DVB Logo
Home
Lead Story
အသိဥာဏ်အားနည်း ချို့ယွင်းတဲ့ ထိုင်းကလေးငယ်တွေကို အနုပညာသုံး ကုသ
DVB
·
January 25, 2014
အသိဥာဏ်အားနည်း ချို့ယွင်းတဲ့ ထိုင်းကလေးငယ်တွေကို အနုပညာသုံး ကုသ
Donate to DVB

ထိုင်းနိုင်ငံက ဆေးရုံတစ်ရုံမှာ အသိဥာဏ်အားနည်း ချို့ယွင်းတဲ့ ကလေးငယ်များကို ကူညီပေးဖို့ ကောင်းမွန်ပြည့်စုံတဲ့ ကုထုံးတစ်ရပ်ကို သုံးစွဲနေပါတယ်။ အဲဒီရောဂါကုထုံးဟာ ကလေးတွေရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့ ပြဇာတ်အနုပညာ တင်ဆက်မှုတွေကို အသုံးပြုထားပါတယ်။

Thailand_Drama_Therapy_web_140118_672အသက် ၄၅ နှစ်အရွယ် နာခွန်နဲ့ သူ့ဇနီးတို့ဟာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆွန်ခလာကနေ ချင်းမိုင်ကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့သားဖြစ်သူအတွက် အကူအညီ ရရှိဖို့ ချင်းမိုင်က ရတ်ချနဂရင်း ကလေးသူငယ်ဖွံ့ဖြိုးမှုဌာနကို ရောက်လာခဲ့ကြပါတယ်။

သူတို့သားလေးမှာ မွေးလာကတည်းက ဦးနှောက်ချွတ်ယွင်းလို့ ကိုယ်အင်္ဂါတချို့ မလှုပ်ရှားနိုင်တဲ့ ရောဂါ ပါလာတာကြောင့် စကားပြောတတ်ဖို့ လမ်းလျှောက်တတ်ဖို့ အခက်အခဲ ဖြစ်နေရတာပါ။

“ကျနော်တို့ကို ဥပေက္ခာမပြုပဲ၊ စေတနာ ထားလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ လူတစ်ယောက်ချင်းစီရဲ့ လက်တွေ လာတွဲထားပြီးတော့ ကျနော်တို့ရဲ့ အထီးကျန်ခြင်းတွေကို ဝေမျှပေးပါ။”

အနုပညာကုထုံးရဲ့အကူအညီနဲ့ အကြောင်းအရာတွေက စပြီး ပြောင်းလဲလာပါတယ်။ ခုဆို ရောဂါသည် သားဖြစ်သူဟာ ဘီးတပ်ကုလားထိုင်ကိုသုံးပြီး လွတ်လွတ်လပ်လပ် ရွှေ့လိုက် လှုပ်ရှားလိုက်နဲ့ သူငယ်ချင်း အသစ်တွေ ရနေသလို စင်ပေါ်တက်ပြီး သီချင်းဆိုတာတွေတောင် လုပ်နိုင်နေပါပြီ။

ဒီသင်တန်းကို ဦးဆောင်လုပ်ကိုင်နေတဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး ဂျင်းနီကာလ်ဗစ်က ပြဇာတ်အနုပညာ ရောဂါကုထုံးကို သင်ကြားပေးနေတာ အနှစ် ၃၀ ကျော် ရှိနေပါပြီ။ ဂျင်းနီဟာ ဖွံ့ဖြိုးမှုပြသနာရှိတဲ့ အနုပညာရှင်တွေကို ကူညီတဲ့ ဌာနတစ်ခု အမေရိကန်မှာ တည်ထောင်ထားပါတယ်။

အမေရိကန်ရုပ်ရှင်မင်းသမီး ဂျင်းနီကာလ်ဗစ်က “စကားမပြောတတ်တဲ့ လူငယ်တစ်ယောက် ရှိခဲ့ပါတယ်။ ကျမတို့ သူနဲ့ ဒီမှာ ၂ လလောက် ရှိခဲ့တာပေါ့။ သူက စကားလဲ မပြောဘူး။ သူ့မျက်နှာမှာလဲ ခံစားမှု မပြဘူး။ ဒါပေမယ့် တလလောက် ကြာသွားတဲ့အခါမှာတော့ သူ သီချင်း စ ဆိုလာတယ်။ သူနဲ့အတူ အမြဲတမ်းရှိနေတဲ့ သူ့ရဲ့အထိန်းတော်ကဆို ငိုတောင် ငိုတယ်။ ဘာလို့လဲဆိုတော့ အရင်က အဲဒီကလေး သီချင်းဆိုတာကို သူတို့ တစ်ခါမှ မကြားခဲ့ရဖူးဘူးလေ။ အဲဒါနဲ့ နောက်ကျတော့ စကားတွေ စပြောလာတယ်။ ကျမတို့က ပြဇာတ်တင်ဆက်တဲ့နေရာမှာ ရှိနေတာလေ။ အဲမှာ သူက မိုက်ကရိုဖုန်းကို ဆွဲယူလိုက်ပြီး ပရိသတ်တွေကို စကားပြောပါလေရောရှင်”လို့ ပြောပါတယ်။


ဒီရောဂါကုထုံးဟာ သင်တန်းသားတွေရဲ့ စွမ်းရည် တိုးတက်စေဖို့ သီချင်းဆိုတာ၊ သရုပ်ဆောင်တာတွေလို ပြဇာတ်ဆိုင်ရာ အနုပညာတွေကို သုံးစွဲကုသတာပါ။ ဒါပေမယ့် ဂျင်းနီအတွက်ကတော့ ဒါထက် ပိုသာတာတွေ အများကြီး ရှိသေးတယ်လို့ ဆိုပါတယ်။

“ဒါက မသန်မစွမ်း ဖြစ်ကြရတဲ့လူတွေ ဖောက်ထွက်လေ့ မရှိကြတဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ဖောက်ထွက်တာပေါ့လေ။ အများအားဖြင့်တော့ သူတို့ကိုယ်တိုင်ရဲ့ လက်တွေ့လုပ်ဆောင်မှုအပေါ်ပဲ အရာရာက စုဆုံသွားတာပါ။ အဲဒါမျိုးပေါ့။ အိုး-- သူတို့တွေ လမ်းတွေကို ဖြတ်ပြီး လျှောက်နိုင်ကြပြီ။ အ၀တ်တွေ ၀တ်စားတတ်ပြီ။ ဘယ်လိုစားရ သောက်ရတယ် ဆိုတာ သူတို့သိလာကြပြီ။ သူတို့နေရာတွေကို ဘယ်လိုသန့်ရှင်းရမယ်ဆိုတာလဲ သိလာပြီ။ သူတို့ ဖန်တီးတီထွင်နိုင်စွမ်း ရှိကြပြီးတော့ လုပ်ဖို့ကိုလဲ အိုင်ဒီယာတွေ ရှိကြတယ်။”

ပြီးခဲ့တဲ့နှစ်ကတော့ မွေးရာပါ မသန်မစွမ်းကလေးငယ် ၄ သောင်းလောက် ရှိတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ၂၀၀၇ ခုနှစ် အမျိုးသားစစ်တမ်းအရဆိုရင် ထိုင်းကလေးငယ် ၃၀ ရာခိုင်နှုန်းကျော်ဟာ ဘာသာစကားနဲ့ အပြောအဆိုပိုင်းမှာ ပြဿနာတွေ ရှိနေတာပါ။ အဲလိုကလေးမျိုး အရေအတွက် များလာတယ်လို့ ဆေးရုံညွှန်ကြားရေးမှူး ဆမိုင် ဆီရီသွန် သာဝမ်က ပြောပါတယ်။ သူ့ဆေးရုံဟာ ခုဆို လူနာတွေနဲ့ ပြည့်နေပြီး လူဝင်ဆန့်တဲ့ပမာဏ ၂ ဆ လောက်ထိကို များနေပါတယ်။ ဖွံ့ဖြိုးမှုအားနည်းတဲ့ ကလေးငယ်အရေအတွက် တိုးလာတာကို ဒရာမာ ကုထုံးနဲ့ ကူညီဖြေရှင်း ကုသပေးနိုင်လိမ့်မယ်လို့ သူက မျှော်လင့်နေပါတယ်။

ဆေးရုံညွှန်ကြားရေးမှူး ဆမိုင် ဆီရီသွန် သာဝမ်က “ဖွံ့ဖြိုးမှု နောက်ကျအားနည်းနေတဲ့ ကလေးတွေအတွက် ပြုစုစောင့်ရှောက်ပေးတဲ့ နည်းပညာက တကယ့်ကို အသစ်စက်စက်ပါ။ ဒါကို စံထားစရာတခုလို့ သတ်မှတ်လိုက်ရင် ကောင်းတာပေါ့။ နောက်ပြီး တနိုင်ငံလုံးက တခြားဝန်ဆောင်မှုဌာနတွေကိုလည်း အဆင့်မြှင့်ပေးသင့်ပါတယ်”လို့ ဆိုပါတယ်။

အနုပညာကုထုံးဟာ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ပြနေပြီဆိုတာ ယုံကြည်နေတဲ့ ဂျင်းနီက “ကျမတို့ မနှစ်က စ လုပ်တုန်းက သူတို့တွေကို စကားပြောလာဖို့ ကျမတို့ ကြိုးစားကူညီခဲ့ရပါတယ်။ ဒါပေမယ့် သူတို့က တိုးတိုးလေးပဲ ပြောကြတယ်။ ကျမတို့ သူတို့ကို သီချင်း အကျယ်ကြီးဆိုခိုင်းလို့လဲ မရ၊ သူတို့ကို ပြုံးပြုံးလေး နေခိုင်းလို့လဲ မရသေးဘူးပေါ့။ ဒါပေမယ့်လေ သီတင်းပတ် နည်းနည်းလောက်ကြာပြီးနောက်မှာတော့ သူတို့ သီချင်းတွေ ဆိုလာတယ်။ စကားတွေလဲ အကျယ်ကြီးပြောလာတယ်။ နောက် အမူအရာတွေပါ ပြလာကြတယ်။ သူတို့နဲ့ အတူတူ လုပ်ဆောင်ပေးနေလေလေ၊ သူတို့ကိုယ်တိုင် ပိုပြီး တက်ကြွလုပ်ဆောင်လာတွေကို မြင်ရလေလေပါပဲ။ သူတို့တွေ နိုးထလာကြသလိုပေါ့ရှင်”လို့ ပြောပါတယ်။

မကြာသေးခင်ကပဲ ဦးနှောက်နဲ့အသိဥာဏ် ဖွံ့ဖြိုးမှု နောက်ကျအားနည်း ချို့ယွင်းမှုရှိကြတဲ့ ကလေးငယ်တွေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားကြတဲ့ စင်တင်ပြဇာတ် တင်ဆက်မှုတစ်ခုကို ဆေးရုံက ကျင်းပပေးခဲ့ပါတယ်။ ဇာတ်လမ်းကတော့ သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်အတွင်း တောရိုင်းတိရစ္ဆာန်တွေကို ကြိုးစားကယ်တင်ခဲ့တဲ့ ဆရာဝန်တစ်ယောက်အကြောင်းပါ။

အသက် ၂၀ အရွယ် လူနာတယောက်ဖြစ်ပြီး စင်ပေါ်မှာ ရဲရဲဝံ့ဝံ့ စွမ်းရည်ပြနေတဲ့ အွန်မ်ဆင်က “ကျနော်က ခေါင်းဆောင်မင်းသားပါ။ ကျနော် သီချင်း ဆိုပြရပါတယ်။ သီချင်းဆိုတဲ့ အမျိုးသားအဆိုတော်ပေါ့။ … နောက် ကျနော် အင်္ဂလိပ်စကားလဲ ပြောတတ်ပါတယ်”လို့ ဆိုပါတယ်။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ကန်နီကာ ပတ်ခ်ျကယောက်က ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013