
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၂ စီးကို ဆွမ်ပီယာန်ကျေးရွာနဲ့ အင်ဆိုင်းယန်အကြားမှာ ဒီဇင်ဘာ ၂၉ ရက် ည ၁၂ နာရီလောက်က တိုက်ခိုက်ခဲ့တယ်လို့ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ကုန်ကား၊ စစ်ကားတွေနဲ့ စစ်သည် အင်အား ၆၀ လောက် ပူတာအိုကိုစစ်အင်အား ဖြည့်ဖို့ တက်လာမယ်ဆိုတာ သိထားလို့ အင်ဆိုင်းယန်နားမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးတာရှိတယ်လို့လည်းသိရပါတယ်။
"ဆွမ်ဘရာဘွမ်ဘက်ကနေ ပူတာအိုဘက်ကို စစ်ကောင်စီစစ်သား အင်အား ၆၀ လောက် တက်လာလို့ ဆွမ်ပီယန်ရွာနဲ့ အင်ဆိုင်းယန်ကြားမှာ တိုက်ခိုက်ခဲ့ကြတယ်။ ဒုတိယတက်လာတဲ့ ကားကို စုတ်ပြတ်သတ်အောင်ဆွဲလိုက်လို့ သူတို့ဘက်က ၂၃ ဦး ကျဆုံးတယ်။ ကျနော်တို့မသိခင် သူတို့ဘက်ကလည်း အလောင်းတချို့ သယ်သွားတယ်။ ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ဆင်ရေးကို စတင်လိုက်တာဖြစ်တယ်"လို့ ပူတာအို PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်တိုက်ခိုက်နေပေမဲ့ အထိခိုက်မရှိဘဲ အောင်မြင်စွာ ခွာနိုင်ခဲ့ကြတယ်လို့ ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပူတာအို PDF ရဲ့တိုက်ခိုက်မှုကြောင့် အလွန်အထိနာတဲ့ စစ်ကောင်စီတပ်တွေ ဆွမ်ဘရာဘွမ်ဘက်ကို ပြန်ထွက်သွားတယ်လို့ ပူတာအိုဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ပူတာအိုမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ KIA ၊ PDFပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲပြင်းထန်နေပါတယ်။