
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်းမှာ ဇန်နဝါရီ ၄ ရက် မနက် ၇ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
ကျောက်ဝိုင်းအတွင်း ဆိုင်ခန်းအမှတ် (၉) နဲ့ (၁၀) ကြားရှိ လူသွားလမ်းမှာ ပေါက်ကွဲတာဖြစ်ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နီးပါတ်ဝန်းကျင်ရှိ ကျောက်သမားတယောက်က “ဗုံးပေါက်တာတော်တော်အသံကျယ်တယ်။ မြေကြီးတွေပါတုန်သွားတာ။ ကျောက်ဝိုင်းအတွင်းထဲမှာ ပေါက်ကွဲတာဆိုတော့ အတွင်းထဲက လူတစ်ဦး ဗုံးထိပြီး သေသွားတယ်။ တချို့ကလည်း အမှိုက်ပုံးထဲ ဗုံးကိုထုတ်ကြည့်ရင်း ကွဲတာလို့ ပြောကြတယ်။ ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်ကလည်း ကျောက်ဝိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။
ဒါ့အပြင် နိုဝင်ဘာ ၄ ရက် နဲ့ ၂၉ ရက် တို့ကလည်း ကျောက်ဝိုင်းအနီး ဗုံးပေါက်ကွဲခဲ့ပြီး နိုဝင်ဘာလ ၄ ရက် ဖြစ်စဉ်မှာတော့ အနီးနားရှိ ရဲတပ်ကြပ် တင်လင်းအောင် သေဆုံးခဲ့ကာ ဒုရဲအုပ် သိန်းဇော်ဦးမှာ ဒဏ်ရာရှိခဲ့ပါတယ်။