ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ရောက် ဒုက္ခသည်တွေ ဆန္ဒအလျောက် နေရပ်ပြန်သူ နှစ်ရက်အတွင်း ၂၀၀ လောက် ရှိတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
စစ်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတွေက မဲဆောက်မြို့ မဟာဝမ်းတိုက်နယ် မဲ့ကုကင်းရွာ နွားတင်းကုပ်မှာ ထားရှိထားတာပါ။
မြဝတီမြို့တောင်ဘက် လေးကေ့ကော်တိုက်ပွဲကြောင့် မဲ့ထော်သလေးရွာ၊ မင်းလက်ပံရွာ၊ အင်ကြင်းမြိုင်ရွာ၊ ပဟိကလော့်ရွာ၊ ရသေ့ဂူရွာ၊ မေတ္တာလင်းမြိုင်ရွာ၊ ထီးမဲ့ဝါးခီးရွာ၊ ကျောက်ဂူးရွာ၊ ဖလူးကြီးရွာ၊ ဖလူးလေးရွာတွေက ရွာသား ၁၄၀၀၀ လောက် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်နဲ့ ထိုင်းဘက်ခြမ်းတို့မှာ စစ်ရှောင်နေကြရတာပါ။
ဇန်နဝါရီ ၂ ရက်မှာ စစ်ရှောင် ၁၀၀ လောက်နဲ့ ဇန်နဝါရီ ၃ ရက်မှာ ၁၀၀ ကျော် ဆန္ဒအလျောက် နေရပြန်သွားကြပြီး မဲဆောက်မြို့ဘက်မှာတော့ စစ်ရှောင် ၃၀၀၀ ကျော်ကျန်ရှိနေသလို သောင်ရင်းမြှစ်ဘေးမှာလည်း ရှိနေကြတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူတဦးက ပြောပါတယ်။
ဇန်နဝါရီ ၃ ရက်မှာ စစ်ကောင်စီက နယ်မြေရှင်းလင်းချိန် မြေအောက်မိုင်း တစ်လုံး နင်းမိတာကြောင့် လေးကေ့ကော်မြို့သစ်အနီးနားအိမ်တွေကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့လို့ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
KNLA နဲ့ PDF ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ရာမှာ စစ်ကောင်စီတပ်ဘက်မှ အင်အားသုံး တိုက်ခိုက်လာတဲ့အတွက် မြဝတီမြို့တောင်ဘက်က ကျေးရွာ ၁၀ ရွာနဲ့ ကော့ကရိတ်မြို့ အရှေ့တောင်ဘက် ကျေးရွာ ၆ ရွာက ဒေသခံတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်။