Home
ဆောင်းပါး
ပြည်သူဘက်ခြမ်း‌ကနေ အမျှ‌ဝေမှာလား၊ အခွင့်ထူးခံမိစ္ဆာဘက်ခြမ်း ခဏနေ ဘဝ‌ကြွေခံမလား
DVB
·
December 25, 2021
Article

မြန်မာနိုင်ငံရဲ့ ဒီကနေ့ တိုင်းပြည်လုံးဆိုင်ရာ ပဋိပက္ခကြီးဆိုတာ အဖိနှိပ်မခံလိုတဲ့ ပြည်သူလူထု အများစုနဲ့ ဖိနှိပ်သူ အခွင့်ထူးခံလူနည်းစု‌တို့ကြားက ရှင်သန်‌ရေးဆိုင်ရာ ရုန်းကန်အားပြိုင် ရင်ဆိုင်နေကြရတဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရရင် တရားမှုနဲ့ မတရားမှု၊ ဓမ္မနဲ့ အဓမ္မ၊ ငြိမ်းချမ်းရေးလိုလားသူနဲ့ ငြိမ်းချမ်းရေး မလိုလားသူ၊ ဒီမိုကရေစီစနစ်နဲ့ စစ်အခွင့်ထူးခံစနစ်၊ ဗိုလ်ကျမခံလိုသူနဲ့ ဗိုလ်ကျစိုးမိုးလိုသူ အုပ်စု ၂ စုကြားက အသက်၊ ဘဝ ပိုင်ဆိုင်မှု အနာဂတ်တွေ‌ လောင်းကြေးထပ်ထားတာမို့ သေရေး ရှင်ရေးအတွက် အဆုံးအဖြတ်‌ပေးမယ့် ကြေးကြီးလှတဲ့ပွဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အခွင့်ထူးခံ ဆိုတာ စစ်တပ်ထဲက စစ်အခွင့်ထူးခံတွေကိုသာ ရည်ညွှန်းတာ မဟုတ်ပါဘူး။ စီးပွားရေးသမား အခွင့်ထူးခံ‌တွေ၊ ဘုန်းကြီးအခွင့်ထူးခံတွေ၊ နိုင်ငံ‌ရေးပါတီ အခွင့်ထူးခံတွေ၊ နယ်ခြားစောင့်တပ် အခွင့်ထူးခံတွေ၊ ဝန်ထမ်းအခွင့်ထူးခံတွေ၊ လူမျိုးရေး၊ ဘာသာ‌ရေး အခွင့်ထူးခံတွေအားလုံးကို ညွှန်းဆိုပါတယ်။

အထက်ကပြောတဲ့ အခွင့်ထူးခံတွေအားလုံးဟာ သမ္မတရူး ဓားပြ သူခိုး စစ်ဗိုလ် ဦးဆောင်ပြီး အာဏာလုယူအောင် ဝိုင်းဝန်းတိုက်တွန်း ထောက်ခံအားပေးခဲ့ကြတာကြောင့် နိုင်ငံတော်နဲ့ ပြည်သူတရပ်လုံးရဲ့ ဘုံရန်သူတွေချည်းပါပဲ။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူ အလိုမတူဘဲ လက်နက်အားကိုးနဲ့ အာဏာလုယူခဲ့တဲ့နေ့ကစပြီး ထင်ရှားစွာပေါ်လာတဲ့ စည်းကြီးဟာ လူ့စည်းနဲ့ ဘီလူးစည်း ခွဲခြားပေးလိုက်တာပဲ ဖြစ်ပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်လိုတဲ့ ပြည်သူတွေနဲ့ လက်နက်အားကိုး အခွင့်ထူးခံလူတစုကြားက ခြားထားတဲ့ စည်းတဖက်တချက်မှာ ရှိတဲ့ အုပ်စု ၂ စုကို ခွဲခြားစိတ်ဖြာကြည့်လိုက်ရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

(က) ပြည်သူလူထု အများစုအုပ်စုကြီးမှာ - 

(၁) သိတတ်နားလည်ပြီး အဖိနှိပ်မခံလိုတဲ့ တိုင်းရင်းသား မိဘပြည်သူတွေ

 (၂) သိတတ်နားလည်တဲ့‌ တောင်သူလယ်သမား ကျေးလက်နေပြည်သူတွေ

 (၃) သိတတ်နားလည်တဲ့ CDM အစိုးရဝန်ထမ်းတွေ 

(၄) အသိမြင့် ရဲရင့်တဲ့ ကျောင်းသားလူငယ်တွေ

(၅) အသိမြင့် အတတ်ပညာရှင်၊ အသိပညာရှင်တွေ

(၆) အသိမြင့် အနုပညာသည်တွေ

(၇) အသိမြင့် အလုပ်သမားအင်အားစု ပုဂ္ဂလိကဝန်ထမ်းတွေ 

(၈) အသိမြင့် ဈေးရောင်းဈေးဝယ်၊ လက်လုပ်လက်စား ဆင်းရဲသားတွေ

(၉) အသိမှန် လူထုသံဃာတော်တွေ

(၁၀) အသိမှန် Baby-boomer, Gen-X,Y,Z မျိုးဆက်အားလုံး

(၁၁) အသိမှန် နိုင်ငံရေးပါတီနဲ့ နိုင်ငံ‌ရေးအင်အားစုတွေ

(၁၂) နိုင်ငံရေးအသိမှန်တဲ့ တော်လှန်ရေးလက်နက်ကိုင်တွေ

(၁၃) သိတတ်နားလည်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာတွေ 

(၁၄) အသိမြင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ

(၁၅) ပြည်သူအားကိုးတဲ့ ပြည်သူ့သားသမီး NUG/CRPH/PDF တွေ ပါဝင်ကြပါတယ်။

 (ခ) အခွင့်ထူးခံ လူနည်းအုပ်စုထဲမှာ -

(၁) အခွင့်ထူးခံ စစ်ဗိုလ်စစ်သားယုတ်တွေ

(၂) အခွင့်ထူးခံ ရဲသားလူမိုက်တွေ

(၃) အခွင့်ထူးခံ ဘုန်းကြီးတွေ 

(၄) အခွင့်ထူးခံ ခရိုနီဝိသမလောဘသားတွေ 

  (၅) အခွင့်ထူးခံ နိုင်ငံရေးလုပ်စားပါတီတွေ

  (၆) အခွင့်ထူးခံ စစ်နဲ့လုပ်စား လက်နက်ကိုင်တပ်တွေ

  (၇) အခွင့်ထူးခံ အရပ်သားရာထူးကြီးသူခိုးတွေ 

  (၈) လူမျိုးရေးအခွင့်ထူးခံလိုတဲ့ မဘသအစွန်းရောက်တွေ

  (၉) ဘာသာ‌ကြီးအခွင့်ထူးခံလိုတဲ့ သင်္ကန်းအရေခြုံတွေ

  (၁၀) အသိနိမ့် Non CDM ဝန်ထမ်းတွေ 

  (၁၂) အသိနိမ့် လူစုတ်ထွေအုပ်တွေ

  (၁၃) အသိနိမ့်အခွင့်ထူးခံနောက်လိုက် ပြည်သူအနည်းစု

  (၁၄) ၅၀၀၀ စားလူမိုက်လူ့အန္ဓ၊ စွမ်းအားရှင်၊ လက်ပတ်နီ၊ ပျူစောထီးတွေ ဖြစ်ကြပါတယ်။

ဒီပွဲမှာ ကြားနေဆိုတာ မရှိပါဘူး။ ပြည်သူ့ဘက်တော်သားလား၊ ဖက်ဆစ်မိစ္ဆာဘက်သားလား ဆိုတဲ့ ၂ မျိုးသာ ရှိပါတယ်။ နိုင်ငံရေး စိတ်မဝင်စားဘူး၊ မပတ်သက်ဘူးဆိုပြီး လက်ရှောင် မမြင်ချင်‌ယောင်ဆောင်၊ ကြားနေမယ်ဆိုတဲ့ သူမျိုးဆိုတာ မတရားမှုကို မျက်ကွယ်ပြုခြင်းနဲ့ မတရားမှုပြုသူတွေနဲ့အတူ ရပ်တည်သူ အလိုလိုဖြစ်သွားတာမို့ အဲဒီလိုလူမျိုးတွေဟာ ဖက်ဆစ် ဘီလူးအုပ်စုစည်းဘက်ခြမ်းထဲ ကျသွားပါတယ်။

ဖက်ဆစ်စစ်တပ် အာဏာလုဖို့ အခါတော်ပေးခဲ့ကြတဲ့ ဘုန်းကြီးဆိုသူနဲ့ သံဃာအား ၄ သိန်း နောက်မှာရှိတယ်ထင်ပြီး မြှောက်ပင့်အား‌ပေးခဲ့တဲ့ ဘုန်းကြီးတွေဆိုတာ ဘုရားရှင် အဆုံးအမ တရားတွေသာ ရွတ်ဖတ်ပြီး ပြည်သူကို သတ်ဖြတ် သာသနာပြုအပ်တယ်လို့ အမြင်လွဲ‌နေတဲ့ ဘုန်းကြီးတွေ ဖြစ်တာမို့ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့သားတော် မဟုတ်နိုင်ဘဲ၊ ရှင်ဒေဝဒတ် သားတော်တွေလို့ပဲ ဆိုရမှာပါ။

လတ်တလော သတင်း‌တွေအရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၃၆၅ ဦး ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားတဲ့သတင်းကို ဖတ်ရပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း ဖေဖော်ဝါရီ ၁ ရက်မှ   ဒီဇင်ဘာလ ၂၃ ရက်အထိ  ပြည်သူ ၁၁၁၄၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး အယောက် ၈၂၀၀ ကတော့ လက်ရှိ ချုပ်နှောင်ခံထားရဆဲတယ်။ အဲဒီထဲက ၄၁၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၆၄ ယောက် ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၅ ယောက်ရှိခဲ့ပြီဆိုတဲ့ သတင်းကို DVB TV News သတင်းမှာ ဖတ်ရှုခဲ့ရပါတယ်။

နိုဝင်ဘာ တစ်လတည်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅၆ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်​ ကြေညာထားပါတယ်။

နိုဝင်ဘာလအတွင်းမှာ စစ်အုပ်စုရဲ့ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ ၅၉ ဦး ကျဆုံးခဲ့ရပါတယ်။ အဲဒီအထဲမှာ CDM ပြုလုပ်နေတဲ့ အမှုထမ်း အရာထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ‌တွေ ကျောင်းသား‌တွေအပြင် အရပ်သားပြည်သူ‌တွေ ပါဝင်ခဲ့ပါတယ်။ ကောက်ယူရရှိတဲ့ မှတ်တမ်းတွေအရ ညှဉ်းပန်းနှိပ်စက်မှု‌တွေကြောင့် ကျဆုံးခဲ့ရသူ ၁၄  ဦး၊ အမျိုးသမီး ၅  ဦးနဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆  ဦး ပါဝင်တယ် လို့ AAPP က ဆိုပါတယ်။

အထက်ပါကိန်းဂဏန်းနဲ့ ဖြစ်ရပ်တွေက ညွှန်ပြနေတာက ရှင်းလင်းလှပါတယ်။ အင်္ဂလိပ်စကားမှာတော့ Fighting For Survival ဆိုတာ ရှိပါတယ်။ အသက်ရှင်သန်နိုင်ရေးအတွက် အစွမ်းကုန်တိုက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

နိုင်ငံတော်ရဲ့ မူလပိုင်ရှင်ပြည်သူလူထု သန်း ၅၀ ကျော်ဟာ အချုပ်အခြာအာဏာနဲ့ အနာဂတ် ဘဝတွေကို အလုခံရရုံသာမက အသက်နဲ့ ဘဝရှင်သန်ရေးကိုပါ ထိပါးကျုးလွန်ခံလာရပြီမို့ စစ်အခွင့်ထူးခံ လူတစုနဲ့ လက်ပါးစေ လူ့အန္ဓတအုပ်ကို သူတို့ရဲ့လူသားမျိုးနွယ်အ‌ပေါ် ကျူးလွန်ခဲ့ကြတဲ့ မဟာရာဇဝတ်မှုကြီးတွေအတိုင်း ပြန်လည်အပြစ်ပေးနိုင်ဖို့အပြင် ပြည်နယ်နဲ့ တိုင်းတချို့မှာ မိမိတို့တိုင်းရင်းသား ရဟန်းရှင်လူပြည်သူတွေရဲ့ ရှင်သန်ရပ်တည်ခွင့်အတွက် အမြင့်မားဆုံး အပြင်းထန်ဆုံး တိုက်ပွဲဝင်နေကြပါပြီ။

ဒါကြောင့် နှစ်ပေါင်း ၆၀ နီးပါး စစ်တပ်ကို အသုံးချပြီး ရမ်းကားအမိန့်ပေးဖိနှိပ်နေတဲ့ စစ်ခေါင်းဆောင်တွေ၊ တာ၀န်ရှိသူတွေကို အရေးယူရေးနဲ့ စစ်တပ်တခုလုံး ပြန်လည်ဖွဲ့စည်း တည်ဆောက်ရေးကို နိုင်ငံအနာဂတ်အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ CRPH က ခန့်အပ်ထားတဲ့ ယာယီနိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင် ပြောကြားခဲ့ပါတယ်။ 

တိုင်းပြည်ကို ကာကွယ်၊ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ရမယ့်အစား စစ်ဓားပြ အာဏာလုသူပုန်တပ်ဟာ ဖက်ဆစ်ဂျပန်ထက် ဆိုးဝါးစွာ လက်နက်မဲ့ပြည်သူတွေကို သမက် မတွေ့၊ ယောက္ခမ ပစ်သတ်၊ သားသမီး မ‌တွေ့၊ အမေ အဖေ ဖမ်း၊ ဆန္ဒပြလက်နက်မဲ့လူထုကို ခေါင်းတည့်တည့်ချိန်ပစ်၊ ဦးနှောက်ထွက်ကျအောင် အနီးကပ်တေ့ပစ် စတဲ့ အရက်စက် အကြမ်းကြုတ်ဆုံး နည်းလမ်းတွေနဲ့ တရားမဲ့ သတ်ဖြတ်နေတဲ့အပေါ် အမှန်တရားဘက်က ရပ်တည်ရဲတဲ့ ယောက်ျားကောင်းတယောက်တောင် ထွက်ပေါ်မလာတဲ့ စစ်ဓားပြတပ်ရဲ့ လူသတ်လိုင်စင်ကို ဖျက်သိမ်းဖို့ တခုတည်းသောအဖြေ ဖြစ်တာမို့ လက်ရှိအာဏာလု စစ်သူပုန်တပ်ကို အပြီးတိုင် အကြွင်းမဲ့ဖျက်သိမ်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအသစ် ဖွဲ့စည်းနိုင်ဖို့အတွက် နိုင်ငံသားတိုင်း၊ ပြည်သူတိုင်းက မိမိအသက်ရှင်သန်ခွင့်ကို ကာကွယ်ဖို့ မိစ္ဆာစစ်ဘီလူးတွေကို အစွမ်းရှိသမျှ တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။

နိုင်ငံသူနိုင်ငံသားတိုင်း အမှန်တရားအတွက် ပြည်သူဘက်ခြမ်း‌မှာ နေမှာလား၊ အဓမ္မဝါဒီ စစ်အခွင့်ထူးခံမိစ္ဆာဘက်ခြမ်းဘက်မှာ နေပြီး အချည်းအနှီး အကျိုးမဲ့စွာ ဘဝ‌အကြွေခံမလား၊ ဘယ်အုပ်စုဘက်က  ရပ်တည်မှာလဲဆိုတာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာမို့ လှပတဲ့ သမိုင်းကိုယ်စီ ရေးနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024