DVB Logo
Home
မြန်မာသတင်း
၂၀၂၁ ခုနှစ်နည်းပညာလောကနဲ့ မိုက်ခရိုချစ်ပ် ရှားပါး ပြတ်လပ်မှုပြဿနာ
DVB
·
December 29, 2021
၂၀၂၁ ခုနှစ်နည်းပညာလောကနဲ့ မိုက်ခရိုချစ်ပ် ရှားပါး ပြတ်လပ်မှုပြဿနာ
Donate to DVB

၂၀၂၁ တနှစ်လုံးရဲ့ နိုင်ငံတကာ နည်းပညာဆိုင်ရာသတင်းတွေထဲမှာ ရေပန်းစားခဲ့ပြီး ခုချိန်ထိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတခုကတော့ Micro semiconductor chips လို့ခေါ်တဲ့ တပိုင်းလျှပ်ကူးပစ္စည်း မိုက်ခရိုချစ်ပ်ပြားငယ်တွေ ကမ္ဘာမှာရှားပါး ပြတ်လပ်လာတဲ့ကိစ္စ  Global Chip Shortage ပြဿနာပဲ ဖြစ်ပါတယ်။ 

ချစ်ပ်ပြားငယ်တွေပြတ်လပ်တော့ဘာဖြစ်လဲ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ ဘာထူးလဲ မေးစရာရှိနိုင်ပါတယ်။ တကယ်တော့ မိုက်ခရိုချစ်ပ်ပြားလေးတွေဟာ အီလက်ထရွန်းနစ် လူသုံးပစ္စည်း အားလုံးနီးပါးမှာ ပါဝင်နေတဲ့အတွက် လူသားတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခုလို ဖြစ်လာနေကြပါတယ်။ 

ကွန်ပြူတာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းစက်တွေ၊ ရေခဲသတ္တာတွေ၊ အဝတ်လျော်စက်၊ ရုပ်သံစက် မှတ်ပုံတင်ကတ်၊ အေတီအမ်ကတ်ပြားကအစ ကွန်ပြူတာစနစ်တွေ ပိုမိုအသုံးချလာကြတဲ့ ခေတ်မီကားတွေအဆုံး လူတိုင်းနဲ့ တခုခု ပတ်သက်နေတဲ့ မရှိမဖြစ် ခေတ်ပေါ် နည်းပညာပစ္စည်း တခုပါ။​

မိုက်ခရိုချစ်ပ်တွေ ဘာကြောင့်  ရှားပါးပြတ်လပ်ရသလဲ။ ချစ်ပ်ပြားထုတ်လုပ်မှုဟာ စျေးကွက်တောင်းဆိုမှုကို အလျင်မီအောင် ဘာကြောင့်မထုတ်လုပ်နိုင်ကြတာပါလဲ။​  Semiconductor စက်ရုံလုပ်ငန်းအသင်းအဖွဲ့ရဲ့ အဆိုအရ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ Semiconductor အရောင်းကျဆင်းခဲ့ဖူးပါတယ်။ ၂၀၂၀ မှာတော့ ကိုဗစ်-၁၉ ကန့်သတ်မှုတွေကြားက အကြောင်းပေါင်းစုံကြောင့်  မိုက်ခရိုချစ်ပ်စျေးကွက်ဝယ်လိုအား ပြန်မြင့်တက်ခဲ့ပါတယ်။

ဒီနှစ်ရဲ့ မိုက်ခရိုချစ်ပ်ပြား ပြတ်လပ်မှုအကြောင်းက နိုင်ငံတိုင်းမှာ မနှစ်ကစ ရင်ဆိုင်ခဲ့ကြရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ ကန့်သတ်မှုတွေအပြင် ကုန်ကြမ်းမှ ကုန်ချော Supply chain ကုန်သွယ်ပို့ဆောင်ရေးတွေ နှေးကွေးခဲ့ရတာတွေနဲ့လည်း ပါဝင်ပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာ လော့ဒေါင့် ကာလရှည်တွေအတွင်း လူတိုင်းနီးပါး Work From Home အိမ်တွင်းအောင်းအလုပ်လုပ်လာကြတာ၊ အရင်ကထက်ပို ရုပ်ရှင်ကြည့်ကြ ဂိမ်းကစားလာကြတာကလည်း တကြောင်းပါ။

အွန်လိုင်းစာသင်ခန်းတွေနဲ့ အွန်လိုင်းကတဆင့်စျေး ရောင်းဝယ်ကြတာကလည်း နိုင်ငံတိုင်းမှာ ခုန်ပျံထွန်းကားလာပါတယ်။ အီလက်ထရွန်းနစ် လူသုံးကုန် Gadgets ​မျိုးစုံရဲ့ဝယ်လိုအားဟာလည်း အဆပေါင်းများစွာခုန်တက်လာပါတယ်။

5G အင်တာနက်နဲ့ Cloud based ဝန်ဆောင်မှုတွေ အွန်လိုင်းဗီဒီယိုကွန်ဖရန့် အစည်းအဝေးတွေ Live ရုပ်သံထုတ်လွှင့်မှုတွေ  ခေတ်စားလာတာကလည်း မိုက်ခရိုချစ်ပ်တွေ တိုးတက်ထုတ်လုပ်လာဖို့ စျေးကွက်လိုအင်တွေ တိုးလာစေပါတယ်။ 

နောက်ထပ်အကြောင်းတရားတခုကတော့ သမ္မတထရမ်လက်ထက် ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲဂယက်နဲ့လည်း  တစိတ်တပိုင်း ပတ်သက်ပါသေးတယ်။

ခေတ်မီကားတွေတိုင်း ကွန်ပြူတာစနစ်တွေ တိုးမြှင့်တပ်ဆင် တည်ဆောက်လာကြ တာကြောင့်လည်း မိုက်ခရိုချစ်ပ်ကိုအသုံးချမှု မြင့်တက်လာပြီး ဝယ်လိုအားမြင့်တက်လာစေတဲ့ အကြောင်းတချက်ဖြစ်နေပြန်ပါတယ်။

မိုက်ခရိုချစ်ပ်ပြတ်လပ်မှုကြောင့် စျေးကွက်တောင်းဆိုမှုကို အလျင်မီအောင် စက်ရုံတွေဘက်က အော်ဒါလက်ခံ မထုတ်လုပ်နိုင်ကြတဲ့နောက် နိုင်ငံတကာ စက်ရုံတွေက ထောင်သောင်းချီတဲ့ ခေတ်မီကားသစ်တွေဟာ သူတို့နိုးထလည်ပတ်နိုင်ဖို့ မိုက်ခရိုချစ်ပ် ပြားလေးတွေကို စောင့်မျှော်နေကြရပါတယ်။  PlayStation ဂိမ်းသမားတွေလည်း  ဗားရှင်းအသစ် 5.0 အပ်ဒိတ်လုပ်ဖို့ရာ စိတ်ရှည်ရှည် စောင့်နေကြရပါတယ်။

နိုင်ငံတကာ Semiconductors တီထွင်ဖန်တီးရာမှာ အမေရိကန်နိုင်ငံက ၅၀ ရာခိုင်နှုန်းလောက်ထိ ဦးဆောင်နေပြီး ထုတ်လုပ်မှုစျေးကွက်မှာတော့ ထိုင်ဝမ်နဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေက ၈၀ ရာခိုင်နှုန်းလောက်ထိ နေရာယူထားပါတယ်။

နှစ်စဥ် ဒေါ်လာ သန်းပေါင်း ထောင်ဂဏန်း ဘီလီယံ ၅၀၀ ဖိုးထက်မက ထုတ်လုပ် ရောင်းဝယ် အသုံးပြုနေကြတဲ့ မိုက်ခရိုချစ်ပ်ထုတ်လုပ်မှုက နည်းပညာအရ ရှုပ်ထွေးခက်ခဲသလို ထုတ်လုပ်နိုင်စွမ်းရှိတဲ့ ကုမ္ပဏီတွေကလည်း လက်ချိုးရေလို့ရပါတယ်။

Semiconductor မိုက်ခရိုချစ်ပ်တီထွင်ထုတ်လုပ်မှု ထိပ်သီးကုမ္ပဏီ Intel အပါအဝင် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၄၀ ကျော်ဟာ Chip Wafers တွေတိုးမြင့် ထုတ်လုပ်ဖို့ စက်ရုံတွေ တည်ဆောက်ချဲ့ထွင်နေပေမယ့် ပညာရှင်တွေကတော့ မိုက်ခရိုချစ်ပ် ပြတ်လပ်မှုကို ၂၀၂၂ ကုန်ထိ ဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013