DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ တရုတ်နှင့် စင်ကာပူနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုကျဆင်း
DVB
·
December 30, 2021
မြန်မာနိုင်ငံ၌ တရုတ်နှင့် စင်ကာပူနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုကျဆင်း
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်နဲ့ စင်ကာပူနိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းသွားပါတယ်။

အရပ်သားအစိုးရလက်ထက်၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ်မှာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမှာ ၀င်ရောက်ရင်းနှီးမြှပ်နှံတဲ့ ပမာဏက အမေကန်ဒေါ်လာ ၅၅၃ သန်း ကျော်ရှိခဲ့ပြီး၊ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ ၁၇၅ သန်းကျော်သာ ၀င်ရောက်မြှုပ်နှံခဲ့ပါတယ်။

အလားတူ စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုကလည်း ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ်မှာ ၁၈၅၉ သန်းကျော် ရှိခဲ့ပြီး ၂၀၂၀−၂၀၂၁မှာ ၄၂၉သန်း ကျော်သာ၀င်ရောက်ခဲ့ပါတယ်။ အဲဒီပမာဏဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း  မြန်မာနိုင်ငံမှာ အဲဒီနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အနိမ့်ဆုံး ပမာဏကို ရောက်နေတာ ဖြစ်ပါတယ်။

လက်ရှိ နှစ်၀က်ဘတ်ဂျက် နို၀င်ဘာ ၃၀ ရက်အထိ ၂ လအတွင်းမှာဆိုရင်လည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းက အမေရိကန်ဒေါ်လာ ၈၅ သန်းကျော်သာ ဝင်ရောက်ထားပြီး၊ စင်ကာပူရဲ့ ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာ ၈၁ သန်းကျော် ၀င်ရောက်ထားပါတယ်။

အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် တရုတ်ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာ ၄၁ သန်းကျော်လျော့နည်းသွားပြီး စင်ကာပူ ရင်းနှီးမြှပ်နှံမှုကတော့ ကန်ဒေါ်လာ ၄၈သန်းကျော် မြင့်တက်နေပါတယ်။

တရုတ်နိုင်ငံအပါအ၀င် နိုင်ငံအများစုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေကို အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းတာ၊ လျော့ချတာတွေ ပြုလုပ်ခဲ့ကြပါတယ်။  

လုပ်ငန်းရပ်နားတာတွေ အပါအဝင် မြန်မာနိုင်ငံနေ ထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း ၂၀ အထိ ရှိလာပြီး ဒီအထဲမှာ ရပ်ဆိုင်း ထွက်ခွာတဲ့ စီမံကိန်း ရှစ်ခု၊ ပိတ်သိမ်းလိုက်တဲ့ လုပ်ငန်း သုံးခု၊ မရေရာတဲ့ အခြေအနေတွေကြောင့် ရပ်နားထားတဲ့ စီမံကိန်း  ငါးခုနဲ့ လုပ်ငန်းရောင်းချလိုက်တဲ့ ကုမ္ပဏီ နှစ်ခုခန့်ရှိလာတယ်လို့ ISP-Myanmarက ထုတ်ပြန်ထားပါတယ်။  

အရပ်သားအစိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ယခင်ရှိရင်းစွဲ စီမံကိန်းတွေမှာ ထပ်တိုး ရင်းနှီးမြှုပ်နှံမှုတွေအပါအ၀င်စုစုပေါင်း ၀င်ရောက်ခဲ့တဲ့ ရင်းနှီးမြှပ်နှံမူပမာဏက အမေရိကန်ဒေါ်လာ  ၃ ဒသမ ၇၉၁ ဘီလီယံ သာရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးပမာဏထိ ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအရ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ရည်မှန်းချက်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြစ်ပေမဲ့ တကယ်တမ်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏ ၃ ဒသမ ၈ ဘီလီယံ လောက်  သာ၀င်ရောက်ခဲ့တာကြောင့် လျာထားချက်ရဲ့ ၆၅ ရာခိုင်နှုန်း၀န်းကျင်သာ ရရှိခဲ့ပါတယ်။

အရပ်သားအစိုးရတာ၀န်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော်  ထိရှိခဲ့တာကြောင့်  ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ ၂၂  ရာခိုင်နှုန်း ဝင်ရောက်မှု လျော့ကျခဲ့တာပါ။

၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံပေါင်း ၅၁ ခု အနက် ရင်းနှီး မြှုပ်နှံမှုအများဆုံး ပြုလုပ်တဲ့နိုင်ငံတွေက စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ပဲဖြစ်ပါတယ်။ 

လက်ရှိ ၂၀၂၁−၂၀၂၂ နှစ်၀က်ဘတ်ဂျတ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁  ရက်ကနေ  နို၀င်ဘာ ၃၀ ရက်အထိ  ၂ လအတွင်းမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမူလုပ်ငန်းသစ် ၁၃ ခုလောက်ရှိပြီး  အရင်ရှိထားပြီးလုပ်ငန်းတွေက ရင်းနှီးမြှပ်နှံမူ ပမာဏတိုးမြှင့်တာအပါအ၀င် စုစုပေါင်း ရင်းနှီးမြှပ်နှံမှုပမာဏ  အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ၀င်ရောက် ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

ကဏ္ဍအလိုက်ကြည့်မယ်ဆိုရင် ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ လုပ်ငန်းသစ်(၈)ခု၊ ဆောက်လုပ်ရေးကဏ္ဍမှာ ၁ ခု၊ စွမ်းအင်ကဏ္ဍလုပ်ငန်း ၁ ခု၊ လယ်ယာကဏ္ဍမှာလုပ်ငန်း ၁ခု ၊ တခြား၀န်ဆောင်မှု ကဏ္ဍမှာလုပ်ငန်း ၂ ခုနဲ့ စုစုပေါင်း လုပ်ငန်းသစ် ၁၃ ခု ၀င်ရောက်ခဲ့တာဖြစ်ပြီး ယခင်ရှိရင်းစွဲ စီမံကိန်းတွေမှာ ထပ်တိုးရင်းနှီးမြှုပ်နှံမှုတွေ အပါအ၀င်နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ ကန်ဒေါ်လာ ၂၃၄ သန်းကျော် ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲမှာလည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမူက ကန်ဒေါ်လာ ၈၅ သန်းကျော်ရှိပြီး အများဆုံး၀င်ရောက်ထားတာပါ။ တရုတ်နိုင်ငံပြီးရင် စင်ကာပူနိုင်ငံရဲ့ရင်းနှီးမြှပ်နှံမှုက ကန်ဒေါ်လာ ၈၁ သန်းကျော်နဲ့ ဒုတိယ အများဆုံးဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်နဲ့ တတိယ အများဆုံး ဖြစ်ပါတယ်။ 

တရုတ်ရင်းနှီးမြှပ်နှံမှု လုပ်ငန်း(၇)ခု ၊ဟောင်ကောင်ရင်းနှီးမြှပ်နှံမှု လုပ်ငန်း(၂)ခုနဲ့ တောင်ရီးယားနိုင်ငံ၊ တရုတ်(တိုင်ပေ)၊ စင်ကာပူနဲ့ နီပေါနိုင်ငံတို့ကလုပ်ငန်းသစ်တစ်ခုစီ  ၀င်ရောက် ရင်းနှီးမြှပ်နှံခဲ့ကြပြီး ဂျပန်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က  ၀င်ရောက် ထားပြီး လုပ်ငန်းတွေမှာ  ထပ်တိုး ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ထပ်ထိုးရင်းနှီးမြှပ်နှံမူတွေ ၀င်ရောက်ခဲ့တဲ့ကဏ္ဍတွေကတော့ မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ် လုပ်ထုတ်မှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ နဲ့ ဟိုတယ်နဲ့ခရီးသွားကဏ္ဍတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013