DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းကျေးရွာများတွင် စစ်တပ်က ဝင်ရောက်စီးနင်း၊ အိမ်များကိုဖျက်ဆီးပြီး ပစ္စည်းများယူ
DVB
·
December 27, 2021
စစ်ကိုင်းတိုင်းကျေးရွာများတွင်  စစ်တပ်က ဝင်ရောက်စီးနင်း၊ အိမ်များကိုဖျက်ဆီးပြီး ပစ္စည်းများယူ
1 / 13
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ခင်ပင်/ရွာငယ် ကျေးရွာကို  စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၂၅ ရက်မှာ  ဝင်ရောက်စီးနင်းပြီး တစ်ရွာလုံးနီးပါးရှိ နေအိမ်တွေကိုဖျက်ဆီးသွားသလို နေအိမ်အတွင်းက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့  ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့အထိ စစ်ကောင်စီတပ်က ကျေးရွာအတွင်းမှာ စီးနင်းထားဆဲဖြစ်တာကြောင့် ခင်ပင် ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အလားတူ ပေါက်တောကျေးရွာကိုလည်း  စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ခဲ့ပြီး နေအိမ်တွေကို ဖျက်ဆီးခဲ့တဲ့အပြင် ရွာသားတွေ မြေကျင်းတူးပြီး ဝှက်ထားတဲ့ ငွေ စုဘူးကိုလည်း တူးယူပြီး အထဲက ငွေတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းက ပြည်သူတွေရဲ့ ရွှေ၊ ငွေ လက်ဝတ်ရတနာတွေကိုလည်း ခိုးယူသွားတယ်လို့သိရပါတယ်။

ရေဦးမြို့နယ် ရေမြက်ကျေးရွာမှာလည်း  စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး ကျေးရွာကိုမီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက်  ကျေးရွာရဲ့ အိမ်ခြေ တဝက်ကျော်ကို မီးလောင်ပျက်စီးသွားတယ်လို့ ကျေးရွာဒေသခံတွေကပြောပါတယ်။

ရေမြက်ကျေးရွာဟာ အိမ်ခြေ ၁၄၀ ကျော်လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး နေအိမ်အလုံးရေ ၈၀ လောက်ကို စစ်ကောင်စီတပ်က  မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အခုရက်ပိုင်းတွေအတွင်းမှာ စစ်ကောင်စီတပ်က ရေဦးမြို့နယ်အတွင်းက ပေါက်တောကျေးရွာ၊ ရွာမိဿာကျေးရွာ ၊ ရေမြက်ကျေးရွာနဲ့ခင်ပင်ကျေးရွာတွေအပြင် တခြားကျေးရွာတွေကိုလည်း ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းက ကြက်ဝက်တွေကိုပါ  လိုက်လံဖမ်းဆီး စားသောက်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း  နတ်ချောင်းကျေးရွာမှာလည်း  ညလုံးပေါက်တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနဲ့ လူအင်အားဖြည့်တင်းကာ ကျေးရွာကိုဝင်ရောက် တတိယအကြိမ် ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တိုက်ပွဲမှာ ဒီဇင်ဘာ ၂၇ ရက်အထိ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိထားတယ်လို့  ချင်းအမျိုးသား အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲပြင်းထန်ပြီး နှစ်ဘက် ကျဆုံးမှုတွေရှိပေမယ့် စစ်ကောင်စီဘက်က သေဆုံးမှုစာရင်းတွေကို အတိအကျ မသိရသေးဘူးလို့ ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းနှင့်ပြည်သူ့ ဆက်ဆံရေး ကဆိုပါတယ်။

ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက စတင်ပြီး ဒီနေ့မနက်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့  လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ပ-က-ဖ က တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး  PDF (kalay)က တပ်ဖွဲ့ဝင် ၃ ဦးနဲ့  CNDF  က တစ်ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ဆိုပါတယ်။

ဒီညနေပိုင်း ၄ နာရီလောက်မှာ နတ်ချောင်းကျေးရွာကို ရဟတ်ယာဉ် ၃ စီးနဲ့ နတ်ချောင်းရွာ မြစ်ကမ်းဘေးကို ဆင်းသက်ပြီး စစ်တပ်အင်အားထပ်မံဖြည့်တင်း ဖို့ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒါ့အပြင် နေအိမ်တွေကိုလည်း တတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။  

“အခြေအနေကိုသွားပြီးအကဲခတ်တော့ သေနတ်နဲ့လှမ်းပစ်လို့ထွက်ပြေးရတဲ့သူတွေလည်းရှိတယ်။ ညနေပိုင်းလောက်ကျမှ အိမ်တွေကို မီးရှို့ နေတာတွေလည်း ဒီဘက်က မြင်နေရတယ်။ ရဟတ်ယာဉ် ၃ စီးနဲ့ အင်အားလာဖြည့်တယ်။ အခုညနေ ၄ နာရီလောက်မှ၊ လူအင်အားဖြည့်တဲ့ထဲမှာ အမျိုးသမီးတွေလည်းပါလာတယ်။  “လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

ဒီမနက် ၃နာရီခွဲလောက်က PDF (kalay ) နဲ့ CNDF   အဖွဲ့တွေပူးပေါင်းပြီး ကလေးမြို့ဗိုလ်ချုပ်လမ်း၊ ဝယ်စလီလမ်းဒေါင့်မှာရှိတဲ့ စစ်ကောင်စီ ကင်းစခန်းနဲ့ စမ်းမြို့ မူးယစ် ရဲတပ်ဖွဲ့စခန်းကိုလည်း တပြိုင်နက် တည်းဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ကလေးမြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ကလေး- ဂန့်ဂေါ လမ်းမကြီးကို မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်း လုံး၀ မပြုလုပ်ကြဖို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

နတ်ချောင်ကျေးရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၂၃ရက်က စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ အပြင် ရဟတ်ယာဉ်နဲ့ တိုက်ခိုက်လို့  ဒေသခံ ၁၀ ယောက် ထက်မနည်းသေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013