DVB Logo
Home
မြန်မာသတင်း
နိုင်ငံတွင်း ပြဿနာများကို လက်နက်ကိုင်နည်းဖြင့် မဖြေရှင်းနိုင်ဟု ကာဒီနယ် ချားလ်စ်ဘိုပြော
DVB
·
December 28, 2021
နိုင်ငံတွင်း ပြဿနာများကို လက်နက်ကိုင်နည်းဖြင့် မဖြေရှင်းနိုင်ဟု ကာဒီနယ် ချားလ်စ်ဘိုပြော
Donate to DVB

နိုင်ငံတွင်းမှာဖြစ်နေတဲ့ ပြဿနာတွေကို လက်နက်ကိုင်ပြီး ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံနဲ့ အာရှ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက မိန့်ပါတယ်။

ပစ်ခတ်တိုက်ခိုက်တာတွေမလုပ်ကြဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို တောင်းဆိုပြီး မြန်မာ့တပ်မတော်အနေနဲ့ အပြစ်မဲ့ပြည်သူတွေရှိရာကို ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ နေအိမ်တွေ၊ ဘုရားကျောင်းတွေ၊ ဆေးခန်းတွေကို ဖျက်ဆီးတာတွေ ရပ်တန့်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လည်း သူက တိုက်တွန်းပါတယ်။

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်တဲ့ ကာဒီနယ်ချားလ်စ်ဘိုက သူ့ရဲ့ သဘောထားကို ဒီဇင်ဘာ ၂၆ ရက်နေ့ ထုတ်ပြန်မိန့်ကြားလိုက်တာပါ။

ကယား(ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၃၅ ယောက် အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ဆိုးဟာ အင်မတန် စိတ်နှလုံးကြေကွဲ ဝမ်းနည်းဖွယ်ဖြစ်ပြီး အဲဒီယုတ်မာတဲ့ လုပ်ရပ်ကို လုံးဝ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်တွေ ပျက်စီးတဲ့အထိ မီးရှို့သတ်ဖြတ်ခံထားရတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ခရစ္စမတ်နေ့မှာ တွေ့မြင်ရလို့ ပိုပြီး ဝမ်းနည်းတုန်လှုပ်မိကြောင်း၊  ကမ္ဘာ့နေရာဒေသ အများစုမှာ ယေရှုခရစ်တော်ရဲ့ မွေးနေ့ရက်မြတ်ကို ပျော်ပျော်ရွှင်ရွှင်ကျင်းပနေချိန်မှာ ဖရူဆိုမြို့နယ် မိုဆိုရွာသူ ရွာသားတွေဟာ ငရဲခန်းကို ဖြတ်သန်းခဲ့ကြရသလို မြန်မာပြည်သူပြည်သား အများစုဟာလည်း သေခြင်းနဲ့ ပျက်စီးခြင်းကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

ပါးစပ်ကနေ ဖွင့်မပြောနိုင်အောင်လောက်အောင် ဆိုးဝါး လူမဆန်တဲ့ အဲဒီကျူးလွန်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေ၊ အသက်မသေဘဲ လွတ်မြောက်လာသူအားလုံးအတွက်  ပူဆွေးနာကျင်တဲ့ စိတ်နဲ့ ဆုတောင်းပေးနေတယ်လို့ မိန့်ပါတယ်။

မြန်မာပြည်တခုလုံးဟာ စစ်မြေပြင်ဖြစ်နေပြီး ခရစ္စမတ်အကြိုနေ့ကလည်း ကရင်ပြည်နယ်ထဲမှာ လေကြောင်းတိုက်ခိုက်တာတွေလုပ်လို့ ပြည်သူထောင်ပေါင်းများစွာဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဆီ ထွက်ပြေးခိုလှုံကြရသလို ချင်းပြည်နယ် ထန်တလန်မြို့ဟာလည်း အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခံခဲ့ရပြီး နိုင်ငံရဲ့ တခြားနေရာဒေသ အတော်များများမှာလည်း အလားတူ တိုက်ခိုက် ဖျက်ဆီးတာမျိုး ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ညီအစ်ကိုမောင်နှမချင်း သတ်ဖြတ်ကြတာကြောင့် ပြဿနာတွေ ပြေလည်သွားမှာမဟုတ်သလို ပြဿနာတွေကို လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကာဒီနယ်က သူ့သဘောထားမှာ ဖော်ပြထားပါတယ်။

ပြီးတော့  လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ အနေနဲ့လည်း လက်နက်ကိုင်ဖြေရှင်းတဲ့ နည်းလမ်းဟာ ပဋိပက္ခကို မဖြေရှင်းဘဲ ပိုလို့ ကြာရှည်သွားစေပြီး လူအများ ပိုသေတာ၊ ငတ်မွတ်တာ၊ ကလေးသူငယ်တွေ ပညာရေးဆုံးရှုံးတာ၊ နိုင်ငံရဲ့ စီးပွားရေးနဲ့ ကျန်းမာရေးစနစ် ထိခိုက်တာတို့ကိုပဲ ဖြစ်စေနိုင်တယ်ဆိုတာ သတိရစေလိုတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့၊ အတူရပ်တည်ပြီး  လူသားချင်းစာနာတဲ့ အထောက်အပံ့တွေပေးဖို့၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို ဖော်ဆောင်ပြီး ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် သံခင်းတမန်ခင်း နည်းလမ်းကနေ ဖိအားပေးဖို့ တောင်းဆိုနေကြပေမဲ့ သူတို့ရဲ့ လုပ်နိုင်စွမ်းဟာ အကန့်အသတ်ရှိတယ်ဆိုတာ သိထားကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ ပြဿနာတွေအားလုံးကို ကြားဝင်ဖြေရှင်းပေးနိုင်မှာမဟုတ်ဘဲ အချင်းချင်းအကြား ငြိမ်းချမ်းရေးရယူပြီး တရားမျှတတဲ့၊ ဖြောင့်မတ်တဲ့၊ ပြန်လည်သင့်မြတ်တဲ့၊ လွတ်လပ်တဲ့ အနာဂတ်နိုင်ငံတော်ကို အတူတူ တည်ဆောက်ကြရမယ်လို့ ကာဒီနယ်က ဆိုပါတယ်။

ပြီးတော့ တပ်မတော်အနေနဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်တာတွေ ရပ်တန့်ဖို့ကို ထပ် မံတောင်းဆိုပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်း  ငြိမ်းချမ်းရေးကြိုးစားဖော်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013