DVB Logo
Home
မြန်မာသတင်း
ပြည်သူအကျိုးပြု ကဏ္ဍ ၇ ရပ်ကို ဦးစားပေးလုပ်မည်ဟု သမ္မတပြော
DVB
·
January 27, 2014
ပြည်သူအကျိုးပြု ကဏ္ဍ ၇ ရပ်ကို ဦးစားပေးလုပ်မည်ဟု သမ္မတပြော
1 / 2
Donate to DVB

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုတွေ စတင်ရရှိနေပြီ ဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာ အဆင့်ကို တက်လှမ်းဖို့ များစွာ လုပ်ဆောင်ရမှာ ဖြစ်သလို ကျန်ရှိတဲ့ ၂၆ လအတွင်းမှာ ပြည်သူကို အကျိုးပြုမယ့်ကဏ္ဍ ၇ ရပ်ကို ဦးစားပေးအစီအစဉ်နဲ့ လုပ်ဆောင်သွားဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

u thein seinလျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း တိုးတက်ရေး၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေးအစီအစဉ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုလိုက် တာပါ။

ဇန်န၀ါရီ ၂၇ ရက်နေ့ နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ဖွင့်ပွဲမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

myanmar development forumဒုတိယအဆင့် စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှု နည်းလမ်းနဲ့ အကောင်ထည်ဖော် ဆောင်ရွက်နေပြီး တိုးတက်မှု ရလဒ်ကောင်းများ ရရှိနေတယ်လို့လည်း သူက ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော် ဘဏ္ဍငွေ တခုတည်းပေါ်မှာသာ မှီခို အားထားလုပ်ဆောင်တဲ့ အစဉ်အလာကနေ အခြားသော ငွေကြေး ဇာစ်မြစ်များဖြစ်သည့် နိုင်ငံတကာ အကူအညီအထောက်အပံ့၊ ချေးငွေနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ရယူအသုံးပြုပြီး ကဏ္ဍအလိုက် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်းများကို ထိရောက်စွာ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဦးသိန်းစိန်က ပြောပါတယ်။

၂၀၁၄ - ၁၅ ခုနှစ်မှာ နိုင်ငံရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်မှုတန်ဖိုး(ဂျီဒီပီ) ကို ၉ ဒဿမ ၁ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။

ဒီဖိုရမ်ကို ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အပါအ၀င် သံတမန်တွေ၊ နိုင်ငံတကာက ကျွမ်းကျင် ပညာရှင်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။

ဖိုရမ်ကို တက်ရောက်လာတဲ့ ကမ္ဘ့ာဘဏ်ဥက္ကဋ္ဌ ဂျန်ယုံကင်မ်က မြန်မာနိုင်ငံဟာ စစ်ဘက် အစိုးရ အုပ်ချုပ်ရေးက ဒီမိုကရေစီစနစ်၊ နယ်စပ်ဒေသ ပဋိပက္ခများမှ ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဗဟိုပြုစနစ်မှ ဈေးကွက်ဗဟိုပြု စီးပွားရေး စတဲ့ အဆင့် ၃ ဆင့်ပါတဲ့ အသွင်ကူးပြောင်းရေးရဲ့ အဓိက အစိတ်အပိုင်းမှာ ရောက်ရှိနေတယ်လို့ ပြောပါတယ်။

ကမ္ဘ့ာဘဏ်က အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ပမာဏရှိ အများပြည်သူနဲ့ ပုဂ္ဂလိက ကဏ္ဍ နှစ်ရှည် စီမံကိန်းများကို ဆောင်ရွက်သွားများ ဖြစ်သလို စွမ်းအင်၊ ကျန်းမာရေးနဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူ ၇၀ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်တဲ့အနေအထား မရှိသလို ကျေးရွာတွေမှာ ရေရရှိရေး၊ ရေတင်တာတွေကို လူအားနဲ့ လုပ်ဆောင်နေရသလို ကလေးတွေက စာဖတ်ဖို့ အတွက် ဖယောင်းတိုင်မီးနဲ့ ချက်ရေးပြုတ်ရေး အတွက် ထင်းမီးကို အသုံးပြုနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“မြို့ပြဒေသများတွင် တိုးတက်မှုဖြစ်စဉ်မှာ မြန်ဆန်လှသော်လည်း မြန်မာ့ ကျေးလက် ဒေသများတွင် တိုးတက်မှု လွန်စွာ နှေးကွေးနေပြီး ယင်းဒေသများတွင် ဆင်းရဲချို့တဲ့မှု သိပ်သည်း အလုပ်အကိုင် ရှားပါးမှု အခြေအနေများလည်း သိရှိရပါတယ်” လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။

၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ ဓာတ်အားကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ မြှုပ်နှံဆောင်ရွက်သွားမှာ ဖြစ်သလို အစိုးရရဲ့ ကျန်းမာရေးရည်မှန်းချက်အတွက် အထောက်အကူ ဖြစ်စေဖို့ ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၉ နဲ့ ၂၀ မှာလည်း ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်ကို ကျင်းပခဲ့ပြီး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးမှာ ထိရောက်မှု ရှိစေမယ့် နေပြည်တော် သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013