DVB Logo
Home
မြန်မာသတင်း
သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး လွှတ်တော်တွင် ရှင်းလင်း
DVB
·
January 27, 2014
သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေး လွှတ်တော်တွင် ရှင်းလင်း
Donate to DVB

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ ဘေးကင်းလုံခြုံစိတ်ချရတယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးအောင်ထူးက လွှတ်တော်မှာ ရှင်းလင်းပြောကြားသွားပါတယ်။

[caption id="attachment_50883" align="alignright" width="300"]ဒုဝန်ကြီး ဦးအောင်ထွန်းနှင့် ဦးထွန်းအောင်ကျော် ဒုဝန်ကြီး ဦးအောင်ထူးနှင့် ဦးထွန်းအောင်ကျော်[/caption]

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးထွန်းအောင်ကျော်က သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်က ပြည်သူတွေ၊ ကျေးရွာတွေနဲ့ လယ်ယာခြံမြေ သစ်တောတွေ ဘေးအန္တရာယ် ကင်းရှင်းစေရေး လုံခြုံရေး အကာအကွယ်ပေးဖို့ အစိုးရအနေနဲ့ အစီစဉ် ရှိ မရှိ မေးမြန်းခဲ့တာပါ။

ဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီး စွမ်းအင်ဒုဝန်ကြီးက ပိုက်လိုင်းကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ဖောက်လုပ်ထားတာဖြစ်ပြီး သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းတွေ ကြိုတင်စစ်ဆေးစမ်းသပ်ပြီးမှ ပို့လွှတ်တာဖြစ်တဲ့အတွက် အန္တရာယ်မရှိနိုင်ကြောင်း၊ ပိုက်လိုင်းကို စောင့်ကြည့်နေပြီး မတော်တဆဖြစ်လာရင်လည်း ဒေသခံတွေကို အချိန်မီ သွားရောက် အကာအကွယ်ပေးနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဖြေကြားသွားပါတယ်။

ဝန်ကြီးရဲ့ ဖြေကြားချက်နဲ့ ပတ်သက်ပြီး ဦးထွန်းအောင်ကျော်က “၀န်ကြီးကတော့ သတင်းအတိအကျ ရထားပါတယ်။ အန္တရာယ်မရှိပါဘူး။ တကယ်လို့ ထပ်ဖြစ်လာရင်လည်း သူတို့အားလုံး အဲဒါကို အားလုံး ပြုပြင်ထားတယ်။ အဲလို ပြောသွားတယ်။ အကာအကွယ်ပေးမယ့်အဖွဲ့တွေနဲ့ အစီအစဉ်တွေ စနစ်တကျ ဆွဲထားတယ်ဆိုပြီး ပြောသွားတယ်။ ဒါပေမယ့် တကယ် ကြီးကြီးကျယ်ကျယ် ပေါက်ကွဲပြီး ဖြစ်လာရင် ၀န်ကြီးပြောသလောက် မလွယ်ဘူးလို့ ထင်တယ်။ အမ်းလမ်းဆိုတာကလည်း ကတ္တရာ ခင်းထားတဲ့ လမ်းမဟုတ်ဘူး။ ဖြစ်တာနဲ့ ချက်ချင်း ၁ နာရီအတွင်း ဘယ်လိုမှ မရောက်နိုင်ဘူး။ ဖြစ်လာပြီး နာရီပေါင်းများစွာ ကြာပြီးတော့မှ နောက်က လိုက်ရမှာ။ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းတယ်။ ဖြစ်လာရင်တော့ အဲဒီလမ်းခရီးတွေက သိပ်မလွယ်ဘူး။”

ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ကျေးရွာတွေမှာ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုနဲ့ ယိုစိမ့်မှုအန္တရာယ် ရှိနိုင်တယ်ဆိုပြီး ဒေသခံတွေက ပြောလာတဲ့အတွက် လုံခြုံရေးကာကွယ်ပေးဖို့ ရည်ရွယ်ပြီး ရခိုင်ပါတီအမတ်က လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အမ်းမြို့နယ် သပြုချိုင်ကျေးရွာအုပ်စုမှာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဆက်ထားရာနေရာတခုကနေ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပြီး မီးလောင်မှု တခုဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြည့်လေ့လာ အစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ ရွှေဂတ်စ် လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ဦးဝင်းအောင်ကတော့ ဒီပိုက်လိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ဒေသခံပြည်သူတွေကို အာမခံချက် ပေးနိုင်လောက်တဲ့ အခြေအနေ မရှိသေးဘူးလို့ ပြောပါတယ်။

“ဥပမာ တရုတ်နိုင်ငံ၊ မက္ကဆီကို နိုင်ငံတို့မှာလို ပေါက်ကွဲတာတို့၊ ရေနံ ယိုစိမ့်တာတို့ ဖြစ်လာခဲ့ရင် နိုင်ငံတော်ကနေပြီး ဘယ်လိုမျိုး အာမခံချက် ရှိရှိနဲ့ လုပ်နိုင်လောက်တဲ့ အခင်းအကျင်းကို အခုထိ မတွေ့ရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဒီတ၀ိုက်မှာနေတဲ့သူတွေ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်နိုင်တယ်။ လူတွေရဲ့ လုပ်ကိုင်စားသောက်မှု၊ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နစ်နာမှု အန္တရာယ်တွေ အင်မတန် ကြီးပါတယ်။ တဖက်မှာ မြေငလျင်နဲ့ ဆက်စပ်ပြီး ဖြစ်လာမယ့် ပြဿနာတွေ ရှိသလို အဲဒီဟာနဲ့ ဆက်စပ်ပြီး အစိုးရက စနစ်တကျ ထုတ်ပြန်ထားတာ မရှိဘူးဆိုတော့ သဘာဝအန္တရာယ်နဲ့ တစုံတခု ရင်ဆိုင်လာရရင် ဒေသခံ တိုင်းသူပြည်သားတွေပဲ ဆုံးရှုံးနစ်နာတာတွေ ရင်ဆိုင်ရမှာပါ။”

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ကီလိုမီတာ ၈၀၀ နီးပါးအရှည်ရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ်ပေါင်း ၂၀ ကျော်ကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လက သဘာဝဓာတ်ငွေ့တွေ စတင်ပို့လွှတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013