ္စမှာ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးမှုကလွဲလို့ တခြား အသေအပျောက် မရှိကြောင်း ထပ်မံရှင်းလင်းခဲ့ပါတယ်။

ဒီ ရှင်းလင်းချက်အနှစ်ချုပ်ကို ရှင်းလင်းပွဲအပြီး သတင်းထောက်တွေကို သမ္မတရဲ့ ပြောခွင့်ရသူ ဦးရဲထွဋ်က ရှင်းလင်းပွဲအတွင်း သတင်းရယူခွင့်မရခဲ့တဲ့ သတင်းထောက်တွေကို ထပ်မံ ရှင်းလင်းပါတယ်။

“ကျနော်တို့ စုံစမ်းစစ်ဆေးခဲ့ပြီးပြီ၊ ဒီ ဖြစ်ရပ်က လုံးဝ မရှိဘူး။ အဲဒီမှာ ထိခိုက်နစ်နာ ဆုံးရှုံးတယ်ဆိုတာက ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်းပဲ။ တကယ်တော့ ဒီဖြစ်စဉ် စဖြစ်တုန်းကတည်းက ကျနော်တို့က ဒါကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ခဲ့တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူသည် ရဲတပ်ဖွဲ့တင်မဟုတ်ဘူး။ သူသည် ရခိုင်လူမျိုး ဖြစ်နေတယ်။ အဲဒီတော့ ဒီသတင်းကို ကျနော်တို့က အကျယ်အကျယ် လုပ်လိုက်လို့ ရှိရင် ပိုပြီး တင်းမာမှုတွေ ဖြစ်လာနိုင်တာမို့ ဒါကို သာမန်ရာဇ၀တ်မှုတခုအဖြစ်နဲ့ ထိန်းသိမ်းခဲ့တယ်။”

မနေ့တုန်းက နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ ကန့်သတ်ထားတဲ့ စာနယ်ဇင်းတွေနဲ့ သတင်းဌာနတွေကိုသာ အစိုးရဘက်က ပေးဝင်ခဲ့ပါတယ်။ ရှင်းလင်းပွဲကို ဘီဘီစီသတင်းဌာနကလည်း တက်ရောက်သတင်းရယူပြီး ရေးသားတဲ့သတင်းမှာ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက အသတ်ခံရပြီး ပျောက်ဆုံး နေသူတွေကို သိရင် တိတိကျကျ ပြောပြပြီး သက်သေအထောက်အထားရှိရင် ထုတ်ပြကြပါလို့ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဘက်ကလည်း ဒီလို မွတ်စလင်တွေ သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းတွေအပေါ် သူတို့ကိုယ်တိုင်လည်း သံသယတွေ ရှိနေတယ်ဆိုတာမျိုး ပြောသွားတယ်လို့ ဘီဘီစီသတင်းဌာနက ရေးပါတယ်။

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကိုယ်စားလှယ်တွေ စေလွှတ်ဖို့ ပြောကြားတဲ့အခါ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီကိစ္စဟာ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ငြင်းပယ်လိုက်ကြောင်းကိုလည်း ရေးသား ထားပါတယ်။

ပဋိပက္ခဖြစ်တဲ့ ရခိုင်ပြည်နယ် ​ဒုချီးရားတန်းကျေးရွာကို နိုင်ငံတကာ တာဝန်ရှိသူတွေနဲ့ သွားရောက်ခဲ့ပြီး ဖြစ်သလို ဒေါက်တာကျော်ရင်လှိုင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်စုံစမ်းရေး အဖွဲ့လည်း သွားရောက်စုံစမ်းပြီး ဖြစ်တဲ့အတွက် မကြာခင် တွေ့ရှိချက်တွေ ထုတ်သွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013