DVB Logo
Home
Lead Story
၂၀၂၂ နွေဦးတော်လှန်ရေး နှစ်သစ်ကို ကြိုဆိုခြင်း
DVB
·
January 4, 2022
၂၀၂၂ နွေဦးတော်လှန်ရေး နှစ်သစ်ကို ကြိုဆိုခြင်း
Donate to DVB

ပြက္ခဒိန်အသစ်လဲလိုက်တာနဲ့ နှစ်ဆန်းတခုကူးပြောင်း ရောက်ရှိခဲ့ပြီ။ မြန်မာတို့အဖို့တော့ သေစေနိုင်လောက်တဲ့ အမှတ်တရတွေနဲ့ နှစ်ဟောင်းကို နှုတ်ဆက်လိုက်ကြရတာ။ အုတ်ဂူတခုကနေတခုကို ကူးပြောင်းပြီး ဦးခိုက်ခဲ့ရသလို မီးလောင်ပြင်တခုကနေ တခုကို ရွှေ့ပြောင်းပြီး ကယ်ဆယ်ကူညီခဲ့ကြတာ။ ရင်နာနာနဲ့ပဲ နှစ်တခုကို ကူးပြောင်းခဲ့ရလေတော့ စွဲမှတ်ထင်နေတဲ့ နှလုံးသားက ဘယ်မေ့လို့ရမလဲ။

ကမ္ဘာကြီးတခုလုံးကတော့ အပေါ်ရေကြောတင်းနေတဲ့ မျက်နှာပြင်တခုထက် မပိုခဲ့ပါဘူး။ တကယ်တော့ သံခင်း တမန်ခင်း ဆိုတာလည်း လျှာနှစ်ခွနဲ့ တေးသီးတတ်တဲ့ ငှက်တကောင်လိုပါပဲ။ အကျိုးစီးပွားလိုက်ပြီး အရောင်ပြောင်းကြသလို သံစဉ်တွေ ပြောင်းလဲသီဆိုဖို့လည်း သိပ်မခက်လှပေဘူး။ “ချစ်တုံ မုန်းတုံ ရန်မမြဲ မိတ်မမြဲ” ဖြစ်တတ်တဲ့ သံခင်းတမံခင်းတို့ရဲ့ သဘာဝကို မမေ့လေနဲ့။ မိတ်ဖြစ်တုန်း ချစ်ခင်တုန်း အားသွန်ကြရတယ်။ သံပူတုန်း နာနာ နှက်ရတယ်။

“တို့တာဝန်အရေး သုံးပါး” တို့၊ “ပြည်ထောင်စုမပြိုကွဲရေး” ၊ “ပြည်တွင်းပြည်ပ အဖက်သမားမှန်သမျှ ဆန့်ကျင်ကြ”ဆိုတဲ့ စစ်တပ်က ‘ဗူး’သွင်းခဲ့တဲ့ ‘ကလီရှေး( Cliché)တွေ၊ စကားနွမ်းတွေကို ဒီမှာ တခန်းရပ်လိုက်ကြစို့။ နိုင်ငံအသစ်ဟန်ဆောင်လှည့်စားခြင်းမပါတဲ့ ပြည်ထောင်စုအသစ်ဆီကို ချီတက်ကြမယ်။ လွတ်လပ်ရေးသစ်နဲ့အတူ လွတ်လပ်ငြိမ်းချမ်းတဲ့ ဘဝသစ်ကို ချီတက်ကြမယ်။ တွဲလက်အားလုံး မြဲခိုင်ဖို့တော့ လိုတာပဲ။

လူငယ်တွေရဲ့ အနာဂတ်အတွက် လူငယ်တွေ လွတ်လပ်စွာ တည်ဆောက်ကြပါစေ။ သူတို့ ရွေးချယ်ခွင့်ကို ဘယ်အကြောင်းပြချက်မှ မငြင်းပယ်မိစေနဲ့။ ဆုံးဖြတ်ချက်တခုရဲ့ အမှားနဲ့ အမှန်ဟာ သူ့ဘဝတခုလုံးအတွက် သူတာဝန်ယူရမှာပဲ ဖြစ်တယ်။ သင် ဝင်ထမ်းပေး တာဝန်ယူပေးလို့ မရဘူး။ သူ့ခေတ်ပြဋ္ဌာန်းချက်အတိုင်း ရွေးချယ်ကြပါစေ။  

လူငယ်တွေ၊ GZ တွေ PDF တွေ ကို ကြောင်တကောင်လို တင်စားမြင်မိတယ်။ နူးညံ့တယ်၊ သိမ်မွေ့တယ်၊ ချစ်ခင်ယုယခံချင်တယ်၊ ကိုယ်တိုင်လည်း ကြင်နာတတ်တယ်၊ မလိုအပ်ရင် လက်သည်းဝှက်တယ်၊ လိုအပ်ရင် ဝှက်ထားတဲ့ လက်သည်းကို ထုတ်သုံးတယ်။ အမြီးတောင် မပုတ်ခတ်ဘဲ ရန်သူကို ချောင်းမြောင်းတတ်တယ်၊ ရန်သူအလစ်အငိုက်ကို စောင့်နိုင်တယ်။ ‘ကျားဆရာ ကြောင်’ဆိုသမို့လား။ ရန်သူအတွက် ရက်စက်တယ်၊ သေချာစွာ ဆုပ်ကိုင်တတ်တယ်၊ အဲ့ါ GZ တွေ PDF တွေရဲ့ စရိုက်ပဲ။ 

“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”တဲ့။ လူငယ်တွေရဲ့ ကြွေးကြော်သံတွေဟာ ဘယ်အခါမှ သံချေးမတက်ခဲ့ဘူး။ သစ်လွင်တောက်ပနေမြဲ ဖြစ်တယ်။ ဒီလို ကာလဆိုးကြီးထဲမှာ လူငယ်တွေရဲ့ “တော်လှန်ရေး နေပူဆာ”ကို လှုံလိုက်ကြစမ်းပါ။ သင်တို့ နွေးထွေးလာလိမ့်မယ်။ ပြီးရင် လက်ရုံးတွေ ဆန့်တန်းလာလိမ့်မယ်။ ပြီးတော့ တမဟုတ်ချင်းမှာ သင်တို့ လွတ်လမ်းကို သင်တို့ကိုယ်တိုင် ရှာဖွေတွေ့လာမယ်။ အဆုံးထိ ဆက်လျှောက်ကြတာပေါ့။ 

အသေအချာ အာရုံစိုက်လိုက်ပါ နားစွင့်လိုက်စမ်းပ။ ‘တဖြောင်းဖြောင်း’ထနေတဲ့ ကိုဗဟိန်းရဲ့ မြင်းခွာသံတွေကို ကြားရလိမ့်မယ်။ ကိုအောင်ဆန်းရဲ့ ‘တပြောင်းပြောင်း’ထနေတဲ့ တရားဟောသံတွေကို ကြားရလိမ့်မယ်။ ကိုအောင်ကျော်ရဲ့ တိုက်ပွဲခေါ်သံတွေ၊ ကိုဖုန်းမော်နဲ့ မြသွဲ့သွဲ့ခိုင်တို့၊ ကြယ်စင်လင်းတို့ လမ်းပြတာတွေကို မြင်ရလိမ့်မယ်။ ခက်သီနဲ့ ကေဇဝင်းတို့ရဲ့ ကဗျာရွတ်သံတွေ ကြားရမယ်။ ‘ရှင်သန်မှုဟာ တမိနစ်ပဲ ကျန်တော့မယ်ဆိုရင် အဲဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ်’တဲ့။

နာရီလက်တံလေးတခု အနားယူသွားပေမဲ့ အချိန်တွေ ကာလတွေကတော့ ဆက်လက်လည်ပတ်နေမှာပါပဲ။ သတိရမှုနဲ့ မော်ကွန်းတင်ကြရမှာပါ။ သေလွန်သွားသူတွေကတော့ တရားမျှတမှုအတွက် မကြွေးကြော်နိုင်တော့ဘူး။ ဒါပေမဲ့ ငါတို့အတွက် လမ်းပြခဲ့ကြတယ်။ သူတို့ကျေးဇူးကို ဘယ်အခါမှ မမေ့လျော့မိစေနဲ့။ သူတို့တာဝန်ကို ကျန်ရစ်သူတွေအပေါ် ပခုံးပြောင်း တင်ပေးခဲ့ကြတယ်။ ငါတို့ ရှေ့ဆက်ကြရပေဦးမယ်။ ‘တော်လှန်ရေးက နှလုံးသားများရှိတာ သူတို့ မသိခဲ့ကြဘူး’လေ။ သူတို့ဝိညာဉ် ငါတို့နှလုံးသားမှာ တွဲခိုနေသရွေ့ ‘ငါတို့လိပ်ပြာသန့်သန့်’ ရှင်သန်နေကြရမှာပါ။

တကယ်တော့ GZ တို့ PDF တို့ဟာ ‘တဝဂူ’ထဲက ဖောက်ထွက်ခဲ့ကြရသူတွေ။ ပြတင်းတံခါးတွေကို အားနဲ့တွန်းဖွင့်နေကြရတာ။ “မကူညီချင်နေကြပါ အနှောင့်အယှက်တော့ မပေးမိကြလေနဲ့။” သင်တို့ ‘ဟောင်းနွမ်းဆွေးမြည့်ပြီး ခေါက်ရိုးကျိုးဘဝ’တွေကို စံထားပြီး မဟန့်တားကြပါလေနဲ့။ ‘အသက်ရှစ်ဆယ် အဒေါ်ကြီး အသုံးလုံး သင်ပါ’ ဆိုတဲ့ ဩဝါဒတွေနဲ့ လူငယ်တွေကို လမ်းညွှန်မပြကြလေနဲ့။

လူငယ်တို့ရဲ့ အနာဂတ်အိပ်မက်တွေကို လွတ်လွတ်လပ်လပ် မက်ကြပါစေ။ သူတို့အိပ်မက်တွေကို အခက်အခဲ အကြမ်းအတမ်းကြားထဲက ဘဝတွေပေးပြီး အိပ်မက် မက်နေကြရတာကို မမေ့ကြလေနဲ့။ ကြီးကျယ်စရာရှိရင် သူတို့ဟာ ‘မာယာကော့ဖီး’ပြောသလို ‘နေတဖက် လတဖက်ကို မျက်ကပ်မှန်’ လုပ်ချင်လုပ်နိုင်ခွင့်ရှိတယ်။ သေးငယ်စရာ ရှိရင်လည်း ‘မုံညင်းစေ့’ မှာ ခိုအောင်းနိုင်ခွင့်လည်း ရှိတယ်။

လူငယ်တွေအတွက် ပညာရှိကြီးတဦးကတော့ ဒီလို မှာဖူးတယ်။ “Emancipate the mind, Seeking truth from fact and Unite as one to face the future. “စိတ်ကူးအတွေးတွေ လွတ်မြောက်ပါစေ၊ အချက်အလက်ကနေ အမှန်တရားရှာဖွေ၊ အနာဂတ်ကို ရင်ဆိုင်ဖို့ တသားတည်း ညီညွတ်ကြစေ”တဲ့။ 

လွတ်လပ်စွာ စိတ်ကူးအတွေးတွေ အိပ်မက်တွေ မက်နိုင်ကြစေ။ အဖြစ်အပျက် အချက်အလက်တွေကြားထဲက အမှန်တရားကို ရှာဖွေနိုင်ကြပါစေ။ အနာဂတ်အတွက် ညီညီညွတ်ညွတ် တစုတစည်း လုပ်ဆောင်ကြရင် အိပ်မက်တွေက အမှန်တကယ်ဖြစ်လာမှာ မလွဲတော့ပါဘူး။ ၂၀၂၂ ခုနှစ်ဟာ ‘မြန်မာနွေဦးတော်လှန်ရေး’ လူငယ်ထုအတွက် မလွဲမသွေ အောင်ပန်းဆွတ်နိုင်မှာ ဖြစ်တာကြောင့် မင်္ဂလာနှစ်သစ်အဖြစ် ကြိုဆိုလိုက်ရပါတယ်။ 

ဂန္ထဝင်မောင်ထူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013