Home
ဆောင်းပါး
ပင်စည်ကိုလည်းလှန် မျိုးလည်း မချန်အပ်တဲ့ အခွင့်ထူးခံအာဏာရှင်စနစ်
DVB
·
January 3, 2022

နာမည်ဆိုးနဲ့ သမိုင်းတွင်ရစ်ခဲ့တဲ့ အာဏာလုယူမှုနဲ့အတူ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့တကွ တတိုင်းတပြည်လုံးကို ပြည်တွင်းစစ်မီးတောက်ကြီးထဲ အရှင်လတ်လတ် ပစ်ချပြီး ဒုက္ခအဖုံဖုံပေးခဲ့၊ ပေးနေဆဲ စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံသစ်ကို တည်နိုင်ဖို့ သိတတ်နားလည်ကြတဲ့ တိုင်းရင်းသား မိဘပြည်သူတွေဟာ မိမိ ပါဝင်နိုင်တဲ့ နေရာကနေ မိမိတို့ နားလည်သဘောပေါက်သလို မိမိသန်သန်ရာသန်ရာအလိုက် အောက်ပါ သမိုင်းတာဝန်ကြီးတွေ ထမ်းနေကြပါတယ်။ 

၁) အာဏာရှင် အဆိပ်ပင်အမြစ်လှန် လှဲဖြိုရေးတာဝန်

၂) ကြွေကျ အသံတိတ် အဆိပ်သီးမျိုးစေ့ အစို့အညှောက် ပြန်မထွက်လာအောင် တားဆီးရေးတာဝန်

၃) စစ်ရာဇဝတ်မှုများ ကျုးလွန်ခဲ့တဲ့ အဆိပ်သီးများကို ပြည်သူ့ခုံရုံးတင် အပြစ်ပေးရေးတာဝန်တို့ ဖြစ်ကြပါတယ်။

ပထမအမျိုးအစား တာဝန်ကတော့ အာဏာရှင်စနစ် အ‌ခြေခံအဆောက်အုံကို ရုပ်ပိုင်းဆိုင်ရာ ဖြိုချမှု ဖြစ်ပါတယ်။ အာဏာလုစစ်တပ်ထံကနေ နိုင်ငံတော်အချုပ်အခြာအာဏာကို ပြန်လည်သိမ်းယူရန်နဲ့ လက်ရှိစစ်တပ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်တပ်မတော်သစ် ဖွဲ့စည်းနိုင်ရန် နိုင်ငံရေး၊ စစ်ရေး နည်းမျိုးစုံဖြင့် ဖယ်ရှားဖို့ အားထုတ်ကြခြင်း၊ စစ်အာဏာရှင်အဆိပ်ပင်ကို ဖြိုလှဲပြီး ဒီမိုကရေစီ သစ်ပင်ကို စိုက်ပျိုးခြင်းပဲ ဖြစ်ပါတယ်။

ဒုတိယအမျိုးအစား တာဝန်ကတော့ အခွင့်ထူးခံ စစ်အာဏာရှင်၊ အခွင့်ထူးခံ ဘာသာရေး အာဏာရှင်၊ အခွင့်ထူးခံ လူမျိုးကြီး အာဏာရှင်မျိုး‌စေ့အားလုံး မြန်မာမြေမှာ ခဏတာသာ ငုပ်လျှိုးသွားသလိုမျိုး ပုန်းခိုပြီး မကျန်ရစ်စေဖို့ အဆိပ်ပင်သစ် အစို့အညှောက် ထပ်မထွက်လာအောင် အာဏာရှင်ဗီဇအယူအဆ အငုံ့စိတ်မှန်သမျှကို မျိုးသုဉ်းအောင် ကြိုတင်တားဆီးကာကွယ်‌ခြင်း ဖြစ်ပါတယ်။

တတိယအမျိုးအစား တာဝန်ကတော့ စစ်အာဏာရှင်အသိုင်းအဝိုင်းနှင် နောက်လိုက်လက်ပါးစေတို့ ကျုးလွန်ခဲ့ကြသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်ဖောက်ဖျက်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ အစရှိတဲ့ ပြစ်မှုအမျိုးမျိုးအတွက် ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရန် အချက်အလက်အထောက်အထားတို့ စုဆောင်းခြင်းပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံရဲ့ ပြဿနာရပ်အား အခြေခံအရင်းအမြစ်ဖြစ်တဲ့ အာဏာရှင် အဆိပ်မျိုး‌‌စေ့ ပြန်လည်မရှင်သန်အောင် တားဆီးရေးဆိုင်ရာ ဒုတိယအမျိုးအစား တာဝန်အကြောင်း ဇောင်းပေး ရေးသားလိုပါတယ်။ 

အခွင့်ထူးခံ အာဏာရှင်စနစ်ရဲ့ ရုပ်ပိုင်းအခြေခံကို အမြစ်လှန်ဖြိုရမှာဖြစ်သလို တချိန်တည်းမှာ အခွင့်ထူးခံ အိုင်ဒီရော်လော်ဂျီ အယူအဆအတွေးအခေါ် အခြေခံအားလုံးကို အမြစ်လှန် ဖြိုချရမှာ ဖြစ်တယ်။

အာဏာရှင်အဆိပ်မျိုး‌စေ့ မြန်မာမြေတွင် မကျန်ရစ်စေဖို့ အဆိပ်ပင်သစ် အစို့အညှောက် ထပ်မထွက်လာအောင်၊ လူသတ်သမား ကြည်လင်းကို အားပေးအမွှမ်းတင်တဲ့ ဝီရသူလို လူသတ်ပြီး သာသနာပြုလို့ရတယ်ဆိုတဲ့ အိုင်ဒီရော်လော်ဂျီဆိုး ရင်ထဲကိန်းအောင်းနေတဲ့ မဘသ အစွန်း‌ရောက်အဖွဲ့တွေရဲ့ လူမျိုးရေးအာဏာရှင်၊ ဘာသာရေးအာဏာရှင် အယူအဆနဲ့ ဗီဇစရိုက် နောင်တချိန် ပြန်ခေါင်းမထောင်လာအောင် တားဆီးဖို့ အခုကတည်းက အသိုင်းအဝိုင်းကို အများပြည်သူက လက်မခံဘူးဆိုတဲ့ မက်ဆေ့ခ်ျကို အခုကတည်းက ပြတ်ပြတ်သားသား သတိပေးဖို့ လိုပါတယ်။

၁‌‌၉၈၈ ခုနှစ်တုန်းက ကမ္ဘာကျော် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ တစ်ပါတီစနစ်သာ ဖျက်သိမ်းနိုင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို အလုံးစုံ မဖျက်သိမ်းနိုင်ခဲ့ရခြင်းကတော့ စစ်အခွင့်ထူးခံတွေကို လူအများက ပေါင်းသင်းလက်ခံပြီး လူ့အသိုင်းအဝိုင်းမှာ နေရာပေးခဲ့ကြတာကြောင့်ပါပဲ။ မျိုးစေ့ကျန်ခဲ့တာကို မရှင်းလင်းနိုင်ခဲ့လို့ အခွင့်ထူးခံ အာဏာရှင်မျိုးစေ့တွေ မြန်မာ့လူ့ဘောင်ထဲမှာ ဆက်လက်ပေါက်ပွား ရှင်သန်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ မြန်မာ့နွေဦးအရေးတော်ပုံကြီးကိုတော့ ၈၈၈၈ အရေးတော်ပုံတုန်းကလို အဖြစ်ခံလို့ မရတော့ပါဘူး။ အခွင့်ထူးခံအာဏာရှင်မျိုးစေ့ဗီဇ မှန်သမျှကို အစို့အညှောက် ပြန်ထွက်မလာအောင် မျိုးသုဉ်းတဲ့အထိ လူ့အသိုင်းအဝိုင်းက လက်ခံပေါင်းသင်းလိုခြင်း မရှိကြောင်း အားနာမှုမရှိဘဲ ပြတ်ပြတ်သားသား ငြင်းပယ်ကြရမှာ ဖြစ်ပါတယ်။ စစ်အခွင့်ထူးခံဗီဇရှိသူတွေသာမက၊ ဘုန်းကြီးအခွင့်ထူးခံဗီဇ၊ လူမျိုး‌ကြီးအခွင့်ထူးခံဗီဇ၊ ဘာသာ‌ကြီးအခွင့်ထူးခံဗီဇရှိသူတွေ၊ သူတို့ရဲ့ နောက်လိုက်တွေကို လက်မခံဘဲ ငြင်းပယ်ခြင်းနဲ့ လူမှုရေးဒဏ်ခတ်ခြင်းနဲ့ သူတို့ရဲ့ အဆိပ်မျိုး‌စေ့ဗီဇကို သင်းသတ်ကြရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကြားဖြတ်ပြီး မျိုးစေ့ရယ် ရေခံမြေခံနဲ့ပတ်သက်ပြီး စာရေးသူ ငယ်စဉ်က လွန်ခဲ့တဲ့အနှစ် ၄၀ ကျော်ကာလမှာ နေထိုင်ဖြတ်သန်းရတဲ့ မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ တောမြို့‌‌လေးတမြို့က အတွေ့အကြုံလေးတခု မျှဝေချင်ပါတယ်။ 

အဲဒီတုန်းက စာရေးသူရဲ့ မိဘများဟာ ဝန်ထမ်းဘဝနဲ့ ကျရာနယ်ပြောင်းရွှေ့ကြရင်း မြေလတ်ပိုင်းနားက စားပင်သီးပင်တွေ‌ ပေါများလှတဲ့ ၁ ဧကခွဲလောက်ရှိတဲ့ ခြံဝင်းကြီးထဲက အိမ်တလုံးမှာ ငှားရမ်းနေထိုင်ခဲ့ကြပါတယ်။ 

ခြံဝင်းထဲမှာ ပိန္နဲပင်၊ ဩဇာပင်၊ မာလကာပင်၊ သလဲပင်၊ မန်ကျည်းပင် စတဲ့အပင်ကြီးမျိုး‌တွေက ရှိနှင့်ပြီသားပါ။ ထူးဆန်းတာက မိုးကျပြီဆိုတာနဲ့ ပဒေသာပင်တွေ မြေကပေါက်တဲ့အလား ရာသီအလိုက် သီးပင်စားပင်တွေ အလျှိုလျှိုပေါက်လာကြတာ ဖြစ်ပါတယ်။ ခြံစည်းရိုးနားမှာ ခဝဲပင်၊ ကြက်ဟင်းခါးပင်တွေ အလိုလိုပေါက်ရောက်နွယ်တက်လာသလို၊ ချဉ်ပေါင်ပင်၊ ရုံးပတီပင်၊ ငရုတ်ပင်က စလို့ ဒန်းပန်းပင်၊ ကြက်မောက်ပန်းပင်တွေ ဆိုတာ စိုက်စရာမလိုဘဲ သူ့အချိန်ကျရင် ထွက်လာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စားမကောင်းတဲ့ အသီးပင်၊ အသုံးမကျတဲ့အပင်တွေက မပေါက်သလောက်ပါဘဲ။ ဒါကြောင့် မူလတန်းကြီးအရွယ်သာ ရှိသေးတဲ့ စာရေးသူက ခြံပိုင်ရှင် အဘွားအိုကို မေးမြန်းခဲ့ဖူးပါတယ်။ “ဘွားဘွား၊ ဘာလို့ ဟင်းသီးဟင်းရွက်အပင်တွေ မစိုက်ဘဲ ဘယ်လိုပေါက်လာရတာလဲ”လို့ မေးတော့ သားသမီးမရှိတော့ အိမ်ငှားကလေးငယ်‌တွေကို သားသမီးမြေးတွေလို ချစ်နေတဲ့ အဘွားအိုက ဒီလိုရှင်းပြခဲ့တာ အမှတ်ရနေမိပါတယ်။

“ဒီမှာ ငါ့မြေးရဲ့ အပင်ဆိုတာ မျိုးစေ့ရှိမှ ပေါက်နိုင်တာလေ။ ဘွားဘွားခြံထဲမှာ စားလို့ရတဲ့ သီးပင် စားပင်၊ သုံးလို့ရတဲ့အပင်ဆို အကုန်ဆွတ်ခူးပြီး စားမပစ်ဘူး။ အောင်တဲ့အသီး‌တွေကို ရင့်မှည့်တဲ့အထိ ချန်ပေးလိုက်တာ။ အပွင့်အသီး ရင့်လာပြီး ပွင့်အာလို့ ခြောက်ပြီး အစေ့တွေ မြေပေါ်ကျတော့ နောက်နှစ်ပေါက်လာဖို့ ဖြစ်တာပေါ့။ ပြီးတော့ စားမရ အသုံးမကျတဲ့ အဆိပ်အတောက်ပင် ပေါင်းပင်မြက်ပင်တွေတော့ အသီးမသီးခင် အပင်ပေါက်မှာကို နုတ်ပစ်လိုက်တော့ နောက်နှစ်ပေါက်လာမယ့်မျိုး မကျန်ရစ်ဘူးပေါ့။ ငါ့မြေးရယ်” လို့ ပြောခဲ့တုန်းက သဘောကောင်းကောင်း မပေါက်ခဲ့ပါဘူး။ အခုတော့ နားလည်သွားပါပြီ။ 

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်  လက်နက်အားကိုး အကြမ်းဖက်စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ဆိုတဲ့ အဆိပ်ပင်ကြီး လဲသွားရုံနဲ့မပြီးသေး၊ ကြွေကျကျန်ရစ်တဲ့ အဆိပ်သီးမျိုးစေ့တွေ မြေကြီးထဲမှာ ငုပ်လျှိုးနေရစ်တာ အစို့အညှောက်မထွက်လာအောင် မိမိဝန်းကျင်မှာ အသံတိတ်ပြီး ပြည်သူ့ဒီမိုကရေစီကို အနှောက်အယှက်ပြု သောင်းကျန်းဖို့ အချိန်စောင့်နေတဲ့ စစ်အခွင့်ထူးခံ မျိုးစေ့၊ ဘာသာရေးအခွင့်ထူးခံမျိုးစေ့၊ လူမျိုးရေးအခွင့်ထူးခံမျိုးစေ့တွေကို အစို့အညှောက် အထွက်မခံဘူး၊ လက်မခံဘူးဆိုတဲ့ မက်ဆေ့ခ်ျပေးတာ အားသန်ရင် မိမိအသိုင်းအဝိုင်းထဲက အစွန်းရောက်မဘသ၊ စစ်တပ်ထောက်ခံသူတွေကို လူမှုရေးအပြစ်ဒဏ်ခတ်ခြင်းနဲ့ လုပ်ဆောင်နိုင်တယ်။ 

ပြည်နယ် ပြည်မပါ မကျန် နိုင်ငံတော်ရဲ့ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတခုလုံးမှာ အခွင့်ထူးခံ စစ်အာဏာရှင်မျိုးစေ့၊ အခွင့်ထူးခံ ဘာသာရေးအာဏာရှင်မျိုး‌စေ့‌တွေ၊ အခွင့်ထူးခံ လူမျိုးကြီး အာဏာရှင်မျိူးစေ့တွေ နောင်ဘယ်‌တော့မှ အစို့အညှောက်မထွက်၊ မပေါက်ရောက်နိုင်တဲ့ လိပ်ပြာသန့်ပြီး သိက္ခာခန့် သီလကောင်းတဲ့ ရေခံမြေခံဖြစ်လာအောင် နိုင်ငံသားတိုင်း ညီညီညာညာ ဝိုင်းရံ လက်တွဲဆောင်ရွက်ကြမှသာ အခွင့်ထူးခံကင်းမဲ့ပြီး တရားမျှတတဲ့ လူ့ဘောင်သစ်ကို တည်နိုင်မှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024