
စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ ချောင်းဦးမြို့နယ် အစပ်မှာရှိတဲ့ ပန်းလှရွာ ဘုန်းတော်ကြီးကျောင်းကို အောက်တိုဘာ ၈ ရက် နေ့ခင်း ၁ နာရီကျော်လောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီး ၂ ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ်က ပန်းလှရွာ ဘုန်းတော်ကြီးကျောင်းကို ပေါင် ၂၅၀ အမျိုးအစားဗုံး ၂ လုံး၊ ဒုံးကျည် ၃ လုံးနဲ့ ဗုံးကြဲပစ်ခတ်သွားတာလို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
မြောင်မြို့နယ် ပကဖအဖွဲ့ဝင်တယောက်က “ဘုန်းကြီး ၂ ပါး ထိခိုက်သလို ကျောင်းဆောင်တွေလည်း ပျက်စီးတယ်ဗျ။ Rocket နဲ့ပစ်လို့ ဘုန်းကြီးကျောင်းဆောင်တလုံးလည်း မီးလောင်ခဲ့တယ်။ ဒဏ်ရာရရှိတဲ့ ဘုန်းတော်ကြီး ၂ ပါးကိုလည်း ဘေးလွတ်ရာကို ကယ်ဆယ်ပြီး ဆေးကုသမှု ပေးထားပြီးပါပြီဗျ” လို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့ ဘုန်းတော်ကြီးကျောင်းဟာ ပန်းလှရွာရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းဖြစ်တဲ့ ဒေါင်မြင်ကုန်းကျောင်းဖြစ်ပြီး ဘာကြောင့် စစ်တပ်က ဗုံးကြဲတာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ဒေသခံ ရွာသားတယောက်က “အခုဟာက ဘာမှမဖြစ်ဘဲနဲ့ကို ကြဲချတာ။ ဘုန်းကြီး ၂ ပါးကတော့ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းအဆောင်တွေလည်း ပျက်စီးတယ်ဗျ။ ကံကောင်းလို့ လူအသေအပျောက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
မြောင်၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ လေကြောင်းအထူးဂရုစိုက် နေထိုင်ကြဖို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။











