DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဒေသရှိ ထိုင်းနိုင်ငံသားများနှင့် မြန်မာဒုက္ခသည်များကို အမြန်ဆုံးကူညီရန် တိုက်တွန်း
DVB
·
December 29, 2021
နယ်စပ်ဒေသရှိ ထိုင်းနိုင်ငံသားများနှင့် မြန်မာဒုက္ခသည်များကို အမြန်ဆုံးကူညီရန် တိုက်တွန်း
Donate to DVB

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့  တာ့ခ်ခရိုင် နယ်စပ်ဒေသတွေမှာ  ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာဒုက္ခသည်တွေကို အမြန်ဆုံးကူညီပေးဖို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) က ထိုင်းအစိုးရကို အကြံပြုထားပါတယ်။

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေးအဖွဲ့တွေကြား ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေမှာ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနိုင်ခြေရှိလာပြီး မြန်မာနိုင်ငံသားတွေလည်း ထိုင်းနိုင်ငံတွင်းကို ထွက်ပြေးလာခဲ့ရပြီး နောက်မှာ ဒီတောင်းဆိုချက် ထွက်ပေါ်လာတာပါ။

လူ့အခွင့်အရေးနဲ့ ဘေးကင်းရေးဟာ စိုးရိမ်စရာဖြစ်နေတာကြောင့် အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း NHRC က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးကို ဖန်တီးဖို့အတွက် ခိုလှုံခွင့် ရှာဖွေသူတွေကို မူရင်းနိုင်ငံသို့ အတင်းအကျပ် ပြန်မပို့ရေး နိုင်ငံတကာမူဝါဒကို အခြေခံထားတဲ့ အခြေအနေအတွက် အစိုးရအနေနဲ့ ပြင်ဆင်ထားသင့်တယ်လို့လည်း ဆိုပါတယ်။ 

ဒီအတောအတွင်းမှာ အစိုးရဟာ ရောဂါကာကွယ်-ကုသရေးနဲ့ အသက်ရှင်သန်ဖို့ မရှိမဖြစ် လိုအပ်ချက် ၄ ရပ်တို့ကို အကောင်အထည်ဖော် လုပ်ဆောင်ပေးတာမျိုးလို ဒုက္ခသည်တွေကို ကူညီဖို့ ပြတ်သားတဲ့မူဝါဒ ရှိသင့်တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

ဒီ ကိုဗစ်-၁၉ အကျပ်အတည်းမှာ အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်စေဖို့နဲ့ ကုသမှုနဲ့ ကာကွယ်ဆေးတွေကို လက်လှမ်းမီနိုင်စေဖို့အတွက် အစီအမံတွေကို စတင်လုပ်ဆောင်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးဖို့အတွက် အစိုးရ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအကြား ဒေသဆိုင်ရာယန္တရားတွေကို အစိုးရအနေနဲ့ မြှင့်တင်သင့်ကြောင်းလည်း ကော်မရှင်က ပြောပါတယ်။

သက်ဆိုင်ရာအေဂျင်စီတွေအနေနဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ နေထိုင်ကြတဲ့ ထိုင်း နိုင်ငံသားတွေအတွက် အမိုးအကာတွေ ဆောက်တာ၊ အရေးပေါ်အစီအမံတွေ ပြင်ဆင်တာ၊ အသိပညာပေးတာလိုမျိုး ဘေးကင်းလုံခြုံမှုတွေကို ပံ့ပိုးလုပ်ဆောင်ပေးသင့်တယ်လို့ NHRC က ရှင်းပြပါတယ်။

NHRC ကော်မရှင်နာ နှစ်ယောက်ဖြစ်တဲ့ ပရီးဒါ ခွန်ဖဲန်နဲ့ ဆယ်ရာမုံ ကရိုင်ယူရာဝုန် တို့ဟာ တာ့ခ်ခရိုင် မဲဆောက်မှာ လူ့အခွင့်အရေးဆိုင်ရာ ပြည်နယ်အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် အဲ့ဒီဒေသကို သွားရောက်မယ်လို့ ဆိုပါတယ်။

မငြိမ်မသက်ဖြစ်နေတဲ့ ကာလအတွင်း လူ့အခွင့်အရေးအခြေခံမူတွေေနဲ့အညီ ဒုက္ခသည်တွေကို ကူညီပေးခြင်းဟာ ပါတီတိုင်းအတွက် ပထမဦးစားပေးဖြစ်မယ်လို့ ကော်မရှင်က မျှော်လင့်ထားကြောင်းလည်း ဖြည့်စွက်ပြောကြားထားပါတယ်။

Ref- The Nation Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013