
အနောက်ဘက်ကမ်းမှာ အခြေချမဲ့ အစ္စရေးအစိုးရရဲ့ အစီအစဉ်ကို နိုင်ငံ ၇ နိုင်ငံရဲ့ ခေါင်းဆောင်တွေ က ရှုတ်ချလိုက်ပါတယ်။
အစ္စရေးဟာ အနောက်ဘက်ကမ်းမှာ E1 ဆိုတဲ့ အိမ်ရာ ၁,၂၃၄ လုံးပါတဲ့ ဆောက်လုပ်ရေးအတွက် တင်ဒါ ခေါ်ဖို့ စီစဉ်ခဲ့တာပါ။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ နော်ဝေ၊ နယ်သာလန်တို့က လက်မခံနိုင်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ထားပြီး အစီအစဉ်တွေ ပြန်ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်။
နိုင်ငံတကာဥပဒေအရ အစ္စရေးရဲ့ ကြေညာချက်တွေ အားလုံးက တရားမဝင်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဖြေရှင်းမှုနဲ့လည်း မကိုက်ကြောင်း ဖော်ပြပါတယ်။
နိုင်ငံခေါင်းဆောင်တွေနဲ့ ပါလက်စတိုင်းကလည်း ဒီလို အိမ်ရာဆောက်မှုဟာ အရှေ့ ဂျေရုစလင်ကို သီးခြားဖြစ်စေပြီး အနောက်ဘက်ကမ်းကို ၂ ခြမ်းခွဲလိုက်သလို ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အစ္စရေးအစီအစဉ်ဆွဲထားတဲ့ E1 ပရောဂျက်မှာ အိမ်ရာ ၃,၄၀၁ လုံး ပါဝင်ပြီး အစ္စရေးဝန်ကြီး ဌာနက ၁,၂၃၄ လုံးအတွက် ဗုဒ္ဓဟူးနေ့က တင်ဒါခေါ်ခဲ့တာပါ။
တင်ဒါပိတ်ချိန်ကို အောက်တိုဘာ ၁၉ ရက်နေ့ သတ်မှတ်ထားပြီး အဲဒီနေ့ဟာ အစ္စရေး အထွေထွေ ရွေးကောက်ပွဲကျင်းပမဲ့ အောက်တိုဘာ ၂၇ ရက်နဲ့ ရက်အနည်းငယ်သာ လိုတာကြောင့် အစိုးရသစ် တက်ရင်တောင် တင်ဒါကိစ္စပြန်ပြင်ဖို့ ခက်မှာဖြစ်ပါတယ်။
အစ္စရေးဟာ ၁၉၆၇ ခုနှစ်မှာ အနောက်ဘက်ကမ်းနဲ့ ဂျေရုစလင် အရှေ့ပိုင်းကို သိမ်းပိုက်ခဲ့ပြီးနောက် ဂျူး ၇၀၀,၀၀၀ အတွက် အဆောက်အအုံတွေ ဆောက်လုပ်ပေးခဲ့ဖူးပါတယ်။
အစ္စရေးဟာ ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ အရပ်သားတွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီးလည်း ဒေသခံတွေက ဒေါသထွက်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source:Reuters











