DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ရေး ထိုင်း-မြန်မာ ညှိနှိုင်းဆဲဟု အေဂျင်စီများပြော
DVB
·
December 24, 2021
မြန်မာအလုပ်သမားများ တရားဝင်စေလွှတ်ရေး ထိုင်း-မြန်မာ ညှိနှိုင်းဆဲဟု အေဂျင်စီများပြော
Donate to DVB

မြန်မာအလုပ်သမားတွေ တရားဝင်စေလွှတ်နိုင်ရေး ထိုင်း-မြန်မာ နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်း ဆွေးနွေးနေပြီး လက်တလောမှာ မပြီးပြတ်သေးဘူးလို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနဆီတော့ တင်ပြထားတာ ရှိပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာန ဘက်က ဘာမှတော့ အကြောင်းပြန်မလာသေးပါဘူး။ အခုကတော့ နှစ်နိုင်ငံညှိနှိုင်းနေတုန်းပါပဲ။ ဆေးစစ်ဖို့နဲ့ Quarantine ဝင်ဖို့ ကိစ္စတွေအတွက် ညှိနှိုင်းနေတုန်း ရှိပါသေးတယ်။ သူတို့ ပြောနေတာကတော့ အလုပ်သမား လေးသိန်းလောက် ခေါ်မယ်ပေါ့။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံဆီကပေါ့နော်။ အဲ့တော့ မြန်မာကလည်း ခွဲတမ်းအနေနဲ့ ၁ သိန်းစွန်းစွန်းလောက်တော့ ရမှာပါ။” 

ထိုင်းနိုင်ငံက လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းဖို့အတွက် ပြည်တွင်းလုပ်သား လိုအပ်ချက်ပေါ်မူတည်ပြီး လာမယ့် ၂၀၂၂ နှစ်မှာ MOU စနစ်နဲ့ လုပ်သားတွေကို တနှစ်ပတ်လုံး ခေါ်ယူသွားမယ်လို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ်က ပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ် ဖိုင်ရို့က ထိုင်းနိုင်ငံမှာ လုပ်သားရှားပါးမှု ပြဿနာကို အချိန်မီဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကစပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှ လုပ်သားတွေကို MOU စနစ်နဲ့ ခေါ်ယူဖို့ အလုပ်ခေါ်စာ (Demand)  စတင်လက်ခံထားတယ်လို့ ပြောပါတယ်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှ လုပ်သားများ ခေါ်ယူလိုတဲ့ အလုပ်ရှင်တွေအနေနဲ့ Quarantine အတွက် စရိတ် တာဝန်ယူနိုင်ရင် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန၊ ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံး၊ မြို့တော်ဘန်ကောက်အတွင်းရှိ အလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ ခုမှာ အလုပ်ခေါ်စာတင်နိုင်တယ်လို့ ဖိုင်ရို့ က ဆိုပါတယ်။

ဒီ့အတွက် Quarantine နေရာ၊ Quarantine ကာလ နဲ့ ကျန်းမာရေး အာမခံ ရွေးချယ်မှုအပေါ်မူတည်ပြီး လုပ်သားတဦးအတွက် ခေါ်ယူစရိတ်က ဘတ် ၁၁,၄၉၀ မှ ၂၄,၂၅၀ အကြား ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှ လုပ်သား ၃၂,၂၉၅ ဦးခေါ်ယူဖို့ အလုပ်ခေါ်စာ ၂၅၅ ခု တင်ထားတယ်လို့ ထိုင်းအလုပ်အကိုင်ရှာဖွေရေး ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာန နဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့အကြား MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ မြန်မာအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကစပြီး တရားဝင်စေလွှတ်ပေးခဲ့တာ ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၂၀ မတ်လ ၁၈ ရက်နေ့အထိ ရှိခဲ့ပါတယ်။

ဒါပေမယ့် မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်စခန်းအား ပိတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားမှာ တရားဝင်အလုပ်သမားစေလွှတ်မှုမရှိတော့တာ ဒီနေ့အချိန်အထိ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆီ အလုပ်သမားစေလွှတ်ပေးနေတဲ့ အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “ကျနော်တို့ အေဂျင်စီကနေ ထိုင်းဆီ တရားဝင် စေလွှတ်ဖို့ လူ လေးရာကျော် ရရှိထားတာ။ ဒါက နှစ်နိုင်ငံအစိုးရဆီမှာ ခွင့်ပြုချက်ရပြီးသား သူတွေပါ။ ဒါပေမယ့် ကိုဗစ်ကြောင့် ရပ်သွားတယ်လေ။ ရပ်သွားတော့ စေလွှတ်လို့ မရတော့ဘူး။ ကလေးတွေမှာလည်း လုပ်ရတဲ့အပိုင်းတွေက အားလုံးပြီးနေပြီးသား။ ဟိုဘက်ကမ်းကူးဖို့ပဲ ကျန်တော့တာ။ အဲ့လူတွေတောင် အခုချိန်မှာ သွားလို့ မရသေးဘူးနော်။ အခုဆိုရင်လည်း ထိုင်းကို ပြန်သွားဖို့ လာလျှောက်ထားတဲ့ အလုပ်သမားအရေအတွက်ကလည်း အေဂျင်စီတွေမှာ တော်တော်များများ ရှိနေပါတယ်။ ဒါပေမယ့် နှစ်ဖက်အစိုးရအကြားမှာ ညှိနှိုင်းတဲ့အဆင့်တွေက မပြတ်သေးတော့ ဘာမျှလုပ်လို့ မရသေးဘူး” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ တရားဝင်သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတဦးအတွက် ကုန်ကျစရိတ်ဟာ မြန်မာအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတာ မြန်မာငွေ ကျပ် ၁ သိန်းခွဲ ရှိပြီး ထိုင်းဘက်အခြမ်းမှာတော့ work permit နဲ့ Visa၊ ကားခအတွက်က တချို့ကလည်း အလုပ်ရှင်တွေက အကုန်အကျခံပေးတာမျိုး ရှိသလို အကုန်အကျမခံရင် ထိုင်းဘတ် ၃၆၀၀ အထက်ကုန်ကျနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013