DVB Logo
Home
မြန်မာသတင်း
မြန်မာလူထုနှင့်အတူ စည်းလုံးညီညွတ်စွာရပ်တည်ဟု ကုလအထူးသံတမန် နိုလင်းဟေဇာ ပြော (ရုပ်သံ)
DVB
·
January 3, 2022
မြန်မာလူထုနှင့်အတူ စည်းလုံးညီညွတ်စွာရပ်တည်ဟု ကုလအထူးသံတမန် နိုလင်းဟေဇာ ပြော (ရုပ်သံ)
Donate to DVB

မြန်မာလူထုနဲ့အတူစည်းလုံးညီညွတ်စွာ ရပ်တည်ကြောင်းနဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာ ပြည်သူလူထုက ဦးဆောင်တာဖြစ်ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်  ဒေါက်တာ နိုလင်းဟေဇာက ပြောကြားလိုက်ပါတယ်။

၂၀၂၂ ခုနှစ် နှစ်သစ်ကူးနဲ့ မြန်မာလွတ်လပ်ရေးနေ့ အတွက် ရုပ်သံကနေ စကား သဝဏ်လွှာပါးရာမှာ  ထည့်သွင်းပြောကြားသွားတာပါ။

ဝါရင့်သံတမန် နိုလင်းဟေဇာက “ကျမအနေနဲ့ အရေးကြီးလှတဲ့ အထူးကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ မြန်မာလူထုနဲ့အတူစည်းလုံးညီညွတ်စွာရပ်တည်ကြောင်းကို အခုလိုနှစ်သစ်ကူးအချိန် ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်မယ့် ၇၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ရောက်တော့မယ့်အချိန်မှာ ပြောကြားချင်ပါတယ်။ ဒီလိုမျိုးကြီးလေးတဲ့တာဝန်ကိုယူတာက မြန်မာပြည်သူလူထုကိုကျမ အထူးလေးစားကြည်ညိုလို့ ဖြစ်ပါတယ်။  နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအလုပ်တွေ လုပ်တုန်းက ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဖြစ်ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေဝေဒနာတွေကို ကျော်လွှားဖို့အတွက် ကျမ မြန်မာပြည်သူလူထု အစိုးရတာဝန်ရှိသူတွေနဲ့အတူ အနီးကပ်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအတွေ့အကြုံကို အမြဲအမှတ်ရနေပါတယ်။ မြန်မာပြည်သူလူထုရဲ့ သတ္တိ၊ ဒီမိုကရေစီအပေါ် ထားရှိတဲ့ နှစ်နှစ်ကာကာယုံကြည်မှု၊ မြန်မာအမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေက တခြားသူတွေကိုပါ အားတက်စေပါတယ်။ အားကျစေပါတယ်။ မြန်မာ့အရေးကို ဖြေရှင်းဖို့ကြိုးစားတဲ့အခါမှာ ပြည်သူလူထုက ဦးဆောင်တာ ဖြစ်ရပါမယ်။ ဖြေရှင်းတဲ့အခါမှာလည်း  မြန်မာပြည်သူလူထုရဲ့ဆန္ဒ၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်တွေ လိုလားတဲ့ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီ၊ ခွင့်တူညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတဲ့အခြေခံမူတွေကို ထင်ဟပ်ခြုံငုံနိုင်စွမ်း ရှိရပါမယ်။” လို့ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကြေကွဲဖွယ်ရာကောင်းတဲ့ အကြမ်းဖက်မှုတွေ၊ အရပ်သား သေဆုံးမှုတွေပါ အပါအဝင် အရပ်သား တော်တော်များများ အသက်ဆုံးရှုံးခဲ့ရပြီး မြန်မာပြည်သူလူထုရဲ့  မျှော်မှန်းချက်တွေကိုသိရှိနားလည်ဖို့ ကြိုးစားနေတယ်လို့လည်း ကုလ အထူးသံတမန်က ပြောပါတယ်။ 

“မြန်မာ့သမိုင်းတလျှောက်လုံးမှာ စိန်ခေါ်မှု အပြည့်ရှိခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာ ကြေကွဲဖွယ်ရာကောင်းတဲ့ အကြမ်းဖက်မှုတွေ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ခဲ့တဲ့ အရပ်သား သေဆုံးမှုတွေပါ အပါအဝင် အရပ်သား တော်တော်များများ အသက်ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာ့ဒီမိုကရေစီအနာဂတ်အတွက် လူထုဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ မျှဝေပိုင်ဆိုင်တဲ့ သာယာဝပြောမှုအတွက်  လူအများအပြားက အသက်ကိုရင်းပြီး ပေးဆပ်ခဲ့ကြရပါတယ်။ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်တဲ့အခါမှာ ပြည်သူပြည်သားတွေချည်းသက်သက် မဟုတ်ပါဘူး။ ကျမအနေနဲ့ ပဋိပက္ခဒဏ်သင့်တဲ့   အထူးသဖြင့် အထိခိုက်လွယ်ဆုံးပြည်သူတွေကိုပါ အားလုံးကို ဂရုတစိုက် နားထောင်နေပါတယ်။ ဆက်ပြီးတော့လည်း အားလုံးဆီကနေ လေ့လာသင်ယူသွားမှာပါ။ ကွဲပြားခြားနားတဲ့ မြန်မာ့လူအဖွဲ့အစည်း အသီးသီးက ဘယ်လို အမြင်သဘောထားမျိုးတွေရှိကြလဲ၊ မျှတမှုရှိပြီး လူ့အဖွဲ့အစည်း ပေါင်းစုံပါဝင်မှုရှိတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အနာဂတ်တခုကို မြန်မာပြည်သူလူထုက ဘယ်လိုတည်ဆောက်ဖို့ မျှော်မှန်းထားလဲ စတာတွေကို ကျမ ကိုယ်တိုင်ကိုယ်ကျ နားလည်ချင်ပါတယ်။”လို့ နိုလင်းဟေဇာက ပြောပါတယ်။ 

အခု ၂၀၂၂ ခုနှစ်နှစ်သစ်မှာ  စိတ်ခွန်အား အသစ်တဖန်ပြန်လည် ဖြစ်တည်တဲ့နှစ် ပြန်လည်ထူထောင်ရေးနှစ်ဖြစ်အောင် မြန်မာပြည်သူတွေနဲ့အတူကြိုးပမ်းသွားမယ်လို့လည်း ကုလသမဂ္ဂ အထူးသံတမန်က ကတိပြုပြောကြားလိုက်ပါတယ်။  

“လာမယ့်နှစ်သစ်မှာ မြန်မာပြည်သူပြည်သားတွေ အစစ အရာရာ အဆင်ပြေချောမွေ့ပါစေ။ ဘေးဘယာကင်းဝေးပါစေ။ တရားမျှတမှုရှိပြီး ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှုဖြင့်  ရှေ့ကို လှမ်းတက်နိုင်ပါစေ။ ၂၀၂၂ ခုနှစ်ကို ကြိုဆိုတဲ့နေရာမှာ ကျမတို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြတ်ပြတ်သားသားလေး ပြောခဲ့သလိုပါပဲ ခက်ခဲကြမ်းတမ်းမှုဆိုတာ ပိုကြီးမြတ်တဲ့အရာ ရစေဖို့ဖြစ်ပါတယ်။ ပိုစည်းလုံးကြစေဖို့ အကြောင်း ဖြစ်ပါတယ်။ အားလုံးအတွက် ပိုကောင်းမွန်တဲ့ အဖြေတွေကို ညီညွတ်စွာ ရစေဖို့ အကြောင်းဖြစ်ပါတယ်။ ကျမတို့ လူသားမျိုးနွယ်တွေ အောင်မြင်နိုင်တဲ့ အရာတွေကို ယုံကြည်ရင်းနဲ့ ရှေ့ကိုချီတက်စေဖို့ အကြောင်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကို စိတ်ခွန်အား အသစ်တဖန်ပြန်လည် ဖြစ်တည်တဲ့နှစ် ပြန်လည်ထူထောင်ရေးနှစ်ဖြစ်အောင် အတူကြိုးပမ်းကြပါစို့လို့ ပြောကြားချင်ပါတယ်။” လို့ နိုလင်းဟေဇာက ပြောပါတယ်။  

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ်  ခရစ္စတင်းဘာဂီနာရဲ့နေရာမှာ စင်ကာပူနိုင်ငံသူ ဝါရင့်သံတမန် မစ္စ နိုလင်း ဟေဇာကို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။  

ဒေါက်တာဟေဇာဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူဖြစ်ပြီး ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေ၊ နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီအချိန်က မြန်မာအာဏာပိုင်တွေကြား နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့  အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲတာဝန်ကို ၂၀၀၇ ကနေ ၂၀၁၄ အထိ ထမ်းဆောင်ခဲ့ပြီး ဒီရာထူးကို အမျိုးသမီးတွေထဲ ပထမဆုံး စတင်ရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း အရှေ့တီမော  ငြိမ်းချမ်းရေး တည်ဆောက်မှုမှာလည်း ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးအဖြစ် ဒေါက်တာဟေဇာဟာ ၂၀၁၃ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။ 

ဒေါက်တာဟေဇာဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင်ညှိနှိုင်းရေး အဆင့်မြင့်အကြံပေး ဘုတ်အဖွဲ့ရဲ့ လက်ရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သလို၊ စင်ကာပူနိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013