DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် တပ်ပိုင်ကွင်း ရှမ်းပြည်နယ်အစိုးရ ခွင့်မပေး
DVB
·
January 24, 2014
ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် တပ်ပိုင်ကွင်း ရှမ်းပြည်နယ်အစိုးရ ခွင့်မပေး
Donate to DVB

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၂၆ ရက်နေ့မှာ ပြည်သူနဲ့ တွေ့ဆုံပွဲ လုပ်မယ်လို့ တင်ပြတဲ့ အဝေရာကွင်းဟာ တပ်မတော်ပိုင်မြေနေရာဖြစ်တာကြောင့် ခွင့်မပြုပါဘူးလို့ ရှမ်းပြည်နယ်အစိုးရက အကြောင်းပြန်ကြားလိုက်ပါတယ်။

NLDအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ဥက္ကဌထံ ရှမ်းပြည်နယ်အစိုးရကိုယ်စား နယ်စပ်ရေးနဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက ဇန်န၀ါရီ ၂၃ ရက်နေ့က အကြောင်းပြန်ကြား လိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်တာဝန်ခံကို ဆက်သွယ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ဟဲဟိုးမြို့ ခရီးစဉ်အတွင်းမို့ ခေါ်လို့ မရသေးပါဘူး။

ဒီအကြောင်းပြန်ကြားချက်နဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်နယ်) က ဒီလုပ်ရပ်ဟာ ဒီမိုကရေစီခေါင်းဆောင်ရဲ့ ခရီးစဉ်ကို ဖျက်လိုဖျက်ဆီးလုပ်တာ၊ အများပြည်သူပိုင် အဝေရာမီးပုံးပျံကွင်းကို စစ်တပ်ပိုင်အဖြစ် သတ်မှတ်တာဖြစ်တာကြောင့် ပြင်းထန်စွာ ရှုတ်ချကြောင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်နယ်) တာဝန်ခံ ကိုနေမျိုးက ခုလို ပြောပါတယ်။

“အခုက ဒီနေ့ နမ့်စန်ကို တန်းသွားမှာပေါ့ဗျာ။ ဇန်န၀ါရီ ၂၆ ရက်နေ့ တနင်္ဂနွေနေ့မှာ တောင်ကြီး အဝေရာကွင်းမှာ လူထုဟောပြောပွဲလုပ်ဖို့ စီစဉ်ထားပြီးမှ မနေ့ည ၁၀ နာရီမှာ ဒီအဝေရာကွင်းဟာ စစ်တပ်ပိုင် ကွင်းဖြစ်လို့ ခွင့်ပြုချက်မရဘူး။ တိုက်ပွဲက ရှည်ကြာအုံးမယ်။ ဘာလို့လည်းဆိုတော့ ဒီကွင်းက စစ်တပ်ပိုင်ကွင်းဆိုရင် ဆက်လက် တိုက်သွားမှာပဲ။”

ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေနည်းလမ်း။ ပြည်သူလူထု အင်အားပြတဲ့ နည်းလမ်းတွေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဒီအဝေရာကွင်းဟာ အများပြည်သူပိုင်တဲ့ကွင်းဖြစ်ပြီး အရင်တုန်းက သစ်တောမြေလို့ သိရကြောင်းနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်လာမှ စစ်တပ်ပိုင်အဖြစ် အသိပေးတာဟာ တောင်ကြီးသူ၊ တောင်ကြီးသားတွေ အပါအ၀င် ရှမ်းလူထုကို အနိုင်ကျင့် စော်ကားတာလည်းဖြစ်တယ်လို့ ထည့်သွင်းရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညနေပိုင်းမှာ နေပြည်တော်ကနေ လေယာဉ်နဲ့ ဟဲဟိုး လေဆိပ်ကို ရောက်ရှိပါတယ်။ သူကို ဒေသခံတိုင်းရင်းသားပေါင်းစုံ အင်အား နှစ်ထောင်ကျော်က အတီးအမှုတ်တွေနဲ့ ကြိုဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟဲဟိုးကနေ မော်တော်ယာဉ်နဲ့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ရွှေညောင်၊ တောင်ကြီး၊ ဟိုပုံး၊ မိုင်းပွန်၊ လွိုင်လင်မြို့တွေကို ဖြတ်ပြီး နမ့်စန်မှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာ မိုးနည်း၊ လင်းခေးနဲ့ တောင်ကြီးမြို့တွေမှာ ဟောပြောဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်အကြီးအကဲတွေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်။

ကနဦးပိုင်းတုန်းက နမ့်စန် တပ်ပိုင်လေဆိပ်မှာ စင်းလုံးငှားလေယာဉ်ကို ခဏ ဆင်းသက်ခွင့်ပေးဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အထိ ခွင့်တောင်းမေတ္တာရပ်ခံပေမယ့် မရတာကြောင့် ဟဲဟိုးလေဆိပ်မှာ ဆင်းပြီး ခရီးဆက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013