DVB Logo
Home
မြန်မာသတင်း
ထောင်ချခံထားရသည့် လက်ပံတန်းနယ်မြေသတင်းထောက်၏ ဇနီးဖြစ်သူ ဖမ်းဆီးခံရ
DVB
·
December 28, 2021
ထောင်ချခံထားရသည့် လက်ပံတန်းနယ်မြေသတင်းထောက်၏ ဇနီးဖြစ်သူ ဖမ်းဆီးခံရ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မှာ မတရားဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရပြီး ထပ်တိုးအမှုတွေနဲ့ရင်ဆိုင်နေရတဲ့ လက်ပံတန်းနယ်မြေခံ ပဲခူး သတင်းစဉ်ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းရဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ရုံးချိန်းကို သွားရောက်တွေ့ ဆုံတဲ့ ဇနီးဖြစ်သူ မဝေဝေလွင်ကို စစ်ကောင်စီက ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

မဝေဝေလွင် နဲ့ နီးစပ်သူတဦးက “သူ့ယောကျ်ားရဲ့ ရုံးချိန်းကိုသွားတွေ့ပြီးတဲ့အချိန် ပြန်ခါနီး ညနေ ၃ နာရီခွဲပြီးလောက်မှာ မဝေဝေလွင်က ဖုန်းလာလို့ထုတ်ပြောတာကို ရဲကလုယူပြီး PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး တရားရုံးတည်းမှာပဲ ရဲကဖမ်းထားတာဗျာ။ သူတို့မှာလည်း ၂ နှစ်အရွယ် လူမမယ် သမီးလေးရှိသေးတယ်။ မိဘတွေ ၂ ယောက်လုံးကို ဖမ်းထားတော့ သူတို့သမီးလေးက ဒုက္ခပါပဲဗျာ” လို့ ပြောပါတယ်။

ကိုငြိမ်းချမ်းကို မေလ ၁၅ ရက်နေ့က သူနေထိုင်တဲ့ လက်ပံတန်းမြို့နယ်၊ ခမုံရွာမှာ စစ်ကောင်စီတပ်သားတွေက လာဖမ်းသွားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အမှုဖွင့်ကာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထောင်တွင်းတရားရုံးကနေ ထောင် ၃ နှစ်ချမှတ်ခဲ့ပြီး သာယာဝတီခရိုင်တရားရုံးမှာလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(ဂ) နဲ့ ထပ်တိုးတရားစွဲဆိုထားတာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ကိုငြိမ်းချမ်းဟာ Bagoweekly Journal ပဲခူးသတင်းစဉ်မှာ လက်ပံတန်း ငြိမ်းချမ်းအမည်နဲ့ သတင်းတွေ ရေးသားနေသူတဦးဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

မဝေဝေလွင် ထပ်မံဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ လက်ပံတန်းမြို့မရဲစခန်းကို ဆက်သွယ်ရာမှာတော့ ''ပြောလို့မရပါဘူး'' လို့သာ တာဝန်ကျရဲတဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သာယာဝတီခရိုင်မှာ လက်ပံတန်းမြို့၊ နယ်မြေခံ ပဲခူးသတင်းစဉ် (Bagoweekly Journal) သတင်းထောက် ကိုငြိမ်းချမ်း အပါအဝင် သတင်းထောက် ၂ ဦး မတရားဖမ်းဆီးထောင်ချခံရပြီး ၁ ဦးကတော့ ပြီးခဲ့တဲ့လအနည်းငယ်က ပြန်လည်လွတ်မြောက်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013