DVB Logo
Home
မြန်မာသတင်း
ချောင်းခွရွာတွင် စစ်တပ်က မီးရှို့မှုကြောင့် အနည်းဆုံးအိမ် ၅ လုံး ဆုံးရှုံး၊ ပြည်သူ ၂၀၀၀‌ ကျော် တိမ်းရှောင်နေရ
DVB
·
December 30, 2021
ချောင်းခွရွာတွင် စစ်တပ်က မီးရှို့မှုကြောင့် အနည်းဆုံးအိမ် ၅ လုံး ဆုံးရှုံး၊ ပြည်သူ ၂၀၀၀‌ ကျော် တိမ်းရှောင်နေရ
1 / 14
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ချောင်းခွကျေးရွာအတွင်း ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အနည်းဆုံး နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာ ၆ ရွာလောက်က ပြည်သူ ၂ ထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ် ဟားခါးလေးကျေးရွာကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းကလည်း စစ်ကောင်စီက ကျေးရွာတွင်း နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ အိမ်ကြီးအိမ်ကောင်းတွေကိုသာရွေးပြီး မီးရှို့ ဖျက်ဆီးတာဖြစ်ပြီး  ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ဘေးရှောင်တွေ ပုန်းခိုနေတဲ့တောထဲကို ကျေးရွာ ဘုရားရှိခိုးကျောင်းထဲကနေပြီး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ထိခိုက်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“အိမ်ကြီးအိမ်ကောင်းတွေကိုရွေးပြီးတော့ မီးရှို့တယ်။ ချောင်းခွမှာ ၅ အိမ် ကျော်လောက်တယ်။ ချောင်းခွ နယ်မြေ (၃) ရွာလယ် လမ်းမကြီး ဘေးနဲ့ လမ်းသွယ်တချို့က အိမ်ကြီးအိမ်ကောင်းတွေကိုပဲ ရွေးပြီးတော့ ရှို့သွားတယ် ရွာမှာ လူ မရှိတာက တစ်ပတ်ကျော်ပြီ၊ စစ်ဘေးရှောင်တဲ့ တောထဲကိုလည်း သူတို့က ရမ်းသမ်းပစ်တယ် တချို့ ထိတဲ့သူတွေလည်းရှိတယ်။ ဒီနေ့ မနက်ပိုင်းမှာပဲ ရွာဘုရားရှိခိုးကျောင်းထဲနေပြီးတော့  စစ်ဘေးရှောင်တွေနေတဲ့ တောတောင်တွေထဲကို ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် နတ်ချောင်း၊ ချောင်းခွ၊ နတ်မြောင်း၊ ရေစို၊ ဟားခါးလေး၊ ပါမွန်ချောင်း စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၂၈ ရက်နေ့က ချောင်းခွကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဟားခါးလေးကျေးရွာကိုလည်း ထပ်မံမီးရှို့ ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။ 

နတ်ချောင်းကျေးရွာမှာလည်း နေအိမ်တွေကို  ၂၈ ရက်နေ့က တတိယအကြိမ်  ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တွေ မီးလောင်ဆုံးရှုံးမှုနဲ့ သေဆုံးသူတွေရှိခဲ့ပြီး အရေအတွက်ကို လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ချောင်းခွကျေးရွာကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်သာမက ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကိုလည်း မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်ချောင်းကျေးရွာအနီးက ချောင်းခွကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက စတင်ကာ မီးရှီု့ဖျက်ဆီးနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ရောက်လာတယ်ဆိုတော့ ရွာကလူတွေလည်း ထွက်ပြေးကြရတာပေါ့ ရွာထဲက အိမ်တွေကားတွေ မော်တော်ဆိုင်ကယ်တွေကို အကုန်မီးရှို့တယ်။ ငါတို့ ထွက်ပြေးနေရတာက ဆယ်ရက်လောက်တောင်ရှိနေပြီ၊ ရွာထဲကို တပ်လာစွဲတာက ဟိုနေ့ကမှ စွဲတာ၊ မနေ့က မီးရှို့တာ ဘယ်နှအိမ် လောင်ထားလဲ ဘယ်နှစီးလောင်သွားလဲဆိုတာကတော့ အတိအကျတော့မသိရသေးဘူး။ ရွာထဲကို ဘယ်သူမှ မဝင်ရဲသေးဘူး ဝင်ရဲလည်း အပြေးဝင်ကြည့်ပြီး ကိုယ့်အိမ်ပါမပါ ကြည့်ပြီး အလစ်ပြန်ပြေးထွက်ရနဲ့ ကြည့်ရတာပေါ့၊ သူတို့က မြင်တာနဲ့ ပစ်တာ။”

စစ်ကောင်စီက ကလေးမြို့နယ် တောင်ပိုင်းဒေသတွေကို စီးနင်းဝင်ရောက်မှုတွေ ပြုလုပ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ ပြည်သူပိုင် ငွေကြေးတွေကို ခိုးယူတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ရက်နေ့က စတင်ပြီး နတ်ချောင်းကျေးရွာကို စစ်ကောင်စီက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးမှုတွေ စတင်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ  ၂၈ ရက်နေ့အထိ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတာကြောင့် အိမ်ထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ မီးလောင်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ကလေးမြို့နယ် သံဖိုကျေးရွာက ဆန်စက်နဲ့နွားစာတိုက်ကို စစ်ကောင်စီတပ်က မီးရှိ့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီဇင်ဘာ ၂၃ ရက်နဲ့ ၂၆ ရက်နေ့မှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက နတ်ချောင်းနဲ့ ချောင်းခွကျေးရွာတွေမှာ  စီးနင်းဝင်ရောက်ပြီး ရဟတ်ယာဉ် ၃ စီးနဲ့ လက်နက်အင်အား လူအင်အား ဖြည့်တင်းပြီး  တပ်စွဲထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013